Wednesday, June 18, 2008

ခြောင်းကြည့်သူရဲ့ အမှား (၁)-က

ကိုကြီးပေါ်

ဒီခေါင်းစဉ်ကို ဖတ်ပြီး ကိုကြီးပေါ်တယောက် ဘာ မဟုတ်မဟတ်တွေကို ခြောင်းကြည့်နေလေသလဲလို့ အလျင်စလို အထင်တော် မလွဲလိုက်ကြပါနဲ့။ ခြောင်းကြည့်ရတာက ပြောင်ကြည့်ဖို့ မလွယ်လို့ပါ။ ကိုကြီးပေါ် ခြောင်းကြည့်တာက မဟုတ်တာတွေ ဖြစ်ကောင်းဖြစ်ပေမယ့် မဟတ်တာတွေတော့ မဖြစ်ကြောင်း အသေအချာပါ။

တကယ်တော့ ခြောင်းကြည့်တယ်ဆိုတာ ဘယ်ဘက်ကပဲ တွေးတွေး သိပ်တော့ ဟန်မကျဘူး ထင်တယ်နော်။ ဟုတ်တာကိုပဲ ခြောင်းခြောင်း၊ မဟုတ်တာကိုပဲ ခြောင်းခြောင်း သိပ်တော့ မကောင်းလှဘူးပေါ့။ သို့သော်လည်း ကိုကြီးပေါ်တယောက်မှာဖြင့် အခုတော့ ခြောင်းမိလျက်သားချည်း ဖြစ်နေရပြီ ခင်ဗျ။

ကိုကြီးပေါ်တို့ရဲ့ အမိမြန်မာပြည်ကြီး ဆိုတာက အကာအရံ၊ အပိတ်အဆို့တွေနဲ့ တယ်လုံခြုံတာ ကလား။ ဒသဂီရိက မယ်သီတာကို သံကွန်ခြာ ခုနစ်ထပ်နဲ့ အုပ်ထားသလိုပေါ့လို့ ဥပမာပေးလိုက်ရင်… အနှီပုဂ္ဂိုလ်များကို ဘီလူးနဲ့ ခိုင်းနှိုင်းသလိုများ ဖြစ်သွားမလား။ ဒီလိုဆို ဘီလူးတွေကို အားနာဖို့ ကောင်းနေရော့မယ်။

တရုတ်ပြည်က မဟာတံတိုင်းတို့၊ အစ္စရေးက ကွန်ကရစ်တံတိုင်းတို့က လူတွေကို ဖြတ်သန်းမသွားစေချင်လို့ လုပ်ထားတာတွေ။ မြန်မာပြည်က ဆက်သွယ်ရေးတံတိုင်းကတော့ လူတွေကို မသိစေချင်လို့ ကာရံထားတာပါ။ ဖုန်း, ဖက်စ်, အင်တာနက် ဆိုတာတွေက လျှပ်စစ်မီးလိုပဲ ခုပဲဖွင့်လိုက် ခုပဲပိတ်လိုက်။ ဒီတော့ ပြည်ပရောက်နေတဲ့ ကိုကြီးပေါ်ခမျာ ခေတ်မီနိုင်ငံတော်ကြီးဆီသို့ သယ်ပိုးကိုက်ချီတော်မူနေတဲ့ ဗိုလ်ချုပ်မင်းကြီးများ ဘာတွေလုပ်နေသလဲလို့ သိချင်ရင် အင်တာနက်ကတဆင့် စောင့်ပြီး ခြောင်းခြောင်း ကြည့်နေရပါတော့တယ်။

အမလေး… ဒါများ၊ ခြောင်းကြည့်စရာ မလိုပါဘူး။ ပြောင်ကြည့်လို့ ရပါတယ်လို့ ငေါက်ချင်သူလည်း ရှိနိုင်ပါတယ်။ တီဗီကြည့်မလား, သတင်းစာကြည့်မလား သူတို့သတင်း မကြည့်ချင်မှ အဆုံး။ သူတို့မပါတဲ့သတင်းစာ ပြာချပြီးသောက်ရင် အာဟာရသိဒ္ဓိမြောက်မယ်လို့ အတတ်ဟောစားလို့တောင်ရတယ်။ ဒီလို အငေါ်တူးချင်သူလည်း ရှိနိုင်ပါတယ်။ နအဖ မီဒီယာဆိုတာ ပဂိုးဒါး အင် ဆိုးဂျား ဆိုတာတောင် မင်းမသိဘူးလားလို့ ဆူချင်သူလည်း ရှိနိုင်ပါတယ်။ အထိုထိုသော ငေါက်, ငေါ်, ဆူချင်ကြသူ ဆွေသဟာအများကို ကိုကြီးပေါ်က မေတ္တာထားလျက်ပါ ခင်ဗျာ။

သူတို့ပြောသလို ဗိုလ်ချုပ်မင်းများရဲ့ ဟိုသွားဒီသွား ဟိုစားဒီစား သတင်းတွေ ဓာတ်ပုံတွေ ဆိုတာကတော့ မျက်စိခလုတ်တိုက်နေတာ အမှန်ပါ။ အဲဒါတွေနဲ့ ကွဲလွဲတဲ့ ကိစ္စတွေကျတော့ နအဖမီဒီယာတွေမှာ မပါတာ များပါတယ်။ တခါတလေ ကပ်ညပ်ပြီး ပါလာပြန်တော့လည်း မထင်မရှား ၀ိုးတ၀ါး။ ပါလာသမျှလေးကို ရှာကြံစစ်ပေါက်ပြီး လေ့လာလိုက်ပြန်တော့ အသက်ရှူမ၀ ဖြစ်ဖြစ်သွားလို့ နားနားပြီးဖတ်ရပါတယ်။ အဲဒီမှာပဲ ခြောင်းကြည့်သူမှာ အမှားတွေ ဗလပွနဲ့ ဆိုသလို ဖြစ်သွားရတော့တာပါပဲ။
xxx

ခေတ်မီရော့…လဟဲ
စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကို ခေတ္တရပ်နားခါစမှာ နအဖက အခြေခံဥပဒေ ရေးဆွဲမယ့် ကော်မရှင်ကို ကမန်းကတန်း ဖွဲ့စည်းလိုက်ပါတယ်။ အောက်တိုဘာ ၁၈ မှာ ကြေညာချက် ထွက်လာပါတယ်။ သဘောက သူတို့ရဲ့ အာလိန်ခုနစ်ဆင့်မှာ တတိယ အာလိန်ကို ရောက်ပါပြီပေါ့။ ဒီတော့ ဒုတိယအာလိန်ဖြစ်တဲ့ ပြင်ဆင်ဖွယ်ရာများကို ပြင်ဆင်ပြီးပြီလို့ မှတ်ယူရမှာပေါ့။ မှတ်ယူရမယ်လို့ ပြောရတာက နအဖက ဒုတိယဆင့်တော့ ပြီးပါပြီလို့ အခုထိ ကြေညာတာ မကြားရသေးလို့ပါ။ သူတို့က အဲသလို ပြောင်မပြောတော့ ကိုကြီးပေါ်က လိုက်ခြောင်းကြည့်ရတာပေါ့။

အခြေခံဥပဒေ အတွက် အခြေခံမူတွေကို ဆယ့်ငါးနှစ်နီးပါးကြာအောင် လုပ်ထားရတာ မဟုတ်လား။ ကိုယ်စားလှယ် လူကြီးသူကောင်းတွေက တစ်ထောင်ကျော်ကြီးများတောင် ပါဝင်တာ။ ဖတ်လိုက်ရတဲ့ စာတမ်းတွေဆိုတာ အမြှုပ်ကို ထွက်ကရော။ မူတွေကလည်း များမှများ။ ကိုကြီးပေါ် တွေးကြည့်တယ်၊ ဒါကြီးကိုသာ ဥပဒေလုပ်ပြီး ရေးလိုက်ရရင် ပုဒ်မ, ပုဒ်ထီး, ပုဒ်ဂန်ဒူး, ပုဒ်ကြီး, ပုဒ်ကလေး, ပုဒ်ပိစိကွေး အလိုလေး များလိုက်မယ့် ဖြစ်ခြင်း။ ဘာပဲဖြစ်ဖြစ်လေ ကော်မရှင်ဖွဲ့ပြီး ဥပဒေ ရေးတော့မယ်ဆိုတော့ ဘယ်တော့စမလဲလို့ မျှော်ကြည့်မိပါတယ်။

ဘယ့်နှယ်၊ အခြား ကော်မရှင်တွေဆိုရင် ဒီနေ့ဖွဲ့ နက်ဖြန်ဆို အစည်းဝေးလုပ်၊ သိပ်မြန်ဆန်တာ။ ဒီကော်မရှင်ကျမှ အတော်ကြာနေပါလားလို့ တွေးနေမိတုန်း၊ ဟော စ,ပါပြီ။ လူငါးဆယ်ကျော်ပါတဲ့ အဲဒီ ကော်မရှင်ဟာ လေးဆယ့်ငါးရက်တိတိ အကြာမှာ ပထမဆုံး အစည်းအဝေးကို စလုပ်ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့ပါ။ အဲဒီသတင်းကို နအဖ မီဒီယာမှာ ခြောင်းကြည့်မိလိုက်တော့မှ နောက်ကျရခြင်း အကြောင်းရင်းကို သိရတော့တာကိုး။

