Wednesday, June 18, 2008

ခြောင်းကြည့်သူရဲ့ အမှား (၁-ခ)

ကိုကြီးပေါ်

နွားဝန်ကြီး
ကြက်ဆူဆီနဲ့ ယာဉ်တွေ စက်တွေ မောင်းဖို့ စီမံကိန်း မပြီးဆုံး မအောင်မြင်သေးခင်မှာပဲ နောက်တမျိုး တိုးလာပြန်ပြီခင်ဗျ။ “နွားလျှပ်စစ်” တဲ့။ နအဖသတင်းစာနဲ့ ဂျာနယ်အချို့မှာ ဖော်ပြထားတာပါ။

နွားကို ဆီကြိတ်ဆုံမှာ တပ်ပြီး လှည့်သလို၊ ဒိုင်နမိုမှာ နွားတပ်လှည့်ပြီး လျှပ်စစ် ထုတ်ယူမတဲ့။ နွားခြောက်ကောင်တပ်ပြီး လှည့်ရင် မီးချောင်း ၂၀၀ လောက် လင်းမတဲ့။ နွားတကောင်က လျှပ်စစ် တစ် ကီလိုဝပ် ထုတ်ပေးနိုင်သတဲ့။ နွားကိုလည်း ချူမဆွဲ ကွန်ပျူတာဆွဲထား ပေးမတဲ့။ နွား မောမမော အချက်ပြဖို့ပါတဲ့ ခင်ဗျာ။

ကိုကြီးပေါ် တွေ့ရသလောက်ကတော့ နွားလှည့်နေတာရယ်၊ မီးလင်းနေတာရယ်ပါ။ ဒီတော့ လှည့်နေတုန်း မီးလင်းပြီး၊ မလှည့်ရင် မီးလင်းမှာလား မလင်းမှာလား မသေချာပါ။ ညဖက် မီးလင်းချင်ရင် နွားကို ညဖက်လှည့်ရမယ်။ နွား ညမအိပ်ရ။ နွားကို ညအိပ်စေချင်ရင် နေ့ခင်းလှည့်။ ဟင် ဒါဆို နေ့မှာ မီးလင်းပြီး ညမှာ ဒုံရင်း။ အာ ဒီလိုလည်း မဖြစ်သေးဘူး။

နွားလှည့်တဲ့အခါ နွားချည်းပဲ မပြီး။ လူလိုတယ်။ လူ ဘယ်နှစ်ယောက်လိုသလဲ အတိအကျ မသိပါ။ နွားတွေ လူတွေ ဆိုတာက အစာစားရမယ်။ အိပ်စက် အနားယူရမယ်။ လျှပ်စစ် ထုတ်လုပ်ပေးနေတဲ့ လူနဲ့ နွားဟာ အခြားအလုပ်ကို ဘယ်အချိန်လုပ်ရမလဲ။ အသက်မွေးဝမ်းကျောင်း အလုပ်ကို လုပ်ဖို့ အချိန်မရရင် ဒီအလုပ်ကတင် သူ့အတွက် ရပ်တည်နိုင်ဖို့ လိုတယ်။ ဒါဆိုရင် နွားလျှပ်စစ်ဟာ ရေလျှပ်စစ်တို့ ဒီဇယ်လျှပ်စစ်တို့ထက် သက်သာမှာတဲ့လား။ ဒါလည်း မသေချာ။

ကိုကြီးပေါ် မှတ်သားမိတာလေး တခုကို သတိရမိရဲ့။ ရွှေအကြောင်း စပ်မိစပ်ရာ ပြောကြတဲ့ စကားဝိုင်းတခုမှာ၊ တယောက်က ဖိုထိုးလို့ ရွှေဖြစ်တယ်ဆိုတာ မယုံဘူးလို့ ပြောလိုက်တယ်။ အဂ္ဂိရတ်ဝါသနာပါတဲ့ အခြားတယောက်က မယုံရင် လောင်းကြေးထပ်၊ ရွှေဖြစ်အောင် ထိုးပြမယ်လို့ ပြန်ပြောတယ်။ နောက်တော့မှ သူက ရှင်းပြတာက၊ အဂ္ဂိရတ်နည်းနဲ့ ရွှေဖြစ်အောင် လုပ်ရင် ရတယ်၊ ဒါပေမယ့် ကုန်ကျစရိတ်ကို ပုံသေတွက်ထားလို့ မရတဲ့အတွက် ဈေးထဲက ၀ယ်တဲ့ ရွှေတန်ဖိုးထက် များချင်များသွားတတ်တယ်တဲ့။

အဲဒီ သတင်းဓာတ်ပုံတွေ တွေ့တော့ ကိုကြီးပေါ် မျက်စိထဲ ရောမခေတ် အလယ်ခေတ် နောက်ခံ ရုပ်ရှင်ကားတွေထဲက ဇာတ်ကွက်အချို့ကို တန်းခနဲ မြင်ယောင်မိတော့တယ်။ လူတွေ နွားတွေက လှည်းတွေဆွဲနေပုံ၊ ရေတင်တဲ့ ဘီးကိုဆွဲနေပုံတွေပေါ့။
နိုင်ငံတကာမှာက တိရစ္ဆာန် လုပ်အားနေရာမှာ စက်မှုစွမ်းအားတွေနဲ့ အစားထိုးနေကြတာပါ။ ကိုကြီးပေါ်တို့ တိုင်းပြည်ကျမှ စက်မှုစွမ်းအားနေရာမှာ တိရစ္ဆာန်လုပ်အားနဲ့ အစားထိုးရတယ်လို့။ နောက်တဆင့် ဆိုရင်တော့ လူ့လုပ်အားနဲ့ အစားထိုးဖို့ ဖြစ်လာမယ် ထင်ပါရဲ့။

ဒါပေမယ်လို့ ရန်ကုန်လို မြို့ပေါ်မှာတောင် လျှပ်စစ် အချိန်ပြည့်မလာရင်သာ နေရမယ် လျှပ်စစ်ဝန်ကြီးက နှစ်ပါးတောင် ရှိတယ် ခင်ဗျ။ အခုလို နွားစွမ်းအင်နဲ့ လျှပ်စစ်ထုတ်လုပ်နိုင်မယ် ဆိုရင် တိုင်းပြည်မှာ နွားတွေ သိပ်တန်ဖိုးရှိ အရေးပါလာမှာ ဖြစ်လို့ “နွားဌာန” မပေါ်လာဘူးလို့ ပြောနိုင်ပါ့မလား။ ဒီလိုဆိုပြန်တော့ “နွားဝန်ကြီး” ဆိုတာလည်း “ကြက်ဆူဝန်ကြီး” နဲ့အပြိုင် ပေါ်ပေါက်လာနိုင်တယ် မဟုတ်ပါလား။

ဒီတခါလည်း ကိုကြီးပေါ် ခြောင်းကြည့်မိတာ အမှားလား။

No comments: