Monday, December 2, 2013

ဆက်နှစ်မယ့် ဆယ့်နှစ်


                                               constitution pic dvb.no

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့အတွက် ဒီမိုကရေစီစနစ်ကို သွားနေပါတယ်ပြောတဲ့ စစ်အုပ်စုတဖြစ်လဲ လက်ရှိအစိုးရဟာ ပြည်ထောင်စုလွှတ်တော်ကနေတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေးကော်မတီဖွဲ့ပြီး ပြင်ဆင်ဖို့ကြိုးစားနေတာကတော့ ရပ်သိရွာသိ ကမ္ဘာသိ ဟိုးလေးတကျော်ကျော် ဖြစ်နေလေရဲ့။ သမ္မတဦးသိန်းစိန်ကိုယ်တိုင်က ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဆိုတဲ့ အခန်းကို ထည့်သွင်းရေးဆွဲထားတာပါလို့ ပြောခဲ့ဘူးပါတယ်။

ဒါဆို ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)မှာပါတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ဆိုင်ရာ ပုဒ်မတွေကို လေ့လာကြည့်ကြရအောင်။ ဒီအခန်းမှာ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ စုစုပေါင်း ပုဒ်မ (၄)ခု ပြဌာန်းထားပါတယ်။ ဒီထဲက အရေးပါတဲ့ ဒါမှမဟုတ် ပြင်လို့မရနိုင်အောင်ပြဌာန်းထားတဲ့ အပိုင်းတွေကို ဖော်ပြရရင် ပုဒ်မ (၄၃၅)အရ “ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဧ။် (၂၀)ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည် “ ဆိုပြီးပြဌာန်းထားပါတယ်။ အဲဒီ (၂၀)ရာခိုင်နှုန်းဆိုတာ မခဲယဉ်းဘူးလို့ထင်နိုင်စရာရှိပေမဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အပေါ်ယံဟန်ပြ ပြင်တာမျိုးထက် ဒီမိုကရေစီစံနှုန်းနဲ့အညီပြင်ဖို့ စေတနာအမှန်ရှိတဲ့သူဆိုတာ လွှတ်တော်မှာ အချောင်ဝင်ထိုင်နေတဲ့ စစ်သား(၂၅)ရာခိုင်နှုန်းက လုံးဝမဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်သားတွေကို ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတာမဟုတ်တာရယ်၊ ပိုဆိုးတာက သူတို့ကို ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်းကသာ ရွေးချယ်ထားတာဖြစ်လို့ပါပဲ။

ရှေ့နေဦးကိုနီ ထောက်ပြသွားတဲ့အချက်က တကယ့်ကိုမှတ်သားလောက်ပါတယ်။ သူပြောတာက “လွှတ်တော်နှစ်ရပ်ပေါင်းမှာ ပြည်သူကရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်က(၄၉၈)ဦးရှိပြီး ကာချုပ်ကရွေးပြီး လွှတ်လိုက်တဲ့ စစ်တပ်ကိုယ်စားလှယ်က(၁၆၆)ဦးရှိပါတယ်။ အချိုးချကြည့်ရင် မြန်မာပြည်လူဦးရေသန်း(၆၀)နဲ့ထားပြီးတွက်ကြည့်ရင်တောင် လူဦးရေ(၁၂၀ ၀၀၀)မှာ အရပ်သားကိုယ်စားလှယ်က(၁)ဦးနှုန်းပဲရှိပေမဲ့ အင်အား(၅၀၀ ၀၀၀)လောက်ရှိတဲ့စစ်တပ်ကတော့ စစ်သား(၃၀၀၀)မှာ စစ်တပ်ကိုယ်စားလှယ်က(၁)ဦးနှုန်းရှိနေပါတယ်။” လို့ ကွက်ကွက်ကွင်းကွင်း ထောက်ပြသွားပါတယ်။ ဒါကိုကြည့်ရင် စစ်အုပ်စုရဲ့ ပက်ပက်စက်စက် မတရားချက်၊ အာဏာကိုမောင်ပိုင်စီးထားချက်ကတော့ ကမ်းကုန်းနေတာကို တွေ့ရမှာပါ။

ဒီဖွဲ့စည်းပုံကိုပြင်ဖို့ လွှတ်တော်မှာအဆိုတင်သွင်းခဲ့တဲ့ ကြံ့ဖွံ့ပါတီကိုတောင် သူတို့ပြင်ချင်ပါတယ်ဆိုတဲ့ အချက်တွေကိုကြည့်ပြီးမှပဲ သူတို့ပြင်ချင်တဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို သိရမှာပါ။ အဲဒီအခါကျရင်တော့ တပ်မတော်ရဲ့သဘောထားအမှန်ကို အဲလေ ကြံ့ဖွံ့ပါတီရဲ့ သဘောထားအမှန်ကို သိရမှာပေါ့ဗျာ။

ပုဒ်မ(၄၃၆) (က)အရ “ဤဖွဲ့စည်းပုံအခြေခံဥပဒေဧ။် အခန်း(၁) ပုဒ်မ(၁)မှ (၄၈)အထိ၊ အခန်း(၂) ပုဒ်မ(၄၉)မှ (၅၆)အထိ၊အခန်း(၃) ပုဒ်မ(၅၉)၊ (၆၀)၊ အခန်း(၄) ပုဒ်မ(၇၄)၊ (၁၀၉)၊ (၁၄၁)၊ (၁၆၁)၊ အခန်း(၅) ပုဒ်မ(၂၀၀)၊ (၂၀၁)၊ (၂၄၈)၊ (၂၇၆)၊ အခန်း(၆) ပုဒ်မ(၂၉၃)၊ (၂၉၄)၊ (၃၀၅)၊ (၃၁၄)၊ (၃၂၀)၊ အခန်း(၁၁) ပုဒ်မ(၄၁၀)မှ (၄၃၂)အထိ၊ အခန်း(၁၂) ပုဒ်မ(၄၃၆)တို့ရှိ ပြဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးဧ။်(၇၅)နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးဧ။် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်” လို့ပြဌာန်းထားပါတယ်။ ဒီပုဒ်မတွေဟာ တည့်တည့်ပြောရရင် စစ်အုပ်စုက ပါတီစုံဒီမိုကရေစီကို အရေခြုံပြီး သူတို့ပဲရာသက်ပန် အာဏာကိုချုပ်ကိုင်ထားဖို့အတွက် ပြဌာန်းချက်တွေပဲဖြစ်ပါတယ်။ (၇၅) ရာခိုင်နှုန်း ဆိုတာကကို တရားလွန်နေပါပြီ။ တကယ်ဖြစ်သင့်တဲ့ နိုင်ငံတကာစံနှုန်းက (၆၆.၆၆) ရာခိုင်နှုန်းပါ။

ဒါကြောင့် ဒီပုဒ်မတွေကို ပြင်လို့မရနိုင်အောင် ပြဌာန်းထားတဲ့အတွက် နိုင်ငံတကာဖွဲ့စည်းပုံအခြေခံဥပဒေ ပညာရှင်တွေက ဒီဖွဲ့စည်းပုံဟာ ကမ္ဘာပေါ်မှာ ပြင်ဆင်ဖို့အခက်ဆုံးလို့ မှတ်ချက်ပေးကြတာဖြစ်ပါတယ်။ (၇၅)ရာခိုင်နှုန်းကျော် ထောက်ခံဖို့ဆိုတာက စစ်သားကိုယ်စားလှယ် မပါလို့မရပါဘူး။ အဲဒီစစ်သားကိုယ်စားလှယ် ပါဖို့ဆိုတာကလည်း ကာချုပ်က အမိန့်ပေးမှသာ ထောက်ခံရဲမှာပါ။ တကယ်တော့ သူတို့စစ်အုပ်စုက ပြင်ပေးမှရမယ့် အခြေအနေကို ဖန်တီးထားတာဖြစ်ပါတယ်။

အဲဒီပုဒ်မတွေထဲမှာ ဒီ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့မရနိုင်အောင် ပြဌာန်းထားတာ တနည်းအားဖြင့် ပြည်သူတွေကို စစ်ကျွန်ပြုနိုင်ဖို့ စစ်နွံထဲမှာနစ်နေအောင် ဆက်ပြီးနှစ်မဲ့ အခန်း(၁၂)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနဲ့ဆိုင်တဲ့ ပုဒ်မတွေကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ လက်ဦးမှုယူပြီး ပြင်ဆင်ဖို့က သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။ ဒီအခန်းကိုသာ မပြင်ရင်တော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်ဖို့ဆိုတာ မလွယ်ရေးချ မလွယ်ကြောင်းပါခင်ဗျာ။

သက်နိုင် (၃၀. ၁၁. ၂၀၁၃)

1 comment:

Unknown said...

mwtv에 링크할께요.
저희 페이지에 오셔서 댓글로 설명해 주실래요?
\