ဘဲဥပုံ စားပွဲကြီးမှာ ကော်မရှင်လူကြီးတွေ စီထိုင်နေကြပါတယ်။ သူတို့ရှေ့ တည့်တည့်မှာ ကွန်ပျူတာတွေ စီလို့။ တယောက်တလုံးစီ အပြည့် ခင်ဗျ။ ကိုကြီးပေါ် သဘောပေါက်လိုက်ပါပြီ။ အင်မတန် အရေးပါတဲ့ ကော်မရှင်ကြီးဟာ ခေတ်မီနိုင်ငံတော်ကြီးရဲ့ ခေတ်မီအခြေခံဥပဒေကြီးကို ရေးရမှာ မဟုတ်လား။ ဒီတော့ ခေတ်မီကွန်ပျူတာတွေ တပ်ဆင်ဖို့ လိုပေတာပေါ့။ ဒါပေမဲ့ ကော်မရှင်မှာပါတဲ့ ပုဂ္ဂိုလ်ကြီးများဟာ အသက်အရွယ် ကြီးရင့်သူ အများစု ဖြစ်ကြလေတော့ သူတို့ကို ကွန်ပျူတာသင်တန်း ပေးရဦးမှာပေါ့။ ဒါမှ ခေတ်မီ ကော်မရှင်လူကြီးများ ဖြစ်လေတော့ မပေါ့။ လူကြီးတွေ ကွန်ပျူတာသင်နေလို့ ကြာနေတာပဲ ဖြစ်မှာပေါ့။

နိုင်ငံတကာမှာက အစည်းဝေးတက်ရင် ကိုယ့်ကွန်ပျူတာ ကိုယ်ကိုင်ပြီး တက်ကြရတာ မဟုတ်လား။ သူတို့လည်း ထိုနည်းလည်းကောင်း ဖြစ်ချင်ရှာပေမပေါ့။ နိုင်ငံတကာမှာ အစည်းဝေးတက်တဲ့အခါ ကိုင်တဲ့ ကွန်ပျူတာဆိုတာက လက်ဆွဲကွန်ပျူတာ (Laptop, Notebook) တို့လေ။ ကိုကြီးပေါ်က ခေတ်မီကော်မရှင်မင်းတွေရဲ့ ကွန်ပျူတာကို ပြူးပြဲပြီး စပ်စုကြည့်လိုက်တော့၊ လားလား၊ ပီစီကွန်ပျူတာတွေ ဖြစ်နေတယ် ခင်ဗျ။ စားပွဲပေါ်မှာ တင်ထားတာက မော်နီတာအပြားရယ်, ကီးဘုတ်ရယ်, ကြွက်ရယ်။ စနစ်တာဝါတွေက စားပွဲရှေ့ အောက်ဖက်မှာ ချထားတယ် ခင်ဗျ။

ဒီလိုဆိုရင် ကော်မရှင်မင်းတွေဟာ အစည်းဝေးမှတ်တမ်းတွေ၊ လေ့လာစရာတွေကို အိမ်ကို သယ်သွားနိုင်မယ် မဟုတ်ပေဘူး။ ဆိုလိုတာက ဒီအခန်းထဲမှာပဲ ပြော၊ အပြင်ကို ယူမသွားရ။ အခြားအချိန်မှာ မလေ့လာရ။ ကြိုတင် ရေးမလာရ။ ပြီးတော့ကွန်ပျူတာတွေကို နက်ဝပ်ချိတ်ထားပုံ ရပါတယ်။ အချက်အလက်တွေကို ဆာဗာတခုထဲမှာထားပြီး၊ ကွန်ပျူတာတွေကို ရှယ်ယာပေးထားပုံပါ။ ဆာဗာထဲကို ၀င်ရေးခွင့်မပေးရင်တော့ ကြည့်ရုံပဲ ကြည့်လို့ ရမယ်။

ဓာတ်ပုံထဲမှာ မြင်ရတာတော့ လူကြီးမင်းတွေဟာ ကွန်ပျူတာနဲ့ ရေးသားဖို့ နေနေသာသာ မော်နီတာကို ကြည့်နေတာတောင်မှ မတွေ့ရပါဘူး။ အားလုံးဟာ စာရွက်တွေကို ပြူးပြဲငုံ့ကြည့် နေကြပါတယ်။ ဒါဆိုရင်… အလယ်တန်းကျောင်းတွေမှာ ကွန်ပျူတာခန်း ဖွင့်ပွဲလုပ်သလို ခဏငှားထားတာတွေလား။ ဒါမှမဟုတ်… ကြပ်ပြေးနေပြည်တော် အစည်းဝေးခန်း အသစ်မှာ အသေတပ်ဆင်ထားတဲ့ စက်တွေလား။ ဒါမှမဟုတ်… ကိုကြီးပေါ် ခြောင်းကြည့်မိတာ အမှားလား။

No comments: