Saturday, October 6, 2012

အသေးစားနှင့်အလတ်စားလုပ်ငန်းများ လုပ်သားလိုအပ်ချက် ကိုရီးယားအစိုးရက ခပ်စောစော ဖြည့်ဆည်းပေးမည်

အောက်တိုဘာ ၆ ၊ ဆောအူးလ်

စက်တင်္ဘာ ၁၃ ရက်နေ့တွင် ဝန်ကြီးချုပ်ရုံးဝန်ကြီး လင်ဂျုံယုံ (Yim Jong-ryong, the Minister of the Prime Minister's Office)က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ကိုရီးယား နိုင်ငံခြားသားလုပ်သားအင်အားမူဝါဒကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ပြီး ၊အစည်းအဝေးက လာမည့် ၂၀၁၃ခုနှစ်အတွင်း အီးပီလုပ်သား ၆သောင်း၂ထောင်ခေါ်ယူမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည် ။

အဆိုပါ လုပ်သားအရေအတွက်မှာ ၊ လွန်ခဲ့သောနှစ်ထက် ၅ထောင်ပိုကြောင်း ၊ ကိုရီးယားနိုင်ငံ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ၊မွေးမြူရေးလုပ်ငန်း နှင့် ရေလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော လုပ်သားများကို အမြန်ဆုံးဖြည့်စွက်နိုင်ရန်နှင့် ၊ ထိုင်းမှိုင်းနေသော ကိုရီးယားစီးပွါးရေးလုပ်ငန်းများ အမြန်ဆုံး နှာလန်ထူလာစေရေးအတွက် ယခင်နှစ်များထက် ၃လ စောပြီး ခေါ်ယူမည်ဖြစ်ကြောင်း ၊ ၃သောင်း၉ထောင်မှာ သက်တမ်းကုန်ပြည်တော်ပြန်ကြမည့်သူများနေရာတွင်အစားထိုးရန်နှင့် လူသစ်လိုအပ်ချက် ၂သောင်း၃ထောင်ဖြစ်ကြောင်း ၊ လုပ်သား ၅သောင်း၂ထောင်မှာ လူသစ်များဖြစ်ပြီး ၊ ၁သောင်းမှာ လူဟောင်းများ(re-entrants) ဖြစ်မည်ဖြစ်ကြောင်း သိရပါသည် ။

ထို့ပြင် ၊ ကိုရီးယားအစိုးရသည် အီးပီလူသစ်အလုပ်သမားများအလိုရှိသည့် ကိုရီးယားလုပ်ငန်းရှင်များထံမှ လုပ်သားခေါ်စာ(လျှောက်လွှာ)များကို စက်တင်္ဘာလမှ အစပြု၍ လက်ခံလျက်ရှိကြောင်းနှင့် ၊ ကိုရီးယားလုပ်ငန်းရှင်များက ခေါ်ယူလိုသည့် နိုင်ငံမှ အီးပီလုပ်သားလောင်းများကို ကိုရီးယားအစိုးရက ခေါ်ယူပေးလျက်ရှိကြောင်း သိရသည် ။

မြန်မာပြည်မှ အီးပီလုပ်သားများကိုခေါ်ယူခြင်းမပြုတော့ဟု ကောလဟာလသတင်းများပြန့်နှံ့လျက်ရှိသော်လည်း အဆိုပါသတင်းမှာ အခြေအမြစ်မရှိကြောင်း ၊ သို့ရာတွင်ကိုရီးယားတွင် ရောက်နေပြီးဖြစ်သော မြန်မာအီးပီလုပ်သားများက ကိုရီးယားလုပ်ငန်းရှင်များ သဘောမတွေ့စရာ ဖြစ်ရပ်များ များများစားစားလုပ်ဆောင်နေကြမည်ဆိုလျင် ၊ ထိုကဲ့သို့သော သတင်းစကားများ မကြာခဏ ကြားသိနေကြရမည်ဆိုလျင် ၊ မြန်မာအလုပ်သမားများကို ကိုရီးယားလုပ်ငန်းရှင်များက ခေါ်ယူလိုခြင်း ရှိမည်မဟုတ်သဖြင့် ၊ မြန်မာလုပ်သားခွဲတမ်း ပိတ်သလိုမျိုး ဖြစ်သွားနိုင်ကြောင်း ၊ အီးပီစနစ်သည် ယခင် သင်တန်းသားစနစ်လို ကိုရီးယားအစိုးရက တာဝန်ခံခေါ်ယူပြီး လုပ်ငန်းရှင်များထံ ခွဲတန်းချပေးနေသည့်စနစ်မဟုတ်သဖြင့် မြန်မာလုပ်သမားများ ကိုရီးယားနိုင်ငံသို့ မည်မျှခေါ်ယူမလဲဆိုသော အချက်မှာ ကိုရီးယားလုပ်ငန်းရှင်များက မြန်မာအလုပ်သမားများကို ခေါ်ယူလိုခြင်းရှိမရှိဆိုသော အချက်ပေါ်မူတည်နေလိမ့်မည်ဟု ယူဆကြောင်း ကိုဝိုင်း(မိုးညှင်း)ကပြောပါသည် ။

No comments: