Monday, March 1, 2010

ကိုရီးယားကို လာမယ်ဆိုရင် သိထားသင့်တဲ့ အကြောင်းအချို့(၄)

ရေးသားသူ — ကိုလူချစ်(ကိုရီးယား)

ကိုရီးယားကို လာပြီး အလုပ်လုပ်မယ့် သူတွေနဲ့ ကိုရီးယားကို စိတ်ဝင်စားသူတွေအတွက် အသိပေး ပြောပြချင်တာ လေးတွေ ထပ်ပေါ်လာတာနဲ့ အပိုင်း(၄)ကို ဆက်ရေးဖြစ်ပါတယ်။ ကိုရီးယားကို EPS (Employment Permit System)နဲ့ အလုပ်လာလုပ်ဖို့ ပြင်ဆင်နေကြတဲ့ သူတွေအထဲမှာ ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ EPS-KLT ကိုအောင်မြင်ပြီး စောင့်နေကြတဲ့ သူတွေ အသိချင်ဆုံးက ကိုရီးယားက ဘယ်တော့ လူခေါ်မလဲဆိုတာ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိ ကိုရီးယားအစိုးရ တက်လာပြီး နောက်ပိုင်းမှာ ကိုရီးယား စီးပွားရေး ကျဆင်းနေပြီး ကိုရီးယားနိုင်ငံသားတွေ အလုပ်လက်မဲ့ ဦးရေ များပြားလာတာကို လျှော့ချဖို့ဆိုပြီး နိုင်ငံခြားသား အလုပ်သမား ခေါ်ယူဖို့ကို အရေအတွက် အများကြီး လျော့ချခဲ့ပါတယ်။ လက်ရှိအစိုးရ စပြီး အာဏာရခဲ့တဲ့ ၂၀၀၈ခုနှစ်တုန်းက နိုင်ငံခြားသား အလုပ်သမား ၃သောင်း ၅ထောင်ကို ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ်ကတော့ ၁သောင်း ၃ထောင်ကိုသာ ခေါ်ယူခဲ့ပါတယ်။ EPS နဲ့ ကိုရီးယားနိုင်ငံကို လာကြတဲ့ နိုင်ငံခြားသား ရာနှုန်း တော်တော်များများဟာ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေမှာသာ အလုပ်လုပ်ကြရတာ များပါတယ်။

လက်ရှိအစိုးရက နိုင်ငံခြားသားအလုပ်သမား လျော့ပေါ့ ခေါ်ယူတဲ့အတွက် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေမှာ အလုပ်သမား လိုအပ်မှုတွေ ဖြစ်နေတယ်လို့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းရှင်များ အသင်းက ကိုရီးယား အစိုးရကို ဝေဖန် ထောက်ပြနေပါတယ်။ နိုင်ငံခြားသား အလုပ်သမား အများစု လုပ်ကြရတဲ့ အလုပ်တွေက 3D(Difficult, Dirty, Dangerous) လုပ်ငန်းတွေ ဖြစ်တဲ့အတွက် အလုပ်လက်မဲ့ ကိုရီးယား နိုင်ငံသားတွေက မလုပ်ကြပါဘူး။ အဲဒါကြောင့် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းရှင်များ အသင်းက နိုင်ငံခြားသား အလုပ်သမားတွေ ခေါ်ယူဖို့ တွန်းအားပေး တိုက်တွန်း နေတယ်လို့လည်း သိရပါတယ်။ကိုရီးယားနိုင်ငံက နိုင်ငံခြားသား အလုပ်သမား ခေါ်ယူဖို့အတွက် များသောအားဖြင့် ဖေဖော်ဝါရီလနဲ့ မတ်လအကြားမှာ ၀န်ကြီးချုပ်ရုံး ရုံးအဖွဲ့မှုးရဲ့ အစီအစဉ်နဲ့ နိုင်ငံခြားသား အလုပ်သမားခေါ်ယူဖို့ အတွက် အစည်းအဝေးပြုလုပ်ပြီး ခေါ်ယူမယ့် အလုပ်သမားဦးရေကို သတ်မှတ်ကြပါတယ်။

ကိုရီးယားကို အလုပ်လာလုပ်ဖို့အတွက် အဓိက ပွဲစားတွေကို သတိထားပါလို့ အကြံပေးပါရစေ။ ဟိုတလောကပဲ ကိုရီးယားပြန် ပွဲစားတွေကို ယုံလို့ ခံလိုက်ရတဲ့သူတွေလည်း မနည်းပါဘူး။ ကိုရီးယားကနေ ပြန်သွားပြီး အခုကိုရီးယားကို ပြန်ရောက်လာတဲ့ မိတ်ဆွေတဦးရဲ့ ပြောပြချက် အရဆိုရင် ပိပိရိရိကို လိမ်သွားတာလို့ ဆိုပါတယ်။ အဲဒီမိတ်ဆွေက ကိုရီးယားမှာ ရင်းနှီးခဲ့ကြတဲ့ သူတွေဖြစ်တဲ့အတွက် သူကတောင် သူ့မိတ်ဆွေ ၂ယောက်ကို ဆက်သွယ်ပေးလိုက်ပါတယ်။ ဒါပေမယ့် အဲဒီ၂ဦးလည်း ၁ယောက်ကို မြန်မာငွေ ၉သိန်းစီ အလိမ်ခံလိုက်ရတယ်လို့ ပြောပါတယ်။ သူသိတာတင် ခန့်မှန်းခြေ လူ၂၀ ထက်မနည်း အလိမ်ခံရလိမ့်မယ်လို့ ထင်တယ်လို့လည်း ပြောပါတယ်။ကျနော် အရင်ဆောင်းပါးတွေမှာ ဖော်ပြဖူးသလို ပွဲစားတွေကို အားမကိုးနိုင်ရင် ပိုကောင်းတယ်လို့ အကြံပေးပါရစေ။ EPS အရ ကိုရီးယားဘာသာ စာမေးပွဲ EPS-KLT အောင်မှ ကိုရီးယားကို တရားဝင် အလုပ်လာလုပ်လို့ ရမှာပါ။ စာမေးပွဲမအောင်ရင် ပိုက်ဆံတွေ ဘယ်လောက်ပေးပေး EPS နဲ့ ကိုရီးယားကို လာပြီး အလုပ်လုပ်လို့မရပါဘူး။

ကိုရီးယားကို EPS နဲ့ အစမ်းခန့်ကာလ သတ်မှတ်ပြီး ရောက်လာသူတွေထဲက တချို့ဆို လုပ်အားခလစာ ၀မ်၎သိန်းကျော် လောက်ပဲရတဲ့လူတွေ ရှိတယ်လို့ သိရပါတယ်။ကိုရီးယားနိုင်ငံရဲ့ အခြေခံအလုပ်သမား ဥပဒေအရ အစမ်းခန့်ကာလမှာ အနိမ့်ဆုံး အခြေခံလုပ်အားခထက် လျော့ပြီး ပေးလို့ရတဲ့ ပြဋ္ဌာန်းချက် ရှိပေမယ့် ရာခိုင်နှုန်းအများကြီး လျော့ပြီး ပေးလို့မရပါဘူး။ အစမ်းခန့်ကာလမှာ အနိမ့်ဆုံး အခြေခံလုပ်အားခရဲ့ ၇၀ရာခိုင်နှုန်းကို ပေးရမယ်လို့ အလုပ်သမားဝန်ကြီးဋ္ဌာနက သတ်မှတ်ထားပါတယ်။၂၀၁၀ခုနှစ်အတွက် သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်အားခက တနာရီကို ၀မ်၎,၁၁၀ပါ။တစ်ပတ်ကို ၅ရက် အလုပ်ချိန် နာရီ(၄၀)နှုန်းနဲ့ ဆိုရင် အခြေခံလစာ ၀မ်၈၅၈,၉၉၀၊တစ်ပတ်ကို ၆ရက် (စနေအလုပ်ချိန်(၄)နာရီ)အလုပ်ချိန် (၄၄)နာရီနှုန်းနဲ့ဆိုရင် အနိမ့်ဆုံး အခြေခံလစာ ၀မ်၉၂၈,၈၆၀ ဖြစ်ပါတယ်။အစမ်းခန့်ကာလမှာ ရရှိရမယ့် အနိမ့်ဆုံး အခြေခံလစာကို တွက်ကြည့်မယ်ဆိုရင် တစ်ပတ်(၅)ရက် လုပ်ရတဲ့ စက်ရုံအလုပ်ရုံမှာဆိုရင် ၀မ် ၆၀၁,၂၉၃၊ တစ်ပတ်(၆)ရက် လုပ်ရတဲ့ စက်ရုံအလုပ်ရုံမှာ ဆိုရင် ၀မ် ၆၅၀,၂၀၂ ရကြရမှာ ဖြစ်ပါတယ်။ တစ်ပတ်(၆)ရက် အလုပ်လုပ်ရတဲ့ စက်ရုံတွေထဲမှာ တချို့ဆို စနေကို အလုပ်လုပ်ချိန်ကို(၄)နာရီထက် ပိုပြီး အလုပ်လုပ်ရတဲ့ စက်ရုံတွေရှိပါတယ်။ အဲဒါလိုအချိန်ပိုလုပ်ရတယ် ဆိုရင် အချိန်ပိုကြေး ခံစားခွင့်ရှိပါတယ်။ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး အခြေခံလုပ်အားခထက် လျှောပြီး ပေးတဲ့ လုပ်ငန်းရှင်တွေကို ကိုရီးယားအလုပ်သမား ၀န်ကြီးဋ္ဌာနက အရေးယူပါတယ်။လုပ်ငန်းခွင် သဘောတူစာချုပ်မှာ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး အခြေခံလုပ်အားခထက် လျော့နည်းနေတယ်ဆိုရင် အဲဒီ လုပ်ငန်းခွင် သဘောတူစာချုပ်ဟာ တရားမ၀င်ဘူးလို့ အခြေခံအလုပ်သမား ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ကိုရီးယားကို ရောက်လာပြီး အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပြောင်းကြရတဲ့ ညီအစ်ကိုတွေ အဓိက သတိထား သိသင့်တာလေးတွေကိုလည်း ပြန်လည်မျှဝေပါရစေ။ကိုရီးယားနိုင်ငံရဲ့ EPS စနစ်အရ အလုပ်ပြောင်းတဲ့အခါမှာ လက်ရှိ အလုပ်ရှင်ရဲ့ ခွင့်ပြုချက်ပါမှသာ အလုပ်ပြောင်းခွင့်ရှိတယ်ဆိုတာ သတိထားစေချင်ပါတယ်။ ကိုရီးယားကို ၂ခေါက်ပြန် ညီအကိုတွေ အနေနဲ့ အထူးသတိထားစေချင်ပါတယ်။ အရင် ကိုရီးယားမှာ အသုံးပြုတဲ့ အလုပ်သင်သင်တန်းသား စနစ်နဲ့ ကွာခြားချက်တွေ အများရှိပါတယ်။ အလုပ်သင်သင်တန်းသား စနစ် အသုံးပြုတဲ့ အချိန်တုန်းကလို မိမိတာဝန်ကျတဲ့ လုပ်ငန်းခွင်ကနေ ထွက်လာပြီး အိုဗာစတေးနဲ့ အလုပ်လုပ်လို့ရတဲ့ ခေတ်မဟုတ်တော့တာကို သတိထားကြပါလို့ တိုက်တွန်းပါရစေ။ ကိုရီးယား ၂ခေါက်ပြန် မိတ်ဆွေ တစ်ယောက်ဆို ကိုရီးယားကို EPS စနစ်နဲ့ ပြန်ရောက်လာပြီး လုပ်ငန်းခွင်မှာ အဆင်မပြေဖြစ်တာကို မမေးမြန်း မစုံစမ်းပဲ ဒီအတိုင်း ထွက်လာခဲ့တဲ့အတွက် ပြန်ရောက်ပြီး ၂ပတ်နဲ့ အိုဗာစတေး ဖြစ်သွားပါတယ်။ အဲဒီလို အကြောင်းအမျိုးမျိုးနဲ့ အိုဗာစတေး ဖြစ်သွားကြတဲ့သူတွေလည်း မနည်းလှပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပြောင်းမယ်ဆိုရင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဆက်သွယ် အကူအညီတောင်းခံပြီး ပြောင်းသင့်တယ်လို့ အကြံပေးပါရစေ။ကိုရီးယားမှာ မြန်မာတွေကို တတ်နိုင်တဲ့ဖက်က အကူအညီပေးနေတဲ့ မြန်မာ အဖွဲ့အစည်းတွေ ရှိသလို နိုင်ငံခြားသားအလုပ်သမား တွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေတဲ့ နိုင်ငံခြားသား အလုပ်သမားစင်တာတွေ ကိုရီးယားနိုင်ငံအနှံ့မှာ ရှိပါတယ်။ မြန်မာသံရုံးကလည်း အခုနောက်ပိုင်း တတ်နိုင်တဲ့ဖက်ကနေ အကူအညီပေးနေတယ်လို့လည်း ပြောဆိုနေသံတွေ ရှိပါတယ်။

EPS နဲ့ အလုပ်ပြောင်းကြတဲ့အခါမှာ များသောအားဖြင့် ကိုယ့်အားနည်းချက် တွေကိုပဲ အကြောင်းပြပြီး အလုပ်ပြောင်းနေ ကြတယ်လို့ ကြားနေရပါတယ်။အလုပ်ပြောင်းတဲ့ အခါမှာလည်း အလုပ်ရှင်ရဲ့ လုပ်ငန်းခွင် စာချုပ်ပါအချက်များ ချိုးဖောက်မှု စတဲ့ လုပ်ငန်းရှင်ဖက်က အားနည်းချက်နဲ့ ပြောင်းတဲ့အခါမှာ လုပ်ငန်းခွင် ပြောင်းရွှေ့လို့ရတဲ့ အကြိမ် အရေအတွက်ထဲမှာ ထည့်သွင်းစရာမလိုပါဘူး။ရှင်းအောင် ပြောရမယ်ဆိုရင် လုပ်ငန်းခွင် ပြောင်းရွှေ့ခွင့်ရှိတဲ့ (၃)ကြိမ်ထဲမှာ အကျုံးမ၀င်ပါဘူး။

ကိုရီးယားမှာ အိုဗာစတေးနဲ့ အလုပ်လုပ်နေကြတဲ့ သူတွေအနေနဲ့လည်း ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ လက်လွှတ်မဆုံးရှုံးအောင် လက်ရှိလုပ်နေတဲ့ စက်ရုံအလုပ်ရုံနဲ့ လုပ်ငန်းခွင်ဆိုင်ရာ အထောက်အထား အချက်အလက်တွေကို သိမ်းဆည်း ထားကြပါလို့ အကြံပြုပါရစေ။ အထူးသဖြင့် စက်ရုံတစ်ရုံမှာ နှစ်အကြာကြီး အလုပ်လုပ်နေတဲ့ သူတွေပါ။ မကြာသေးခင် အချိန်ကပဲ မိတ်ဆွေ၂ဦး၊ ညီအကို ၂ယောက်ပါ အထောက်အထား အချက်အလက်တွေ မရှိတော့ ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားပါတယ်။ အစ်ကို လုပ်တဲ့သူဆို အဲဒီစက်ရုံမှာ ၁၀နှစ်ကျော် လုပ်ခဲ့ပေမယ့် လုပ်သက်ခံစားခွင့်ငွေ တပြားမှ ခံစားခွင့် မရလိုက်ပါဘူး။ ညီဖြစ်တဲ့သူလည်း ၄နှစ်ကျော် လုပ်လာတာ လုပ်သက်ခံစားခွင့်ငွေ ၁နှစ်စာပဲ ခံစားခွင့် ရခဲ့ပါတယ်။ ဒါတောင် အခြေခံလစာကို လျော့ပြီး တွက်ပေးလိုက်တယ်။ တချို့ကတော့ အလုပ်ရှင်နဲ့က မိသားစုတွေလို ဖြစ်နေပြီး ကိုယ့်အပေါ် အရမ်းကောင်းတာဆိုပြီး အဲဒီစက်ရုံက ထွက်တဲ့အခါ ကိုယ့်ရပိုင်ခွင့်တွေကို မတောင်းတော့ပါဘူး ဆိုတဲ့ သူတွေလည်း မနည်းဘူးထင်တယ်ဗျ။ ကိုယ်က ကြိုးကြိုးစားစား လုပ်ပေးထားတာတွေ ရှိလို့ ကိုယ့်အပေါ်ကောင်းတယ်ဆိုတာ သတိထားကြပါလို့ အကြံပြုပါရစေ။ ကိုရီးယားနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေဟာ အရှင်းရှင်စနစ်နဲ့ လည်ပတ်နေတယ်ဆိုတာလည်း သတိမူစေချင်ပါတယ်။

ကိုရီးယားမှာ အလုပ်လုပ်မယ် ဆိုရင်တော့ ကိုရီးယားဘာသာ စကားကို သင်ယူကြဖို့ကို ထပ်ပြီး တိုက်တွန်းပါရစေ။ ကျနော်ရေးတဲ့ ဆောင်းပါးတိုင်း လိုလိုမှာ ကိုရီးယားဘာသာကို သင်ယူဖို့ တိုက်တွန်းရတဲ့ အကြောင်းကတော့ ကိုရီးယားဘာသာစကား တတ်ရင် လုပ်အားခလစာ ပိုရနိုင်တာရယ် လုပ်ငန်းခွင်မှာလည်း သက်သာတဲ့ နေရာတွေမှာ အလုပ်ရတတ်တာရယ် ကြောင့်ပါ။ အဲဒီအပြင် အလုပ်အတူတူလုပ်တဲ့ ကိုရီးယား လူမျိုးတွေနဲ့လည်း ဆက်ဆံရေး ပိုပြီး ပြေလည်ပါတယ်။ လုပ်ငန်းရှင်တွေကလည်း ကိုရီးယား ဘာသာစကား တတ်တဲ့လူကို ပိုပြီး သဘောကျပါတယ်။

မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကို မောင်နှမအားလုံး ရောက်လေရာ နေရာတိုင်းမှာ အဆင်ပြေမှုအပေါင်းနဲ့ ပြည့်စုံပြီး ကိုယ်တတ်စွမ်းနိုင်တဲ့ အင်အားနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး ဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ဗျာ။

ကိုလူချစ်(ကိုရီးယား)

5 comments:

win latt said...

ကျေးဇူးတင်ပါတယ်အကို...
မျှဝေဖို့ ယူသွားပါဦးမယ်..။
ခေတ်ပြိုင် ကိုရီးယား ဆီလဲ ရောက်တယ် အကို...။
ကျန်းမာပါစေ...။

ညီဇေ said...

အကို…

ကိုရီးယားဘာသာစကားကို သင်ယူကြဖို့ တိုက်တွန်းနေရုံနဲ့ မပြီးဘူးနော်…။ သင်ပေးမှကို ဖြစ်မှာ အကိုရေ…။ သင်တန်းတွေကလည်း အားနည်းကုန်ပြီ။ သွားတက်ကြဖို့က သီးသန့်အချိန်ပေးနေရတယ်ဆိုတော့ အလုပ်တစ်ဖက်နဲ့ မလွယ်ဘူးလေ…။ ဘလော့ဂ်စာမျက်နှာတွေပေါ်က သင်ပေးနိုင်ရင် ထိရောက်မယ်ထင်တယ်…။ ကိုရီးယားဘာသာစကားကို သင်ပေးတဲ့ဘလော့ဂ်တစ်ချို့ရှိပေမဲ့ အခု ပို့စ် မတက်တာက များနေတယ်…။ တစ်ချို့ကလည်း စကားပြောကိုပဲ ဦးစားပေး သင်နေကြတယ်…။ ဒီတာဝန်ကို အကို ယူသင့်တယ် ထင်တာပဲဗျာ…။ ကျနော်တော့ အကို့ဆီက ပညာယူဖို့ စောင့်နေတယ် အကိုရေ့…။

ကောက်ရိုး said...

ဟုတ်တယ်ဗျာ
ကိုညီဇေပြောသလိုပဲ ဘလော့ရ်စာမျက်နှာတွေပေါ်မှာသင်ပေးနိုင်ရင်တော်တော်အဆင်ပြေမှာဗျ...ကျနော်လဲစောင့်မျှော်နေပါတယ်ဗျာ..

ကိုလူချစ်(ကိုရီးယား) said...

ကိုယ်တတ်သလောက်လေး ပြန်ပြီးမျှဝေပေးဖို့ စိတ်ကူးထားတာတော့ ရှိပါတယ်။လောလောဆယ် လက်တွေ့ မလုပ်နိုင်သေးဘူး ဖြစ်နေလို့ပါ။ ကိုရီးယား ခေတ်ပြိုင်သမိုင်း ဘာသာပြန်ပြီးရင်တော့ လုပ်ဖြစ်မှာပါ။

ညီဇေ said...

အကိုရေ…
ခေတ်ပြိုင်ကိုရီးယားသမိုင်းကို လက်စသတ်နေရတာကြောင့် လောလောဆယ် အချိန်မလွယ်သေးတာကို နားလည်ပါတယ်…။ ဖြစ်နိုင်ရင် လတ်တလော အလုပ်မရှိတဲ့သူတွေ အလုပ်ရှာတဲ့အခါ လိုအပ်တဲ့ စကားပြောလေးတွေနဲ့ အင်တာဗျူးပြောစကားလေးတွေ တင်ပေးစေချင်ပါတယ်…။ အဲဒါလေးတွေက တကယ်ကို လိုအပ်နေလို့ပါ…။ တခြားနိုင်ငံသားတွေနဲ့ ယှဉ်ရင် ကျနော်တို့မှာ အလုပ်နေရာက ခက်ခဲကြတယ်မို့လား အကို…။ အင်တာဗျူးပြောစကားလေးတွေ အထိုက်အလျောက် ပြောတတ်မယ်ဆိုရင် တခြားနိုင်ငံသားတွေနဲ့ ယှဉ်ပြီး အလုပ်ရှာကြရတဲ့အခါ အောက်မကျတော့ဘူး အကိုရယ်…။ အလုပ်ရှာတဲ့အခါ ကြိုတင်သိထားရမယ့်အရာလေးတွေ သိထားတော့ ပြဿနာဖြစ်လို့ ဖြေရှင်းရတာတွေ နည်းသွားမလားလို့…။ ကျနော်တို့လည်း တတ်နိုင်တဲ့ဘက်က ကူညီပါ့မယ် အကို…။ စဉ်းစားပေးစေချင်ပါတယ်…။