Monday, March 5, 2012

အီး-၉ ဗီဇာကြီး (၃-နှစ်ဗီဇာ) ကုန်ရက် နှင့် စာချုပ်ကုန်ရက် တူမတူ ပြဿနာ

မေးချင်တာလေးတစ်ခုရှိလို့
မင်္ဂလာပါ အစ်ကို....
ညီမရှင်းတာလေးတစ်ခုလောက်မေးချင်လို့ပါဗျာ ရှင်းပြပေးပါအုံးနော် ညီက ရွေအင်းဝနဲ့လာခဲ့တဲ့သူပါပဲ အခုဆိုညီရောက်နေတာ ၂ နှစ်နဲ့၈ လရှိပါပြီ(၁၅.၆.၂၀၀၉)ရက်နေ့ကလာခဲ့တာပါ ညီစက်ရုံတစ်ခါပြောင်းပြီးပါပြီ ။ ၁၀ လပဲလုပ်ြပီးပြောင်းတာပါ အခုလက်ရှိစက်ရုံမှာ ၁ နှစ်နဲ့၁၀ လရှိပါပြီ ခုဟာက စက်ရုံက အလုပ်လဲပါးပြီးလူတွေလဲပိုနေတယ်ဗျာ အဲတာနဲ့ ညီလဲ စက်ရုံပြောင်းချင်တာနဲ့ သူဌေးကိုပြောတာ ခုပေးမပြောင်းနိုင်ဘူးတဲ့ ၊ နှစ်ပြည့်မှပြောင်းဆိုလို့ ညီလဲ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်ဗျာ ။ အစ်ကို ဟန်းဂုရွာမှာတင်ထားတဲ့ ပို့စ်တွေကိုလည်းညီဖက်ပါတယ် ။ ညီမရှင်းတာက ၃နှစ်ပြည့်ခါနီးပြောင်းလို့ရတဲ့ အခွင့်အရေးက လက်ရှိလုပ်နေတဲ့ စက်ရုံရဲ့နောက်ဆုံး နှစ်လအလိုမှာလား ဒါမှမဟုတ် ၃နှစ်ပြည့်ခါနီး နောက်ဆုံး ၂ လအလိုမှာလားဆိုတာပါ ညီကခုစက်ရုံက ပြည့်လို့ ထွက်ရင် သုံးနှစ်ပြည့်ဖို့ တစ်လနဲ့ ရက်နှစ်ဆယ်ပဲ အချိန်ရတယ်ဗျာ အဲတာ ပြောင်းဖို့ အဆင်ပြေ မပြေလေးရှင်းပြပေးပါအုံးဗျာ ။ ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ ။
အဆင်မပြေနိုင်ဘူးထင်တယ်
စက်ရုံအသစ်ပြောင်းဖို့ အဆင်မပြေဖို့ ရာခိုင်နှုန်းများလိမ့်မယ် ။ ထွက်ပြီး ရက်၂၀ အတွင်းမှာ အလုပ်သစ် ၊ သူဌေးအသစ် နှင့် စာချုပ်ချုပ်ဖို့ အဆင်သင့် ဖြစ်နေပြီလား ။ စွန့်စားရမယ့် အလုပ်တစ်ခုဖြစ်နေမယ်ထင်တယ် ၊ မလွယ်ဘူးထင်တယ်နော် ။ အဲသလို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားနိုင်မှ ညီလေးရဲ့ နောက်တိုးဗီဇာ (၁နှစ်၁၀လ) အဆင်ပြေလိမ့်မယ် ထင်တယ် ။
စိတ်ထဲရှိတာပြောမယ်
ကိုဝိုင်းစိတ်ထဲရှိတဲ့ အတိုင်း ၊ အမှန်အတိုင်း ပြောရမယ်ဆိုလျင်တော့ စက်ရုံတစ်ရုံတည်းမှာ ၂-နှစ်နီးပါး လုပ်လာပြီးမှ ဘာဖြစ်လို့ပြောင်းနေဦးတော့မှာလဲလို့ပါ ။ နောက် ၁နှစ်နှင့် ၈လ ပဲ ကျန်တော့မှာပါ ။ သည်းခံလက်စနှင့် ဆက်ပြီး သည်းခံလိုက်စေချင်ပါတယ် ။ အဲသည်စက်ရုံ တစ်ခြားမြန်မာတွေ တစ်ခြားအလုပ်သမားတွေ မရှိဘူးလား ၊ သူတို့လုပ်နေနိုင်သေးရင် ညီလေးကရော ဘာဖြစ်လို့ မလုပ်နိုင်ရတာလဲ ။ ဟာ မဖြစ်ဘူးကိုကြီးရေ ညီလေးတော့ ၊ မဖြစ်ဘူး ၊ မဖြစ်ဘူး ၊ လုံးဝမဖြစ်ဘူး ၊ ပြောင်းကိုပြောင်းမှဖြစ်မယ်ဆိုလျင်တော့ ၊ နောက်တိုးဗီဇာ ယူပြီးမှ စိတ်ချလက်ချပြောင်းစေချင်ပါတယ် ။ စာချုပ်မိနေလို့ မပြောင်းရဘူးဆိုလျင်တော့ ၊ ဟဲ.ဟဲ ၊ ဘယ်လိုပြောရမလဲ ။ မပြောတတ်ပါဘူး ညီလေးရာ ။ (စမ်းကြည့်ချင်ရင်တော့ သူဌေးကို ၂ချက်လောက်ရိုက်ကြည့်လိုက်ပါ ။ နောက်တာနော် ၊ ဗြဲ..ဟဲ..)
၃-နှစ်ဗီဇာကြီးကုန်ရက်နှင့် စာချုပ်ကုန်ရက်မဆိုင်ဘူး
၃-နှစ် ပြည့်ခါနီးပြောင်းလို့ရတယ်ဆိုတာဟာ ဗီဇာကြီး ၃ နှစ်ကို ဆိုလိုတာပါ ။ ကိုရီးယားကို အီးပီစနစ်ဖြင့် ပထမဆုံး စရောက်တဲ့နေ့က စပြီးရေတွက်တဲ့ ရက်ပါ ။ စက်ရုံရောက်တဲ့ရက် စာချုပ်သက်တမ်းကုန်(နှစ်ပြည့်) ရက်စွဲနှင့် မဆိုင်ပါဘူး ။
အဲသည် ၃-နှစ်ဗီဇာကုန်ဆုံးရက်ဟာ ၊ စက်ရုံရောက်တဲ့ ရက် နှင့်တူရင်လည်း တူမယ် ၊ မတူရင်လည်း မတူဘူး ။ ကိုရီးယား စရောက်စဉ်ကတည်းက စက်ရုံတစ်ရုံတည်းမှာ လုပ်လာတဲ့သူဆိုရင် ရက်တူဖို့ ဖြစ်နိုင်ပေမယ့် ၊ ရုံပြောင်းရှိလာသူများအဖို့တော့ တူမှာမဟုတ်ပါဘူး ။ ဘာဖြစ်လို့တုန်းဆိုတော့ ၊ ရုံတစ်ရုံနှင့် တစ်ရုံ အကူးအပြောင်းကြားမှာ လွတ်နေတဲ့ရက် (ဂိန်ရက်)တွေကရှိနေဦးမှာမို့ပါ ။
ကြုံလို့ပြောလိုက်ဦးမယ်
ကြုံလို့ပြောလိုက်ရဦးမယ် ၊ ကိုဝိုင်းပြောတဲ့ ၃-နှစ်ကုန်ခါနီးသတိထားဆိုတာ ၊ ၃-နှစ်ဗီဇာ ကုန်တော့ ဗီဇာတိုးဖို့ လုပ်နည်းလုပ်ဟန်တွေက နည်းနည်းရှုပ်နေလို့ ၊ သာမန် ဗီဇာ တိုးတာနှင့် မတူလို့ ၃-နှစ်ဗီဇာ ကုန်ခါနီးမှာ ပေါ့ပေါ့ဆဆ မနေကြဖို့ ပြောတဲ့ဆောင်းပါးပါ ။ ကိုဝိုင်း ပြောချင်တာက တစ်ခြား ၊ နားလည်လိုက်ကြတာက တစ်လွဲဖြစ်ကုန်ပြီထင်ပါတယ် ။

အဆင်ပြေပါစေလို့ ဆုတောင်းပါတယ် ။

မေတ္တာဖြင့် -

ကိုဝိုင်း(မိုးညှင်း)
၂၀၁၂ မတ် ၅

No comments: