Friday, October 11, 2013

ကျနော်တို့ တိုင်းရင်းသားပြည်သူတွေလိုချင်တာ အစစ်အမှန်

>
မြန်မာအစိုးရခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နဲ့ KNU အဖွဲ့မှ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး စောမူးတူးဆေးဖိုးတို့ ဘားအံမြို့မှာ ၂၀၁၁ ဇန်န၀ါရီလ ၁၂ ရက်နေ့က အပစ်ခတ်ရပ်စဲရေး ပဏာမလက်မှတ်ရေးထိုးနေကြစဉ် RFA

ရေးသားသူ — ဝင်းလှိုင်

ကျနော်တို့ တိုင်းရင်းသားပြည်သူတွေ လိုချင်တာအစစ်အမှန်ဆိုတော့ မြန်မာပြည်သမိုင်းမှာ အတုအယောင်တွေရှိခဲ့လို့နေမှာပေါ့ နော်..... ရှိတာပေါ့ဗျာ....ရှိတာမှ စစ်အာဏာရှင်တွေ အုပ်ချုပ်ခဲ့တဲ့သမိုင်းတလျှောက်မှာ အတုအယောင်၊ အလိမ်အညာ၊ အဖြီးအဖြန်းတွေနဲ့ ကြီးကို ကျနော်တို့ တိုင်းရင်းသားပြည်သူတွေ တွေ့ခဲ့ကြတာ။

၁၉၆၂ ၊ မတ်လ(၂)ရက်နေ့မှာ ဗိုလ်နေဝင်းအာဏာသိမ်းတော့ တိုင်းပြည်ကြီး ပြိုကွဲတော့မယ်ဆိုပြီး လိမ်ညာခဲ့တယ်။ အာဏာသိမ်းပြီး (၄)လအကြာ ဇူလိုင် (၇)ရက် နေ့မှာပဲ ပြည်သူ့အာဏာကိုအဓ္ဓမသိမ်းပိုက်ထားတဲ့ ဗိုလ်နေဝင်းအစိုးရကို ဆန္ဒပြနေတဲ့ရန်ကုန်တက္ကသိုလ်ကျောင်းသား တွေကို မညှာမတာ၊ ရက်ရက်စက်စက် အသစ်စက်စက် ဂျီသရီး မောင်းပြန်သေနတ်တွေနဲ့ သတ်ဖြတ်ပြလိုက်ပြီး၊ နောက်တနေ့ မနက်လင်းအားကြီး အချိန်မှာပဲ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံကို မိုင်းဗုံးထောင်ဖေါက်ခွဲပစ်လိုက်တယ်။ ဖောက်ခွဲဖို့ ဘယ်သူအမိန့်ပေးတာလဲဆိုတာကို သေသာသွားကြတယ် သတ္တိခဲစစ်သားကြီးတွေ ပြောမသွားခဲ့ကြဘူး။ ၁၉၆၃ မှာလည်း အတုအယောင် ပြည်တွင်းငြိမ်းချမ်းရေးပွဲကြီး လုပ်တော့ အစကတည်းက အစစ်အမှန်မဟုတ်တော့ ၊ ဘယ်မှာလာ ငြိမ်းချမ်းရေးပွဲကြီးက အထမြောက်မှာလဲ။ ပွဲမပြီးခင်မှာပဲ လက်နက်ကိုင်တွေ တောတွင်းကို ပြန်ဝင်သွားခဲ့ကြတယ်။ ပြည်တွင်းကလူတွေကတော့ ထောင်နန်းစံရတာပေါ့။ ၁၉၇၄ ကျတော့ ဖွဲ့စည်းပုံအသစ်ရေးဆွဲပြီး မဆလ တပါတီအာဏာရှင်စံနစ်ထောင်ပြီး ဗိုလ်နေဝင်းကနေ ဦးနေဝင်းထံကို ခပ်တည်တည်ပဲ အာဏာလွဲပြီး တိုင်းပြည်ကိုအုပ်ချုပ်ပြန်တယ်။ (၂၆) နှစ်လုံးလုံး ဗိုလ်နေဝင်းထင်သလို အုပ်ချုပ်လိုက်တာ တိုင်းပြည်လည်း ပြာပုံဘဝကို ရောက်သွားတော့တာပဲ။

၁၉၈၈ လဲကျရော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေ လှည်းနေလှေအောင်းမြင်းစောင်း မကျန်လမ်းမပေါ်ထွက် ဆန္ဒပြပြီး မဆလတပါတီအာဏာရှင် စံနစ်ကို မြေလှန်ပြစ်လိုက်တယ်။ ၁၉၈၈၊ စက်တင်ဘာလ (၁၈) ရက် နေ့မှာ တိုင်းပြည်ချောက်ကမ်းပါးထဲ ကျခါနီး လက်တစ်လုံးအလိုမှာ တပ်မတော်က ထပ်ကယ်တင်လိုက် ပြန်တယ်။ (ကယ်တင်ရှင်ကြီးတွေ ထပ်အာဏာသိမ်းပြန်တယ်)

၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင် ဗိုလ်ချုပ်ကြီးစောမောင်က “ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရတဲ့ ပါတီကို အာဏာလွဲပေးပြီးရင် ကျနော်တို့စစ်တပ်က စစ်တန်းလျာပြန်မယ်” ဆိုပြီး ပြောခဲ့တာ မှတ်မိသေးတယ်နော်။ တကယ့်ယောင်္ကျားရင့်မာ စစ်သားကြီးတွေ ကတိတည်တယ်နော် အခုထက်ထိ လွှတ်တော်ထဲမှာ အရှက်မရှိပဲ ၂၅% စစ်သားကိုယ်စားလှယ်(မရွေးအမတ်)တွေ ထိုင်ငိုက်မြည်း နေတာမြင်ပြီးကြပြီနော်။

၉၀- ရွေးကောက်ပွဲမှာ NLD လဲအပြတ်အသတ်အနိုင်လည်းရရော ၊ ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ တိုင်းပြည်အုပ်ချုပ်ဖို့မဟုတ်၊ ဖွဲ့စည်းပုံရေးဆွဲဖို့ ဆိုပြီး လိမ်ပြန်တယ်။ NLD ကနေပြီး လွှတ်တော်အမြန်ဆုံးခေါ်ပေးဖို့ တောင်းဆိုလို့ဆိုပြီး NLD ရွေးကောက်ခံကိုယ်စားလှယ် အကုန်နီးပါးကို ထောင်ချညှဉ်းဆဲလိုက်တယ်။ ၁၉၉၃ မှာ (၉၀) ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေအများစု မပါပဲ သူတို့စိတ်ကြိုက်ရွေးချယ်ထားတဲ့ လူတွေနဲ့ပဲ ညောင်နှစ်ပင်ညီလာခံခေါ်ပြီး အခုပြဿနာ တက်နေတဲ့ သန္ဓေမမှန်တဲ့ (၂၀၀၈) ဖွဲ့စည်းပုံကို ၁၅-နှစ် အချိန်ယူပြီး စစ်တပ်အကြိုက်ရေးဆွဲတယ်။ အဲဒီတုန်းက ညောင်နှစ်ပင်ညီလာခံ ရဲ့ ဥက္ကဌကြီးက ဦးသိန်းစိန်နော်။ သမိုင်းမှာ မှတ်သားထားရမယ့် ဟာတွေပေါ့ဗျာ။

၂၀၀၃၊ မေ(၃၀) ဒီပဲယင်းလုပ်ကြံမှုကြီးကို မှတ်မိကြအုံးမှာပါ။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD အဖွဲ့ဝင်တွေကို လုပ်ကြံဖို့ကြိုးစားတာ မအောင်မမြင်လဲဖြစ်ရော ဗိုလ်ခင်ညွန့်က လမ်းပြမြေပုံ (၇)ချက်ကိုရေးဆွဲပြပြီး ကျနော်တို့ တိုင်းရင်းသားပြည်သူတွေကို ချွေးသိပ်ပြန်တယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးလည်းဖြစ်ရော သိပ်မဟန်တော့ဘူးဆိုတာသိတဲ့ ဗိုလ်သန်းရွှေဟာ ၁၉၉၃ ကတည်းက အချိန်တွေဆွဲလာတဲ့ ဖွဲ့စည်းပုံ ကိုအပြီးရေးဆွဲခိုင်းပြီး ၂၀၀၈ နာဂစ်လေမုန်တိုင်းကြောင့် တတိုင်းပြည်လုံး စိတ်သောက ရောက်နေတဲ့ အချိန်မှာပဲ အတင်းအကြပ်နဲ့ အတုအယောင်ပြည်သူ့ဆန္ဒ ခံယူပြီး အတည်ပြုခဲ့တယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ NLD မပါဝင်နိုင်အောင် မတရားတဲ့ ရွေးကောက်ပွဲဥပဒေတွေကို ပြဌာန်းပြီး ကလိမ်ကကျစ် ကြိုတင်မဲတွေနဲ့ ကြံ့ဖွတ်ပါတီကို အနိုင်ရ အောင်လုပ်ခဲ့တယ်။ ဗိုလ်သန်းရွှေရဲ့ အလိုကျ ဗိုလ်သိန်းစိန်ဟာ သမ္မတဖြစ်လာခဲ့တယ်။

အဓိက ကျနော်ဆိုလိုချင်တာက ပြည်တွင်းငြိမ်းချမ်းရေးပဲ။ အာဏာရှင်တွေ တယောက်ပြီးတယောက်ပြောင်းသွားပေမဲ့ တကယ့်စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကို ယခုလက်ရှိအုပ်ချုပ်နေတဲ့ အရပ်သားအစိုးရအမည်ခံ ဗိုလ်သိန်းစိန်လက်ထက်အထိ မဖော်ဆောင်နိုင်သေးဘူး။ ဘာကြောင့်လဲ။ ရှင်းနေ တာပဲဗျာ။ လိမ်နေလို့ ညာနေလို့ပဲပေါ့ဗျာ။ သူတို့ လုပ်တဲ့ငြိမ်းချမ်းရေးက သူတို့ အာဏာတည်မြဲအောင်လုပ်တဲ့ငြိမ်းချမ်းရေး။ လက်နက်ကိုင်တိုင်းရင်းသားတွေကို လက်နက်ချခိုင်းပြီး အလုံးစုံပျက်သုဉ်းရေးလမ်းကြောင်းကိုပဲလုပ်ခဲ့တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းကို လုပ်ပိုင်ခွင့် အထူးပါမစ် တွေပေးပြီး အချင်းချင်းသွေးကွဲအောင်လုပ်တဲ့နည်းကိုပဲ တလျောက်လုံးအသုံးပြုခဲ့တယ်။ ယခုလက်ရှိ ဗိုလ်သိန်းစိန် အစိုးရလက်ထက်တိုင်အောင်ပဲ ဒီနည်းကိုပဲ အသုံးပြုနေတုန်းပဲဆိုတာ တွေ့နေရတယ်။ တိုင်းရင်းသားတွေ တကယ်လိုလား တောင်းတနေတဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတဲ့ အရာတွေကို လှစ်လျုရှုနေအုံးမယ်ဆိုရင်တော့ ဘယ်တော့မှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမှာမဟုတ်ဘူးလို့ပဲဆိုချင်ပါတယ်။ (၂၀၀၈) ဖွဲ့စည်းပုံထဲမှာလည်း တိုင်းရင်းသား တွေအတွက် ဘာအာမခံချက်မှာ ပေးမထားတဲ့အတွက် ပြဿနာတွေတက်နေရတာဖြစ်တယ်။

ဒါကြောင့် ဗိုလ်သိန်းစိန်အစိုးရအနေနဲ့ တကယ့်စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ်ဆိုရင်တော့ ပထမဦးဆုံးရိုးသားဖို့လိုပါတယ်။ ကိုယ့်တိုင်းရင်းသားညီအစ်ကိုတွေကို တကယ့်သွေးရင်းသားရင်းလို သဘောထားပြီး တန်းတူဆက်ဆံဖို့လိုပါတယ်။ တိုင်းရင်းသားညီအစ်ကိုတွေ လိုလားတောင်းတ နေတဲ့ တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစံနစ်ဖြစ်ဖို့ အတွက် (၂၀၀၈ ) ဖွဲ့စည်းပုံကို ရဲရဲရင့်ရင့် ပြတ်ပြတ်သားသားနဲ့ပြင်ဆင်ပေးဖို့လိုသလို ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ ကိုက်ညီဖို့လည်း လိုပါတယ်။ လွှတ်တော်ထဲမှာ အလကားထိုင်ငိုက်နေတဲ့ ၊ တိုင်းပြည်ကောင်းကျိုးအတွက်ဘာမှ အားမကိုးရတဲ့ မရွေးအမတ် ၂၅% ကိုလည်း အမြန်ဆုံးဖယ်ရှားဖို့ လိုတယ်ဆိုတာကို ပြောကြားလိုပါတယ်။

အားလုံးကိုလေးစားလျက်
ဝင်းလှိုင် (၁၁.၁၀.၂၀၁၃)

No comments: