ရေးသားသူ — ပေါ်ဦး
စိမ့်ပြီးအေးနေသော ဆောင်းရာသီကြောင့် ညမှာ ပိုပြီး တသီးတသန့် ဆန်နေသလိုဘဲဟု ခံစားမိရင်း အဝေးဆီသို့ လှမ်းကြည့်နေမိသည်။ မြင်ကွင်းရှေ့မှ သစ်ပင်တို့မှာ ငြိမ်သက်လျှက်။ တောင်ကုန်း၏ ခပ်ပြေပြေအဆင်းတွင်ရှိသော လမ်းမီးတိုင်တို့မှ အဖြူရောင်၊ အ၀ါရောင် အလင်းတွေက ခပ်စွေစွေ။ နီနီ စိမ်းစိမ်း ကားမီးရောင်တို့ကတော့ ဟိုဟိုဒီဒီ ရွေ့လျားသွားလာနေကြသည်။ မီးတိုင်တွေက ဘယ်နှတိုင်၊ ကားတွေကဖြင့် ဘယ်နှစင်း၊ ဘယ်လို ပုံသဏ္ဍာန်တွေရှိကြသည် ဆိုတာတော့ မသဲကွဲသော်လည်း ချောင်းရေစီးသံလို တဝေါဝေါနှင့် မမြင်ရသော ညပိုးကောင်တို့၏ တစီစီ တ၀ီဝီအသံများက အာရုံကို လာရောက်ရိုက်ခတ်နေမှန်း ခံစားသိနေသည်။ မျက်စိကို ပိတ်လိုက်သဖြင့် အလင်းရောင်မြင်ကွင်းတို့ ပျောက်သွားကြသော်လည်း မမြင်ရသောအသံတို့မှာ တိုးသွားလိုက် ကျယ်သွားလိုက်နှင့် ပိုလို့ပင် ပြတ်သားလာသလိုလို..။ သာယာဖွယ်အသံတွေဟု မခံစားမိသလို စိတ်ညစ်ညူးစရာဟူ၍လည်း အလွယ်တကူ သတ်မှတ်ရန် မဖြစ်နိုင်သည့် နေ့တဓူဝ ကြုံနေ ကြားနေရသော အသံများ…။
ဒီနေရာမှာ အသံ တစုံတရာလေးများ မကြားလိုက်နဲ့ ၀ိုင်းပြီးပြောလိုက်ကြ၊ သြဘာပေးလိုက်ကြနဲ့ ပွက်ပွက်ညံနေလေ့ ရှိတတ်တဲ့ ကျနော်တို့ရပ်ဝန်းက ခံစားချက် အကဲဆတ်လွန်းသူတွေ၊ ထင်တာမြင်တာလေးများ လုပ်နေပြောနေရရင် ဟဒယလေးများ လေဟပ်ပြီး လွတ်လပ်မှုဆိုတာကို အကန့်အသတ်မဲ့ အဓိပ္ပာယ်ဖွင့်ချင်နေကြသူ တစ်ချို့တစ်ချို့တွေ အကြောင်းကို ကြားနေ၊ တွေ့နေရတာကြောင့် စိတ်ထဲမရိုးမရွ ဖြစ်လာတဲ့ အကြောင်းကို အရပ်လေ အရပ်အတွေးလေးနဲ့ နည်းနည်းလောက် ၀င်ပြောချင်တဲ့ ချဉ်ခြင်း ဖြစ်လာပါတယ်။ စနစ်ဆိုး ညာဉ်ဆိုးတွေနဲ့ ယဉ်ပါးလွန်းခဲ့တော့ အကျင့်ဆိုးတွေ ဘယ်လောက်များ ကျနော်တို့ သွေးသားတွေထဲမှာ လည်ပတ်စီးဆင်းနေမယ်ဆိုတာ ရိပ်စာပြီး ဖြစ်ကြမှာပါ။ ဒါပေမဲ့ ကျနော်တို့ တစ်တွေဟာ ခံစားချက်ကြီးလွန်းသူတွေလား ဒါမှမဟုတ် လိုတာထက် ပိုနေတာများလား… ဒီလိုမှ မဟုတ်ရင်လည်း တခုခုများ လွဲနေသလားလို့ပါ။
“ဒီဘက်က၀င် ဟိုဘက်က ထွက်လိုက်ပေါ့ကွာ”
“မကြားချင်ယောင် ဆောင်နေလိုက်ပေါ့”
“မကြားချင်ရင် နားပိတ်ထားလေ….”
အဲလို ငေါ်ငေါ်တူးတူး နူတ်လှန်သံမျိုး၊ ဒါမှမဟုတ် အကြံပေးသလိုလို အသံတွေကိုလည်း ကျနော်တို့နားတွေက ယဉ်နေလောက်ပါပြီ။ ဒါဆို သူတို့ပြောသလို မကြားချင်ယောင်ဆောင်၊ နားတွေ ပိတ်ထားလိုက်ရုံနဲ့ မကြားရ ဖြစ်အောင်လည်း မဟုတ်သေးပါဘူး ဆိုတာ သိကြပြီးတဲ့ အတိုင်းပါဘဲ။ သေချာတာကတော့ ကျနော်တို့တတွေ မမြင်ရသော အသံများတွင် မမှန်းဆနိုင်သော ခွန်အားများရှိသည် ဆိုခြင်းကိုတော့ အားလုံး ငြင်းကြလိမ့်မည်ဟု မထင်မိပါ။ ကိစ္စရပ်တွေ၊ အကြောင်းတရား ဖြစ်စဉ်တွေနဲ့ အသစ်အသစ်သော အခြေအနေ အရပ်ရပ်တို့ကြောင့် အမျိုးစုံသော အသံတွေ ထွက်လာကြသလို ကျနော်တို့ ကိုယ်တိုင်လည်း အသံကို ဆာလောင် တပ်မက်ကြပါတယ်။ ပြောမယ်၊ ကြားမယ်၊ ပြီးတော့ တုံ့ပြန်မယ်။ ဒီဖြစ်စဉ် စက်ဝိုင်းလေးထဲမှာဘဲ ပျော်ရွှင်စွာ ပါဝင်ရင်း အဲဒီနောက်ကို ကျော်ကြည့်တတ်ဖို့နဲ့ နည်းနည်းလေးလောက်ဘဲ ဖြစ်ဖြစ် သည်းညည်းခံ စောင့်ကြည့်ပေးဖို့ကို မေ့လျော့နေကြသလိုပါဘဲ။
နေထိုင်ရာ ဒေသ၊ ကျင်လည်ရာ ၀န်းကျင်မှာ အသံတွေက များလာ၊ လိုတာထက် ပိုလာ လျှံလာတဲ့အခါ အသံတွေဟာ ပုံမှန် အသံအဖြစ်မှ အသံဗလံတွေ (ဆူညံသံများ) အဖြစ် ပြောင်းလဲကုန်ပါတော့တယ်။ ဒီဘက်ခေတ်မှာ သဘာဝက ထုတ်လွှတ်သော အသံများကို အထိုက်အလျောက် ထိန်းချုပ်လာနိုင်ကြပေမဲ့ လူတို့ကိုယ်တိုင်က ထုတ်လွှတ် ဖန်တီးသော အသံများကိုတော့ ဖြစ်သင့်သလောက်၊ ရှိသင့်သလောက် ထိန်းချုပ်မှုတွေရော ရှိကြပါသလား၊ ကျေနပ်လောက်စရာ အားထုတ်မှုများ မမြင်မိသည့်အပြင်… ပို၍ပင်တိုးလာ၊ များလာနေသည်ဟု ထင်နေမိပါတယ်။
တခါက ညီအကိုလို ခင်မင်ရင်းနှီးနေသော သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်း “တို့ရန်ကုန်မှာတော့ကွာ ၀ါတွင်းဘဲဖြစ်ဖြစ် သီတင်းကျွတ်ဘဲ ရောက်ရောက် အချိန်တိုင်းနီးပါးလောက်ကို လမ်းထိပ်တိုင်း ရပ်ကွက်တိုင်းက ကက်ဆက်သံ၊ လော်စပီကာသံ၊ အလှူခံသံ တညံညံနဲ့ ဆူညံနေတဲ့အပြင် မီးလေးများ လာပြီလား မဆိုလိုက်နဲ့ ဖွင့်လိုက်ကြ၊ ဆိုလိုက်ကြတဲ့ ကာရာအိုကေဆိုတာ ပွက်ပွက်ကို ညံနေတော့တာပါဘဲ…” ဟု ညည်းပြော ပြောမိရာ... “ဟာ အဲဒါတော့ ပြောလို့မဖြစ်ဘူး ထင်တယ်ဗျာ… ကျုပ်တို့ရွာမှာဆို အဲဒီလို ဓာတ်ဆက်သံလေး ကြားနေရတာကိုက အရသာတစ်မျိုးဗျ။ နေ့ဖွင့်မလား၊ ညဖွင့်မလား စပီကာနဲ့လာလာ အော်လံနဲ့ဘဲဖြစ်ဖြစ် နားငြီးတယ်လို့ တစ်ယောက်မှ ပြောသံမကြားဘူးသလို ကျုပ်တို့ ကိုယ်တိုင်လည်း သွားရင်းလာရင်း လုပ်ရင်းကိုင်ရင်းနဲ့ ပါးစပ်ထဲ ပေါ်လာတဲ့သီချင်းကို စိတ်ထဲရှိတဲ့အတိုင်း အော်ဟစ်ပြီး ဆိုပစ်လိုက်ရမှ နေသာထိုင်သာရှိတာကိုးဗျ…” တဲ့လေ။ ကျနော့်အမြင်တွင် ရပ်ဓလေ့ရွာဓလေ့ အလှူအတမ်း၊ သာရေးနာရေး ပွဲများအတွက် ရံဖန်ရံခါ သူပြောသလို ဖွင့်ကြသည်ကိုတော့ ပြောစရာမလိုသော်လည်း ဟိုဘက်အိမ် ဒီဘက်အိမ်မှ အားမနာ၊ လူမမာ မကျန်းမာသူများ ရှိမရှိကိုလည်း ဂရုမစိုက်၊ ကလေးတွေ ကျောင်းစာမေးပွဲ ရှိသည်ကိုပင် ထည့်တွက်လေ့ မရှိဘဲ ဟိုဘက်လမ်း ဒီဘက်လမ်း အပြိုင် စိတ်ထင်တိုင်းကြဲကာ သူနိုင်ငါနိုင် သီချင်းတွေ အပြိုင်ဖွင့်ခြင်းနှင့် အော်ဟစ် အလှူခံနေကြသော ဖြစ်ရပ်များ ရေချိန်အတော်မြင့်နေပြီး အမြင်မတော်လို့ ပြောမိသူများကိုပင် သာသနာဖျက်မည့် ပုဂ္ဂိုလ်များသဖွယ် တုံ့ပြန်နေကြသော မြို့ပြလူနေမှုဘ၀မှ အဆင်ခြင်မဲ့ တလွဲဆံပင်ကောင်း အပြုအမူများကို ဆိုလိုခြင်း ဖြစ်ပါသည်။ ရိုးရာဓလေ့နှင့် ကြည်နူးဖွယ် ထုံးတမ်းစဉ်လာများကို အပြစ်မြင်ခြင်း၊ အပြစ်တင်ခြင်း မဟုတ်ပါ။ နေ့လာလာ၊ ညဖြစ်ဖြစ် ဖွင့်ချင်သလောက်ဖွင့် ဟစ်ချင်သလောက် ဟစ်ရအောင်လည်း ကမ္ဘာကြီးတွင် သူပြောသလို ရွာများသာ ရှိနေသည် မဟုတ်ပါ။
ချစ်ရသူများ၏ ကြည်နူးဖွယ်အပြောနှင့် ဆွတ်ပျံ့လွမ်းမောဖွယ်အသံ၊ ရင်ကို ငြိမ်းအေးစေသော… စိတ်မွန်းကျပ်မှုကို ပြေလျော့စေသော ကရုဏာသံ၊ အားပေးသံများ ရှိသလို၊ ကြားနေရင်းနဲ့ ထပြီးအော်ချင်စိတ်တွေ ပေါက်လာစေသော၊ နားထောင်နေရင်းက ဒေါသတွေအလိပ်လိုက် ထွက်လာစေသော၊ ကြုံနေ ကြားနေရင်းနဲ့ဘဲ အားမလိုအားမရတွေဖြစ်၊ ခံပြင်းစိတ်တွေပေါ်လာ ခံပြင်းလာရာက ထပြီးပေါက်ကွဲကုန်တဲ့အထိ နောက်ဆက်တွဲ တသီတတန်းများကို ဖန်ဆင်း ဖြစ်တည်စေသော အသံတို့၏ ကြောက်မက်ဖွယ် စွမ်းအားများ။ ထို့ကြောင့်ပင် သာမန်ပုထုဇဉ် လူသားတို့၏ စိတ်နှလုံးကို အလှုပ်ခတ်စေနိုင်ဆုံး နေရာမှာ ရုပ်အဆင်းပြီးလျှင် အသံက ဒုတိယ နေရာလိုက်သည်ဟု တရားတော်တွင် မှတ်သားဖူးပါသည်။ လူယောက်ျား၊ မိန်းမ တို့၏ နှလုံးဟဒယကို လှုပ်ရမ်းစေနိုင်သော မမြင်နိုင်သော အသံတို့၏ မမှန်းဆနိုင်သော စွမ်းအားများ။
စွမ်းအားဆိုမှတော့ သုံးတတ်မှ စွမ်းတဲ့ အားတွေဖြစ်လာမှာ မဟုတ်ပါလား၊ ကိုယ်က မသုံးတတ်ရင် သုံးတတ်သူတွေက ကိုယ်ဘာမှ မသိလိုက်ချိန်မှာဘဲ ကိုယ့်ကို အသုံးချသွားနိုင်တဲ့ တစ်ပါးသူရဲ့ စွမ်းအားတွေ ဖြစ်သွားမှာပါ။ ကိုယ့်အပေါ် ဖျက်တဲ့ အဖျက်စွမ်းအားတွေ ဖြစ်မသွားရလေအောင်၊ မလိုလားအပ်တဲ့ နောက်ဆက်တွဲ စိတ်ညစ်ညူးစရာတွေနဲ့ ဆိုးကျိုးများ မပေါ်ပေါတ်စေဖို့ ထိန်းချုပ်မှုဆိုတာ လိုအပ်လာတယ်လို့ မြင်မိပါတယ်။ နောက်ဆက်တွဲအနေနဲ့ လူသားတို့ အခြေခံ လွတ်လပ်ခွင့်နှင့် လိုအပ်လာသော ထိန်းချုပ်မှုတို့ကြားမှာ ညီညွတ်စွာ အပြန်အလှန် ထိန်းကျောင်း နိုင်စေရေး အတွက် တရားမျှတမှုက အခရာ ကျလာပါတော့တယ်။
ဒီနေရာမှာ ပြဿနာတစ်ခု ထပ်ပြီး ပေါ်လာပြန်ပါတယ်။ တရားမျှတမှု၊ မှားယွင်းမှုနှင့် ကောင်းသည်၊ မှန်သည် ဆိုခြင်းများကို လူတို့၏ ခံယူထားသော အစဉ်အလာ ဓလေ့ထုံးတမ်း၊ ကျင့်သုံးလျှက်ရှိသော ဘာသာရေးစံနှုန်း၊ တည်ဆဲ ယဉ်ကျေးမှုတို့အပြင် ကျင်လည်ဖြတ်သန်းရာ သဘာဝပတ်ဝန်းကျင်၊ အတွေ့အကြုံ ခံယူချက်များဖြင့် ပေါင်းစပ်ချိန်ထိုး တိုင်းတာ ဆုံးဖြတ် တတ်ကြရာ ကွာဟချက်များ အပြင် မတူညီမှုများလည်း ပေါ်ပေါက် လာပါတော့တယ်။ လူပုဂ္ဂိုလ် တစ်ဦးချင်းလိုက်၍ အကြိုက် ကွဲနိုင်သော်လည်း အများနှင့် သက်ဆိုင်သော ယေဘုယျ စံနှုန်းများတွင် တဘက်ဘက်တွင် ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရေး အတွက် ထိန်းညှိရန် လိုအပ်လာသည့် တရားမျှတမှု ဆိုသည်မှာ “ဥပဒေနှင့်အညီ အမှားကို အပြစ်ပေး၍ အမှန်ကို စောင့်ရှောက်အပ်သော လောကစံနှုန်း ”ဟု အနှစ်ချုပ် ဆိုနိုင်ကြောင်း နားလည်ထားပါတယ်။ တပါးသူကို မထိခိုက်စေသော လွတ်လပ်မှုအပြင် သူ့နေရာမှာ ငါ ဆိုသော ချင့်တွက် ထောက်ထားမှု များကသာ နားလည်မှု၏ အခြေခ၊ံ မျှတမှုအတွက် အနီးစပ်ဆုံး ခြေလှမ်းများ ဖြစ်တယ်လို့ ကျနော် မြင်မိပါတယ်။ ရှိသာရှိပြီး သက်ဝင်ခြင်းမရှိသော ဥပဒေများ၊ ခေတ်မမီတော့သော၊ လက်တွေ့ဘ၀နှင့် ကင်းကွာလွန်းသော၊ လူ့ပတ်ဝန်းကျင်နှင့် အစပ်အဟပ် ဝေးလွန်းသော ဥပဒေသက်သက်များ အပြင်၊ မသိလိုက် မသိဘာသာသော်၎င်း၊ အမှတ်တမဲ့သော်၎င်း၊ ရည်ရွယ်ချက်ရှိရှိဖြင့်သော်၎င်း ဥပဒေ၏ မူလရည်ရွယ်ရင်းနှင့် ကွဲလွဲကာ တလွဲအသုံးချနေမှုများကြောင့် အသံညစ်ညမ်းမှုများ တိုးပွားလာနေခြင်း ဖြစ်ပါတယ်။ အသံများဖောင်းပွ ညစ်ညမ်းလာမှုနှင့်အတူ လူထုနှင့် အသံတွေအကြား အခရာကျလာသော ထိန်းညှိမှုနှင့် ပက်သက်၍ သူတို့ (အသံထုတ်လွှတ်သူများ) ဘယ်လို အကောင်အထည် ဖော်နေကြသလဲ၊ ဖော်နေလေ့ရှိသလဲ ဆိုတာတွေကတော့ ကြားနေကြရသူများ အနေဖြင့် ဆင်ခြင်ကောင်းသော အကြောင်းတစ်ရပ်လို့ မြင်မိပါတယ်။ တိုက်ရိုက်အသံ၊ တဆင့်အသံ၊ ပြန်လာတဲ့အသံ၊ တိုက်ဆိုင်မှုမှ ဖြစ်သောအသံ၊ ကောလာဟလ အသံ…. စသည်ဖြင့်ပေါ့ဗျာ။
“ဟာ ဘာလဲ.. ကြားတဲ့အပေါ် တုံ့ပြန်တာဘဲကွာ၊ ဘာများထူးလို့တုန်း။ လွတ်လပ်စွာ ပြောဆိုခွင့် ဖော်ထုတ်စည်းရုံးပိုင်ခွင့် ဆိုတာတွေက လူမှန်လျှင် ရထိုက် ပိုင်ထိုက်တဲ့ အခွင့်အရေးတွေ ဆိုတာ တရားဝင် အသိအမှတ်ပြုပြီးသားကိုများ… လာ လာချည်သေး..” ဒီလိုစောဒကမျိုး တက်ကြမယ်ဆိုရင် လည်းရပါတယ်။
ဒီအတွက်လည်း… အသံဘာကြောင့်ဖြစ် ဆိုတာ သိကြပြီးဖြစ်တဲ့အတွက် ဆက်ပြီး ဘယ်လို အသံတွေလဲ (အမျိုးအစားခွဲခြင်း) ဆိုတာနဲ့ ဘယ်လိုဦးတည်ချက် (ရည်ရွယ်ချက်သရုပ်ခွဲခြင်း) ဆိုတာကိုတော့ (အသံ ပေါ်ပေါက်ရာအရပ်နှင့် လူပုဂ္ဂိုလ်အနေအထား အသေးစိတ်တို့ကို ခဏထားပြီး) ကျနော်တို့ အနေဖြင့် အနည်းဆုံး ဆင်ခြင်သင့်တယ်လို့ ထင်ပါတယ်။ ကြည့်လေ… တယ်လီဖုန်းသံ၊ ကြော်ငြာသံ၊ ဟောပြောသံ၊ သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ တီဗွီ ရုပ်ရှင်တို့နှင့် အသံလွှင့်ဋ္ဌာနတို့မှ ထုတ်လွှတ်သောအသံများ…။
ဆက်သွယ်ရန်၊ ဖြန့်ဖြူးရန်၊ စည်းရုံးရန်၊ အသိပေးရန်၊ အကြံဉာဏ်ပေးသံ၊ မြှောတ်ပင့်သံ၊ ၀ါဒဖြန့်ရန်၊ အကဲစမ်းရန်၊ လေ့လာသုံးသပ်ရန်၊ ခြိမ်းခြောက်ရန်၊ သိမ်းသွင်းရန်နှင့် အမျိုးမျိုး အဖုံဖုံသော ရည်ရွယ်ချက်များဖြင့်၎င်း၊ တစ်ခုထက်ပိုသော ပေါင်းစပ် ရည်ရွယ်ချက် များဖြင့်၎င်း၊ ပုံမှန်မဟုတ်သော အခြေအနေများဖြင့် အရောင်စုံ အသွင်ကွဲ၊ သံတူကြောင်းကွဲ မျက်နှာဖုံးစွပ်တို့နှင့် အသံတွေ ဗလံတွေ၊ အရင်က ကြားခဲ့ ကြုံခဲ့ဖူးသလို အခုလည်းကြုံနေ၊ ကြားနေရတဲ့၊ နောင်လည်း ဆက်ရန်ပေါင်းများစွာ ကျန်နေသေးသော အသံတွေ ဗလံတွေ။ တကယ်ဗျာ… ကြည့်စမ်းပါဦး… အခုတလော အသံတွေလား ဗလံတွေလား ဟိုနေရာ ဒီနေရာမှာ ဟိုကိစ္စ၊ ဒီကိစ္စတွေကြောင့် ဟိုလိုလို ဒီလိုလို အသံတွေရော ဗလံတွေရော တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ အမျိုးကို စုံတကာစေ့လို့…။
ကြားတယ်မဟုတ်လား… အဲဒီအသံတွေလေ… ပြီးတော့
အခု ကျနော်ပြောတဲ့အသံ…၊
ဘယ်လောက်ကြားလဲ ဘယ်လိုကြားလဲ
အသံလား..
အသံဗလံလား။
အဲဒါတော့ ကိုယ့်ဘာသာ စဉ်းစားဗျာ။
***
ရုတ်တရက် စူးရှသော ကားဟွန်းသံက အတွေးများကို ရပ်တန့်သွားစေသလို မှိတ်ထားသော မျက်စေ့မှာလည်း ပွင့်သွားကာ အသံလာရာဆီသို့ ချက်ချင်းဆိုသလို လှမ်းကြည့်ပြီး ဖြစ်နေသည်။ အရှိန်ဖြင့် မောင်းနှင်သွားသော ကားတစ်စီးကို တွေ့လိုက်ရသည်။ ညဥ့်နက်နေပြီ ဖြစ်၍ လမ်းပေါ်တွင် ခုနလောက် ကားမီးရောင်စုံတို့ကို မတွေ့ရတော့။ ဖြာကျနေဆဲ လမ်းမီးရောင် တို့အောက်တွင် ကျောပြောင်ပြောင် လမ်းမကြီးက လဲလျောင်း ငြိမ်သက်နေဆဲ။ အားလုံးငြိမ်နေ၊ အိပ်စက်နေကြပြီ။ အသံများ ဘယ်အချိန် အိပ်သည်ကိုတော့ ကျနော် မပြောတက်ပါ။ ကျနော်တို့ ဘ၀တစ်လျှောက် အသံများ ဆက်၍ ကြားနေရဦးမည်ဟု ကျနော် ယုံကြည်နေမိပါတော့သည်။ ။
စာရေးသူ ပေါ်ဦးမှာ ကိုရီးယားတွင် ခေတ္တနေထိုင်လျက် ရှိသည့် စာပေ၀ါသနာရှင်တဦး ဖြစ်ပါသည်။
1 comment:
ယဉ်ကျေးမှု.ထွန်းကားသော မြို.တော်မဟာရန်ကုန်တွင်ပိုဆိုးပါသည်။ နေ.စဉ်ဆူညံသံများပြည့်နက်နေပါသည်။ အသံချဲ.စက်ဖြင့် အလှူခံသံ၊ ဘုန်းကြီးကျောင်းများမှ ၁၂ ရာသီပါတ်လုံးဖွင့်သော အော်လံသံများ၊ အိမ်ဘက်များလှည့်ထားရင်ဖြင့် စကားကိုပြောလို.မရတော့ပါ။ ဘာသာရေးကိုထိခိုက်ခြင်းမဟုတ်ပါ။ ဘာသာရေးကို ခုတုံးလုပ်ခြင်းကိုပြောခြင်းပါ။ တိရိစ္ဆာန်များအတွက် တီးရန်ထားသော ဟွန်းကို လူထံသို. နဲနဲလေးပင် ညည်းခံစိတ်မရှိ အလွန်.အကြွံ. အသုံးပြုခြင်း။ စကားပြောလျင် အော်ပြောတက်ကြခြင်း( ဈေးရောင်းခြင်းကို မဆိုလိုပါ )...အချုပ်ဆိုရသော်....ကျွှန်တော်တို သည်ကိစ္စကို ဘယ်လိုရှင်းကြမည်နည်း? နေ.တဓူဝ သည်ဝဋ်ဒုက္ခ ကိုခံစားနေရသော အသက်ကြီးအဖိုးအို အဖွားအို ပြည်သူများအတွက် နေစရာမရှိတော့ပါ။ လူသားတစ်ဦးရဲ.အခွင့်အရေး၊ ရပိုင်ခွင့်၊ လွတ်လပ်မှု.ဆိုတာ သူများကို မထိခိုက်ရဘူးဆိုတာ သူတို.တွေမသိပါ။ ယဉ်ကျေးမှု.မရှိသော ကိုယ်ချင်းမစာနာတက်သော ထိုသူများကို ယဉ်ကျေးလာအောင် ကိုယ်ချင်းစာတက်လာအောင် မည်သို.မည်ပုံပြုလုပ်ရမည်ဆိုတာ ကျွှန်ုပ်မသိတော့ပါ။ သိုပါသောကြောင့် နားယဉ်သွားစေရန် ခဏခဏနားထောင်ခြင်း ကိုယ်တိုင်လိုက်ဆိုခြင်း အော်ပြောခြင်းဖြင့် အသွင်တူအောင် နေထိုင်ခြင်းဖြင့် ကုစားရပါကြောင်း....ကွန်.မန်.ပေးအပ်ပါသည်ခင်ဗျားးးးးးးးးးးးးးး
Post a Comment