ရေးသားသူ — ကိုဘဆွေ
ကျွန်တော့် ဘ၀ထဲသို့ သူ ရောက်ရှိလာပုံက လေပြေညှင်းဆန်ဆန်
ညင်သာလှသည်။ သူ၏ ရိုးသားတည်ငြိမ်များ အောက်တွင် ကျွန်တော်က ဆည်းလည်းလေးတစ်လုံးလို သာယာချိုလွင်နေခဲ့သည်။
ထိုညက အိပ်မက်များထဲတွင် သူသည် ပန်းတစ်ပွင့်၏ ချိုမြသော ၀တ်ရည်စက်များဖြစ်ခဲ့သလို ကျွန်တော်ကလည်း
လိပ်ပြာလေးတစ်ကောင် ဖြစ်နေခဲ့ရသည်။
နောက်နေ့တွင် တွေ့သောအခါ ကျွန်တော့် လိပ်ပြာတောင်ပံများ တောင်ပံမဲ့နေရှာရဲ့။
ဒီလိုနဲ့ ကျွန်တော် မြှုပ်နှံထားသော နှလုံးသားမြို့ဟောင်းတစ်ခုကို သူက တစ်စချင်း
ညင်သာစွာ တူးဖော်ခဲ့သည်။ နောက်ဆုံးတွင်တော့ နှလုံးသားရုပ်ကြွင်း တစ်ခုဆီမှ အသက်ရှင်ကျန်နေသေးသော
သီချင်းတွေက သူ့အတွက် သုတေသနလုပ်ငန်း တစ်ခုလို စိတ်ဝင်စားစရာတွေ ဖြစ်ခဲ့ရသည်။ ထိုအချိန်မှစ၍
ကျွန်တော့် ရှင်သန်မှုများတွင် ဂီတနှင့် သူမက ကျွန်တော့်ဘ၀ နေ့ရက်များထဲ၌ အဆက်မပြတ်
အသက်ဝင် လှုပ်ရှားလျှက်။ ဤသို့ဖြင့် သူ ယူဆောင်လာခဲ့သော သီချင်းများက ကျွန်တော့်ဘ၀ကို
အိပ်မက်တွေထဲအထိ ခေါ်ဆောင်သွားပါတော့သည်။
သို့သော် ကျွန်တော်တို့ နှစ်ဦး၏ ခံစားချက်များအကြားတွင်
နံရံတစ်ချို့က ကာဆီးထားခဲ့ပါသည်။ သူက ခပ်ပေါ့ပေါ့ပါးပါး Rap သီချင်းများကို နှစ်သက်သော်လည်း၊
ကျွန်တော်ကမူ လွမ်းလွမ်းဆွေးဆွေး Pop သီချင်းကလေးများကိုသာ နှစ်သက်နေမိခဲ့သည်။ သူ့အိမ်ရှေ့တွင်
အများတကာ လာဆိုနေကျဖြစ်သော သူ့အတွက် နားငြီးစရာ အကောင်းဆုံးသီချင်းသည် ကျွန်တော့်အတွက်တော့
အချိုမြိန်ဆုံးသီချင်းတစ်ပုဒ် ဖြစ်နေခဲ့သည်။ ဤသို့ဖြင့် ရှည်လျှားခဲ့ရသော ညတာများသည်
ကမ္ဘာတစ်ခြမ်းစီ ခြားလျှက်ရှိနေသော်လည်း နီးကပ်စွာ လည်ပတ်နေခဲ့မြဲ။
မှတ်မှတ်ရရ၊ ထိုနေ့က မိုးမရွာပဲ ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းလျှက်
ရှိနေခဲ့သည်။ သို့သော် သူ ယူဆောင်ခဲ့သော သီချင်းတစ်ပုဒ်ကမူ တိုက်ဆိုင်စွာပင် ကျွန်တော်တို့
နှစ်ဦးအား အလှပဆုံး ဖမ်းစားထားခဲ့သည်။ ထိုစဉ်က ကျွန်တော်တို့ နှစ်ဦး ပျော်ဝင်ခဲ့သော
ထိုသီချင်းကိုလည်း ကိုယ်စီ ခံစားချက်အရောင်များ ကွဲနေမည်ဟုလည်း ကျွန်တော် ထင်မထားမိခဲ့ပါ။
ကျွန်တော်က ထိုသီချင်း၏ စာသားများတွင် ပျော်ဝင်ခဲ့သလို၊ သူကလည်း ထိုသီချင်းကို သီဆိုသူ၏
သာယာပိုင်နိုင်သော သီချင်းသံပေါ်တွင် ပျော်ဝင်နေခဲ့ပါသည်။
နောက်တစ်နေ့ရောက်သောအခါ ကျွန်တော်တို့ နှစ်ဦးသား ထိုသီချင်းတစ်ပုဒ်ပေါ်တွင်
လှပစွာ ငြင်းခုံရင်း အရောင်ကွဲလွဲနေခဲ့ကြပါသည်။ ကျွန်တော်က တေးရေးဆရာ၏ လှပသော စကားလုံးများကို
တရှိုက်မက်မက် မော့သောက်နေမိသလို၊ သူကလည်း သီချင်းသီဆိုသူ၏ ငြိမ့်ညောင်းပိုင်နိုင်လှသော
တေးသံတွင် ချိုမြိန်နေခဲ့သည်။ တေးရေးဆရာနှင့် အဆိုတော်တို့၏ အရေးပါပုံကို ငြင်းခုံရင်း
ညတာတွေ ရှည်လျှားခဲ့ရသည်။ မနက်လင်းသောအခါ ထိုသီချင်းသည် ကျွန်တော့် နှလုံးသားတစ်ခုလုံးကို
ဆုပ်ကိုင်ခြေမွနိုင်သော အသံဖြင့် သီဆိုထားသော သီချင်းတစ်ပုဒ်အဖြစ် ကျွန်တော့်ထံသို့
ရောက်ရှိလာခဲ့သည်။ ထိုသီချင်းသံတွင် ကျွန်တော်ကိုယ်တိုင်သည် အခိုးအငွေ့လို လွင့်ပျံ့နေခဲ့သည်။
ကျွန်တော် အရှုံးပေးလိုက်သည်။ သီချင်း
သီဆိုသူ၏ ခံစားမှုသည် သီချင်းတစ်ပုဒ်အား ပြောင်းလဲစေနိုင်ကြောင်း နားလည်သွားမိခဲ့သည်။
ကျွန်တော်က ထိုသီချင်းကို သူ သီဆိုခဲ့သည်ဟု ယုံကြည်သော်လည်း၊ သူကမူ ခါးသီးစွာ
ငြင်းဆန်နေခဲ့ပါသည်။ မည်သို့ပင်ဆိုစေ၊ ကျွန်တော့်ယုံကြည်မှုအောက်တွင်
ကျွန်တော်ကိုယ်တိုင် သူ့ကို ချစ်မိခဲ့ကြောင်း ငြင်းဆန်၍ မရနိုင်တော့ပေ။
ကျွန်တော့်ဘ၀၏ အရာရာအားလုံးကို ထိုသီချင်းသံက အဆုံးတိုင် လွှမ်းမိုး နေရာယူထားခဲ့သောကြောင့်
ဖြစ်ပါသည်။
မှတ်မှတ်ရရ၊ ထိုနေ့က အပြင်တွင် မိုးများ
သည်းထန်စွာ ရွာသွန်းနေခဲ့သည်။ သူက သူသီဆိုထားသော သီချင်း မဟုတ်ကြောင်း
ငြင်းဆန်ရင်းက ထိုသီချင်းအား ကျွန်တော့်ထံမှ ပြန်လည်တောင်းယူခဲ့သည်။
ကျွန်တော့်ထံတွင် သူနှင့် ပတ်သက်သမျှ မရှိစေချင်မှန်း ကျွန်တော် နားလည်လိုက်မိသည်။
သို့မဟုတ် ကျွန်တော်၏ စွဲလမ်းစိတ်ကို သူ တားမြစ်လိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။
ကျွန်တော် နားလည်စွာဖြင့် ထိုသီချင်းသံနှင့် ပတ်သက်သမျှ အရာရာအားလုံးကို ထိုညက
ဖျက်ဆီးခြေမွပစ်ခဲ့ပါသည်။ ထိုညက ကျွန်တော်တို့ နှစ်ယောက်လုံး
ထိုသီချင်းတစ်ပုဒ်တွင် တူညီစွာ ကြေကွဲခဲ့ကြရသည်။ မနက်လင်းသောအခါ ညက သူ
နေမကောင်းခဲ့ဘူးဟု သိခဲ့ရပါသည်။ ကျွန်တော် ဖုန်းဆက်ကြည့်သောအခါ သူက
ပျော်ရွှင်စွာဖြင့် ထိုသီချင်းအား ပြန်လည်ပို့ပေးမည့်အကြောင်း ပြောပြခဲ့ပါသည်။ ညက ညိုမှောင်သော
မိုးသားများဖြင့် သည်းထန်စွာ ရွာသွန်းခဲ့သော ကောင်းကင်သည် ယခုအခါတော့ ကြည်လင်သန့်စင်လို့
နေပြန်ပါသည်။ သို့သော် ကျွန်တော့် ရင်ထဲတွင် ယုံကြည်ချက်တို့ ကင်းမဲ့နေခဲ့သည်။
ကျွန်တော်တို့ နှစ်ယောက်ကြားတွင်
တံတိုင်းများက စည်းခြားကာရံထားခဲ့သည်။ ထိုတံတိုင်းများအား
ထိုးဖောက်ကျော်လွှားနိုင်ရန် သူ့တွင် ခွန်အား မရှိခဲ့သလို၊ ကျွန်တော်ကလည်း သူအား မခေါ်ရက်နိုင်ပါ။
ကျွန်တော်တို့ နှစ်ယောက်ကြားတွင် ထိုသီချင်းတစ်ပုဒ်သည် မည်သို့မျှ
မငြိမ့်ညောင်းနိုင်သော သီချင်းတစ်ပုဒ် ဖြစ်နေမှန်း ကျွန်တော်တို့ နှစ်ဦးသား
သိနားလည်ခဲ့ပါသည်။ ပြီးဆုံးသွားသော သီချင်းတစ်ပုဒ်အား ကျွန်တော် ပြန်လည်
မခံစားချင်တော့ပါ။
နောက်တစ်နေ့တွင် ကျွန်တော်
ဆုံးဖြတ်ချက် ချလိုက်ပါသည်။ ကျွန်တော် သူ့ကို ထပ်မတွေ့တော့ပါ။ ထို့အတွက် သူ
နားလည်ပေးနိုင်လိမ့်မည် ထင်ပါသည်။ မည်သည့်အခါမှ ပြန်လှည့်မလာနိုင်တော့သည့်
အလွမ်းမီးရထားတစ်စင်းသည် သူ၏ ဘာတာရုံကလေးဆီမှ ဝေးကွာခြင်းလမ်းဆုံအထိ တိတ်တဆိတ်
ခုတ်မောင်းသွားခဲ့ပါသည်။ ထိုမီးရထားပေါ်တွင် ကျွန်တော် တစ်ယောက်တည်းသာ တိတ်ဆိတ်စွာ
လိုက်ပါလာခဲ့ပါသည်။ ထိုနေ့မှစ၍ ကျွန်တော်သည် သူ့ရှေ့မှ တိတ်တဆိတ်
ကွယ်ပျောက်သွားခဲ့မိပါသည်။ ကျွန်တော် စွဲလမ်းခဲ့သော သီချင်းသည်လည်း
ကျွန်တော့်ထံသို့ ထပ်မံရောက်ရှိမလာခဲ့ပါ။
ယခုအခါ အရာရာသည် ပြီးဆုံးခဲ့ပါပြီ။
နေသားကျသွားသော တစ်ချိန်ချိန်တွင် သူရော ကျွန်တော်ပါ အနည်ထိုင်တည်ငြိမ်လာနိုင်လိမ့်မည်
ထင်ပါသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကျွန်တော် စွဲလမ်းခဲ့သော ထိုသီချင်းသည်လည်း
ကျွန်တော့်ထံသို့ ရောက်ရှိလာနိုင်ပါသည်။ သို့မဟုတ် ရောက်ရှိလာနိုင်လိမ့်မည်လည်း
မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ၊ ကျွန်တော်အနေဖြင့် ထိုသီချင်းအား
ဖွင့်ကြည့်ြ့ဖစ်တော့မည် မဟုတ်တော့ပါ။
သို့သော် အရာရာကို မေ့ပျောက်ထားနိုင်စွမ်း ရှိသော တစ်နေ့နေ့
တစ်ချိန်ချိန်တွင်မူ တိုက်ဆိုင်မှုများ ရှိသည့်အခါ… ၊ သူအား သတိရမိသည့်အခါ… ၊
ကျွန်တော်သည် ထိုသီချင်းအား ဖွင့်ကြည့်ဖြစ်လျှင် ဖွင့်ကြည့်ြ့ဖစ်ပါလိမ့်မည်။
သို့သော်… အသံမဲ့စွာ… … … ။
ကိုဘဆွေ
အောက်တိုဘာ ၂၈ ရက်၊ မနက် ၃နာရီ ၅၅မီးနစ်
No comments:
Post a Comment