Saturday, August 24, 2013

ကွမ်းမေတ္တာစာ

ရေးသားသူ — ရွှေပြည်ငြိမ်းချမ်း

[ထောင်စုပြတင်း စာအုပ်တိုက်မှ ထုတ်ဝေတဲ့ “ကိုရီးယား - ယိမ်းနွဲ့နေသော ရောင်စုံကြာ” စာအုပ်မှာ ပါဝင်သော ရွှေပြည်ငြိမ်းချမ်းရဲ့ ကွမ်းမေတ္တာစာ ဆောင်းပါးကို ဟန်းဂုရွာမှာ ထပ်ဆင့်ဖော်ပြခြင်း ဖြစ်ပါတယ်။]



အမှန်တကယ်အားဖြင့် ဒီလိုစာမျိုးကို သူ မရေးချင်ပါ။ ကိုယ့်လူမျိုး၏ ကျန်းမာရေးနှင့် လွဲမှား နိမ့်ကျနေသည့် လူမှုစနစ်ကို တစ်ထောင့် တစ်နေရာက ဝေဖန်ထောက်ပြ အကြံပေးလိုသည့် စိတ်သက်သက်သာ ဖြစ်ပါသည်။
အမြင်မတော်တာကို တွေ့နေရလျက် ရှောင်ကွင်းသွားမည့်အစား တတ်နိုင်သည့် နေရာက လှည်းဘီး ၀င်တွန်းခြင်း ဖြစ်ပါသည်။ ကွယ်လွန်သွားရှာပြီ ဖြစ်သည့် နာမည်ကြီး အဆိုတော် မင်းသား စာရေးဆရာ သုမောင်က “ကွမ်းစကား” ဟူသော စာအုပ်တွင် အရည်လည်း မရ၊ အဖတ်လည်း မရ တစ်ခုခုသော အရသာကြောင့် ကွမ်းစားကြသည်ဟု ကွမ်း၏ အရသာနှင့် နှိုင်း၍ သူ့စာများကို တင်စားခဲ့သည်။ ကျွန်တော့်အမြင်အရဆိုပါမူ တစ်ခုခုသော အရသာ ဆိုသည်မှာ “ရောဂါ” ဟုသာ။

တစ်ခါသားတုန်းက ဖြစ်သည်။ ကွမ်းဆရာသမားတစ်ဦး သွားပြုတ်သွားသော်လည်း အမြစ်ကျန်နေသဖြင့် ကိုရီးယား သွားဆေးခန်းသို့ ပို့ဆောင်ပေးရာ “ငါ သွားဆရာ လုပ်သက် အနှစ် သုံးဆယ်ကျော်မှာ ဒီလောက် ဆိုးဝါး စုတ်ပြတ်တဲ့ သွားတွေ တစ်ခါမှ မမြင်ဖူးဘူး” ဆိုသည့် မှတ်ချက်ကလည်း ကျောချမ်းစရာ ကောင်းလှပါသည်။

ပဒေသရာဇ်ခေတ်မှ စပြီး လက်ရှိ အစိုးရအထိ ကျန်းမာရေးအရ သော်လည်းကောင်း၊ စည်းကမ်းပိုင်းတွင် သော်လည်းကောင်း ပညာပေးမှုအင်အား နည်းပါးခဲ့သဖြင့် အလှူမင်္ဂလာနှင့် အိမ်တွင်း ရိုးရာတွင် ကွမ်း ဆေး လက်ဖက်က အောင်မြင်စွာ ကြီးစိုးမင်းမူခဲ့သည်။ လူတစ်ယောက်၏ နှစ်သက်မှုကို တားဆီးပိတ်ပင်ဖို့ မကြိုးစားပါ။ သို့သော် လူတစ်ယောက်၏ စည်းကမ်းဖောက်ဖျက်မှုကြောင့် လူအများ မျက်နှာငယ်ရသည်ကို လက်မခံနိုင်ပါ။

ကျန်ခဲ့သည့် နှစ်အနည်းငယ်က အမေရိကန်ရှိ မြို့လေးတစ်မြို့၏ အ၀တ်လျှော်ဆိုင်တွင် “မြန်မာနဲ့ ခွေး မ၀င်ရ” ဟူသော ပြဿနာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။ စည်းကမ်းမဲ့သော မြန်မာတချို့၏ ကွမ်းတံတွေးမှ စတင်ခဲ့သည်။ မလေးရှားတွင်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်လောက်က ကွမ်းပြဿနာ အကြီးအကျယ် တက်ခဲ့ဖူးကြောင်း သိရပါသည်။ ကိုရီးယားတွင်လည်း Myanmar Town ဘူဖျောင်းဘူတာအနီးရှိ လမ်းမလမ်းကျဉ်းများမှာ ကွမ်းတံတွေးဒဏ်ကို နာကျင်စွာ ခံစားနေရသည်။

အလည်ရောက်လာသည့် ဧည့်လုပ်သားများကို အိမ်ရှင်တို့၏ သည်းခံနိုင်စွမ်းက စိန်ခေါ်စရာအဆင့်သို့ ရောက်လာသည်။ ကိုရီးယားသည် စင်္ကာပူလို စည်းကမ်းပိုင်း တားမြစ်ပိတ်ပင်မှု မပြင်းလှသော်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သည့် ဥပဒေကို ပြဋ္ဌာန်းထားသည်။ အထွေးမတော်က တစ်ခါတည်းနှင့် အိမ်ပြန် အပို့ခံရနိုင်ပါသည်။

အကျည်းတန် အရုပ်ဆိုးသော သွားပိုင်ရှင်များက သွေးနှင့်ဆင်သော အရည်များ ထွေးထုတ်သည်ကို အမှတ်တမဲ့ မြင်တွေ့ရသည့် ယဉ်ကျေးမှုချင်း အတော်အတန် အလွန် ကွဲပြားသော အိမ်ရှင်များသည် ထိတ်လန့်ကြသည်။ လေအေးစက် အပြည့် လွှတ်ထားသော မြေအောက်မီးရထားထဲတွင်၊ ကုလားပြည်က လာသော အနံ့ပြင်းပြင်း ဆေးကို အသည်းရောင် အသားဝါ ဖြစ်စေသည့် အရွက်ထဲတွင် စနစ်တကျ စစ်ဆေးမှု မရှိဘဲ ဖုန်ကပ်နေသည့် မာကျောကျောအသီး၏ အစိတ်အပိုင်း အချို့နှင့် ထုပ်ပိုး၍ ၀ါးမျိုနေသော လူတစ်ယောက်၏ အနံ့ကို ရွံရှာစက်ဆုပ်စွာ ရှောင်ကွင်းနေသည့် မြင်ကွင်းကလည်း ရင်နာစရာ။

အဖြူရောင်ရှိသည့် ကယ်လဆီယမ်ကို သူ၏ ခံတွင်းထဲက သွားအံပုံကို ချေမှုန်းပစ်ရန် တစ်ယာပြီး တစ်ယာ စေလွှတ်ကြ၏။ ဟုတ်ပါသည်။ အမှန်တကယ် ရပါသည်။ ရောဂါပေါင်းစုံ ရပါသည်။ တစ်ခုခုသော အရသာထက် ပိုသော ရေစီးကမ်းပြို၊ သွားကျိုး၊ သွားကျဲ၊ သွားပြုတ်၊ လျှာထူ၊ အငန်စား၊ သွေးတိုး၊ တီဘီနှင့် အသည်းရောင် အသားဝါ စသည်။

လူပြိန်းတစ်ယောက် အမြင်တွင် ဤမျှ ဆိုးဝါးနေလျှင် ကျန်းမာရေး ပညာရှင်၏ ယူဆချက်များဆိုပါက မတွေးဝံ့စရာ။ ကိုရီးယားတွင် ချူးဆော့ဂ် (ကောက်သစ်စားပွဲတော်)၊ ဆောလတ် (နှစ်သစ်ကူးပွဲတော်) စသည့် ပိတ်ရက်ကြီးများ ရောက်တိုင်း ဘူဖျောင်းမြို့တွင် ကွမ်းမုန်တိုင်းကြီး တိုက်ခတ်တတ်ပါသည်။ စည်းကမ်းမဲ့သော လူအချို့ကြောင့် အမျိုးသားရေး သိက္ခာ ညှိုးနွမ်းရသည်ဟု ဆိုလျှင် ကွမ်းဆရာများ စိတ်မဆိုးသင့်ပါ။ လွဲမှား နိမ့်ကျနေသော အပြုအမူနှင့် အတွေးအခေါ်ကို ကွမ်းတံတွေးနှင့်အတူ ခွက်တစ်ခု ဆောင်၍ ထွေးစေလိုပါသည်။

အခွင့်အရေး ဆိုသည်မှာ လူတိုင်းမှာ ရှိပါသည်။ စံ စည်းမျဉ်း အသိတရားနှင့် စပ်လျဉ်း၍ လူ့ဘောင်လောကတွင် ယေဘုယျ ပညတ်ချက်များ ရှိပြီး ဖြစ်သည်။ “ကလေးတောင် သိတယ်၊ ခွေးတောင် သိတယ်” ဆိုသည့် အသိ သတိမျိုး မရှိပါက ကိုရီးယားတွင်လည်း “မြန်မာနဲ့ခွေး မ၀င်ရ” ဆိုသည့်စကား မပေါ်လာဟု မပြောနိုင်။

ကွမ်းဆရာများအနေနှင့် မိမိကိုယ်မိမိ လေးစားသောအားဖြင့် ကွမ်းကို သတိထား စားကြဖို့ အမုန်းခံ၍ တိုက်တွန်းအပ်ပါသည်။

ရွှေပြည်ငြိမ်းချမ်း

1 comment:

mobile said...

ကျွန်တော်နဲ့သိတဲ့ကုန်စုံဆိုင်(ဆူဖော)ပိုင်ရှင် အဘွားကြီးဟာ ပန်းကိုအလွန်ချစ်ပါသည် ဆိုင်ထဲမှာလည်း ဈေးထဲကဝယ်ထားတဲ့ ပန်းအိုးတွေနဲ့ပြည့်နေတတ်တယ် ပိတ်ရက်တစ်ရက် ရေလောင်းရင် မေ့ပြီး ဆိုင်လေးရဲ့ ဘေးမှာ ပန်းအိုးလေးကျန်ခဲ့တယ်..နောက်တစ်ရက်(monday)မှာ ကျွန်တော်ကိုခေါ်ပြီးပန်းအိုးလေးပြတယ် စည်းကမ်းမဲ့စွာ ကွမ်းစားတတ်တဲ့ လူတစ်ချို့ကြောင့် ပန်းအိုးက ကွမ်းတံတွေးတွေနဲ့ ပြည်နေတာ မြင်လို့မကောင်းဘူး...ကျွန်တော်နဲ့ဘာကွိုင်းမှမရှိတဲ့ အဘွားကြီး သူကျွမ်းကျင်တဲ့ ဘာသာစကားနဲ့ဆဲပါလေရော... အဲဒီနောက်ပိုင်း ကျွန်တော်အပါအဝင် ဘာမှမဆိုင်တဲ့မြန်မာတွေကိုလည်း အထင်သေးစွာ ဆက်ဆံလာတယ် ရိုင်းစိုင်းစွာဆက်ဆံလာတယ် အရင်ကမြန်မာတွေကို ပန်းလိုချစ်တတ်တဲ့(အဘွားကြီး)စိတ်ပြောင်းအောင် ဘယ်သူလုပ်လိုက်တာလဲ..မိတ်ဆွေတို့ လှပတဲ့အိမ်ရှေ့မှာ လူများကွမ်းတံတွေးလာထွေးရင် ကြည်ကြည်ဖြူဖြူလက်ခံနိုင်မလား.....စည်းကမ်းမဲ့စွာကွမ်းတံတွေးထွေးတဲ့ လူတစ်ချို့ စိတ်ဓါတ်လေးတွေ ပြင်ပြီး စည်းကမ်းရှိစွာ ခွက်လေးကိုင်ပြီး စားပါလို့ပြောပါရစေ.....