Saturday, April 20, 2013

ကမ္ဘာ့အလုပ်သမားနေ့အထိမ်းအမှတ် ရွှေ့ပြောင်းအလုပ်သမား ဆန္ဒပြပွဲ ကျင်းပမည်

ရေးသားသူ — စိုးမိုးသူ

 လာမည့် ဧပြီ ၂၈ရက် တနင်္ဂနွေနေ့ နေ့လယ်၂နာရီ၊ ဆိုးလ်မြို့ ဘိုရှင်ဂါ့မှာ ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် ရွှေ့ပြောင်းအလုပ်သမားဆန္ဒပြပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။

ဆန္ဒပြပွဲကျင်းပမည့် နေရာတွင် မိန်းစင်မြင့်၊ အခမဲ့ အလုပ်သမားဥပဒေ အတိုင်ပင်ဌာန၊ ဆေးကုသဌာန၊
ဈေးရောင်းချပွဲ၊ ဓာတ်ပုံရိုက်ရန်နေရာ၊ အမေးအဖြေကဏ္ဍ စသဖြင့် ပျော်ရွှင်ဖွယ်၊ အထောက်အကူဖြစ်ဖွယ် အစီအစဉ်များကိုလည်း စီစဉ်ထားပါတယ်။

ဒီဆန္ဒပြပွဲမှာ
-ရွှေ့ပြောင်းအလုပ်သမား သမဂ္ဂကို တရားဝင် အသိအမှတ်ပြုရေး
-အတင်းအကြပ်ဖမ်းဆီးပြန်ပို့မှုရပ်၊ အထောက်အထားမဲ့ အလုပ်သမားများကို တရားဝင် အသိအမှတ်ပြုရေး
-ကိုရီးယားနွယ်ဝင် တရုတ်များရဲ့ သာတူညီမျှ နေထိုင်ခွင့်၊ အလုပ်လုပ်ပိုင်ခွင့်ပြုလုပ်ပေးရေး
-ရွှေ့ပြောင်းအမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု၊ ထိုးကြိတ်ရိုက်နှက်မှု ရပ်တန့်ရေး
-သာတူ အလုပ်၊ သာတူ လုပ်အားခ၊ အခြေခံလုပ်အားခနှုန်း မြင့်တင်ပေးရေး
-လွတ်လပ်စွာ လုပ်ငန်းခွင်ပြောင်းရွှေ့ခွင့်နဲ့ လုပ်ကိုင်ခွင့် သက်တန်းတိုးမြင့်ပေးရေး
-အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အလုပ်ရှင်ထက် အလုပ်သမားရဲ့ အသံကို နားထောင်ပေးရေး
စတာတွေကို တောင်းဆိုကြမှာဖြစ်ပါတယ်။ 
ဒီပွဲကို ဒီမိုကရက်တစ် အလုပ်သမားသမဂ္ဂပေါင်းချုပ်နဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဒေသအသီးသီးက အန်ဂျီအိုအဖွဲ့အစည်းများမှ ပူးပေါင်း ကျင်းပပါတယ်။
 ဒေသအသီးသီးက ရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းများနဲ့ ရွှေ့ပြောင်းအလုပ်သမားများကလည်း တက်ရောက်ကြမှာ ဖြစ်သလို သူတို့ တတ်စွမ်းတဲ့ အဆို၊ အကဖြင့်လည်း မိန်းစင်မြင့်ပေါ်မှာ တက်ရောက်
 ဖျော်ဖြေဖို့လည်း စီစဉ်နေကြပါတယ်။

မြန်မာညီအကိုတို့အနေနဲ့လည်း မိမိတတ်စွမ်းတဲ့ အနုပညာဖြင့် တက်ရောက် ဖျော်ဖြေလိုပါက ကျနော့်ထံ
မေးလ်ဖြင့် ဆက်သွယ်နိုင်ပါတယ်။smthu2006@gmail.comပါ။ 
မိမိနဲ့ ဘ၀တူ ရွှေ့ပြောင်းအလုပ်သမားများအတွက် အင်အား တက်ကြွဖွယ် တေးသီချင်း တပုဒ်လောက်
ချီးမြင့်စေချင်ပါတယ်။

ဆန္ဒပြပွဲ ကျင်းပမည့် နေရာရဲ့ လမ်းညွန်ကတော့
မြေအောက် ရထား နံပါတ်၁လိုင်းကို စီးပြီး ဂျုံဂါ့(종각)ဘူတာ ထွက်ပေါက်၎ကနေ ထွက်ပါ။ ထွက်ပေါက်က ထွက်ထွက်ချင်း ဆန္ဒပြပွဲ ကျင်းပတဲ့ နေရာကို ရောက်ပါပြီ။

ကျနော်တို့တွေ လူပီသစွာ၊ အလုပ်သမားပီသစွာ နေထိုင်နိုင်ဖို့အတွက် မိမိအရေးအတွက်
မိမိကိုယ်တိုင် ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။

No comments: