Thursday, July 10, 2008

ငြိမ်းချမ်းရေး

ရေးသားသူ — နေသစ်

ကိုဝင်း၊ ကိုကျော်နဲ့ ကျနော်တို့ သုံးယောက်သား ဆုံကြရင်တော့ ဘေးနားက လူများ ထရိုက်ချင်စိတ် ပေါက်လာအောင်ပင် စကားက များလွန်းပါတယ်။ တခါတခါ လုပြောကြရင်း ဆုံသွားလို့ အလှည့်စောင့်ပြီး အောင့်ထားရတဲ့ အခါလည်း ကြုံရပါတယ်။ အခု ဖော်ပြလိုက်တဲ့ ဇာတ်လမ်းလေးကတော့ ကျနော်တို့ စကားဝိုင်းထဲက ဟာသလေး တခုပါ။ စာဖတ်သူများအတွက် မျှဝေလိုက်တာပါ။

ကိုဝင်းက "ဟေ့ ငြိမ်းချမ်းရေး ဆိုတဲ့ ပုံပြင်လေးတပုဒ် ငါပြောပြမယ်" ဆိုပြီး စကားဝိုင်းကို စလိုက်ပါတယ်။

ကိုကျော်က 'ဆိုစမ်းပါဦး' လို့ စကားထောက်လိုက်ရင်ပဲ-

"အေး၊ ဖျံကြီးမျိုး (beaver) တွေဟာ သူတို့နောက်ကို မုဆိုးတွေ လိုက်ကြတဲ့အခါ ဒီမုဆိုးတွေဟာ သူ့ဝှေးစေ့ကို ဆေးဖော်ဖို့ အလိုရှိကြတယ် ဆိုတာကို ဒီကောင်တွေ သိကြသတဲ့။ လူတွေက `ဖျံသို´ ဆိုပြီး ပြောကြတယ် မဟုတ်လား။ အဲဒီတော့ သူတို့က ပြေးကြည့်လို့ မလွတ်တော့ဘူးဆိုရင် ဒီမုဆိုးတွေနဲ့ ငြိမ်းချမ်းရေးယူဖို့ သူတို့ ဝှေးစေ့ကို သူတို့ရဲ့ ထက်မြက်တဲ့ သွားများနဲ့ ကိုက်ဖြတ်ပြီး ရန်သူမုဆိုးတွေ အတွက် ထားပေးခဲ့သတဲ့။ သူများ အလိုချင်ဆုံးအရာကို ပေးပြီး အသက်ချမ်းသာရာ လမ်းကို ရွေးချယ်ခဲ့တယ် ထင်ပါ့ကွာ။"

ကိုဝင်းက အဲဒီလိုပြောတော့ ကျနော့်မှာ စိုးရိမ်စိတ်လေး တချက် ၀င်လာပါတယ်။ ဒါကြောင့် ချက်ချင်းပဲ စကားတစ်ခွန်း ၀င်ပြောလိုက်ပါတယ်။

"ဒီတစ်ကြိမ်တော့ ဟုတ်ပါပြီ ကိုဝင်းရာ။ နောက်တကြိမ် အဲဒီ ဖျံမှန်းမသိပဲ၊ မုဆိုးတွေက ထပ်လိုက်ကြရင်ကောဗျာ။"

သူတို့နှစ်ယောက် စဉ်းစားသလို လုပ်နေကြပါတယ်။ ပြီးမှ ကိုကျော်က - "အင်း နောက်တကြိမ် ငြိမ်းချမ်းရေးအတွက် ဆိုရင်တော့ လှန်ပြလိုက်ရုံပဲ ကျန်တော့တာပေါ့ကွာ"...တဲ့။ ။

No comments: