Thursday, July 10, 2008

ပဲ့တင်သံ

ရေးသားသူ — မင်းကြီး (သရေခေတ္တရာ)
၂၀၀၈ ခု ဇွန်လ ၂၀ ရက် (သောကြာနေ့ - ညပိုင်း) ဘီဘီစီမှ ဦးမောင်မောင်သန်း စီစဉ်တဲ့ မြန်မာ့အရေး၊ ကမ္ဘာ့အရေးကဏ္ဍကို နားထောင်ပြီး မြန်မာနိုင်ငံသား သောတရှင်တယောက်အနေနဲ့  ဒီလိုမြင်ပါတယ်။

ဆွေးနွေးကြတာက နာဂစ်အပြီး မြန်မာ့နိုင်ငံရေးကို ဘယ်လိုဆက်သွားကြမလဲ။ NLD ရဲ့ အထူးကြေညာချက်နဲ့  ပတ်သက်တဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်။ ဒီချုပ်က ပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီး ဦးသိန်းညွန့်နဲ့ နယ်စပ်ရောက် ခေတ်ပြိုင်ဂျာနယ် ပင်တိုင်ဆောင်းပါးရှင် ဒေါက်တာလွဏ်းဆွေတို့ ပါဝင်ဆွေးနွေးကြပါတယ်။

ရေဒီယိုမှာ တော်တော်များများ နားထောင်ပြီးကြပြီဖြစ်လို့  အခြေအတင် ပြောစကားတွေအတိုင်း မတင်ပြလိုတော့ပါ။ သူတို့ ဆိုလိုချက်တွေကိုပဲ ကျွန်တော်နားလည်သလို ပြန်လည်တင်ပြတာပါ။

ဒီချုပ်လူကြီး ဦးသိန်းညွန့်ရဲ့ စကားတွေကို ချုပ်လိုက်ရင် နာဂစ်အပြီး မြန်မာ့နိုင်ငံရေးသည် အလှည့်အပြောင်းတစ်ခု မုချလိုအပ်နေပါသည်။ ပြည်သူလူထုရဲ့ အခြေအနေသည် ကြီးမားသော အကျပ်အတည်းကြီးနှင့် ရင်ဆိုင်နေရသည့်အပြင် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်လာပါတော့မည်။ ဒါကြောင့် ဒီအကျပ်အတည်းကြီးကို ဖြေရှင်းကျော်လွားနိုင်ရန် ၁၉၉၀ ခုနှစ် ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များကို လွှတ်တော်ခေါ်ပေးရန် ဖြစ်သည်။ နာဂစ်အတွက် ကုဋ္ဋေပေါင်းများစွာ ဆုံးရှုံးခဲ့ပါသည်။ ဒါတွေကို ဖြည့်ဆည်းဖို့ နိုင်ငံတကာ အကူအညီတွေ လိုအပ်နေပါသည်။ ဒါတွေအားလုံး ဖြေရှင်းဖို့အတွက် လွှတ်တော်ခေါ်ပေးပါရန်။

သွေးချောင်းစီးမှု အနည်းဆုံးလမ်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဘောင်အတွင်းက ယခုအချိန်အထိ ဥပဒေနဲ့အညီ လွှတ်တော်ခေါ်ပေးရမယ်ဆိုတဲ့ အခြေခံအပေါ်မှာသာ ကျွန်တော်တို့  ရပ်တည်သွားမှာ ဖြစ်ပါကြောင်း ဦးသိန်းညွန့်က ဆိုပါသည်။ ဆက်လက်၍ နိုင်ငံတကာက လေဘေးအတွက် ဖြစ်တဲ့နည်းနဲ့ ဝင်ရောက်ကူညီပေးပါရန် ပြောဆိုပြီး ဖြစ်ပါသည်။

ဦးသိန်းညွန့်ရဲ့ စကားတွေကို ထပ်ပြီးချုပ်လိုက်ရင် …

(၁) လွှတ်တော် ခေါ်ပေးပါ။
(၂) နိုင်ငံတကာမှ ဝင်ရောက်ကူညီပါဆိုတာ (ပြောပြီးခဲ့)။
(၃) ယခုအချိန်အထိ ဥပဒေနဲ့အညီ ရပ်တည်နေ။

ဒေါက်တာလွဏ်းဆွေရဲ့ ဆွေးနွေးချက်တွေကို ကြည့်လိုက်ရင် NLD ၏ ဇွန် ၁၈ ရက်နေ့ ကြေညာချက်သည် အလွန်နောက်ကျနေပါပြီ။ နိုင်ငံတကာ အကူအညီတွေကို ဖြစ်တဲ့နည်းနဲ့  အတင်းဝင်ရောက်ပေးပို့ ကူညီရန်ကို အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ် ကယ်ဆယ်ရေး သဘောင်္တွေ မြန်မာ့ရေပိုင်နက်အနီး ဆိုက်ကပ်ထားစဉ်မှာ ပြင်းပြင်းထန်ထန် တောင်းဆိုသည့် ကြေငြာချက်ကို ထုတ်သင့်ပါသည်။ ယခုလည်း ထုတ်လို့ရပါသည်။ အမေရိကန် ဒုကာကွယ်ရေးဝန်ကြီးက ကူညီဖို့ရန် အသင့်ပင် ရှိနေပါသည်ဟု ပြောထားကြောင်း။ ဟိုယခင်က NLD ၏ နိုင်ငံတကာမှ ကူညီပါရန် တောင်းဆိုချက်သည် ယေဘူယျဆန်ကြောင်း။

NLD ၏ လွှတ်တော်ခေါ်ပေးရန် အထူးကြေညာချက်သည် ဘာမှပိုပြီးမထူးပါ။ ၁၈ နှစ်အတွင်း ဒီလိုမျိုး တောင်းဆိုကြေညာချက်တွေ အကြိမ်ကြိမ် ရှိခဲ့ပါသည်။ န.အ.ဖမှ မလိုက်လျောသည့်အပြင် ပိုပြီးတရားဥပဒေမဲ့ နှိပ်ကွပ်လာနေသည်မှာ အထင်အရှား ဖြစ်နေပါသည်။ ဒါကြောင့် NLD လူကြီးများသည် စွန့်စွန့်စားစားဖြင့် ကိုယ်ဘာသာ လွှတ်တော်ခေါ်ဖို့ လိုအပ်နေပါသဖြင့် တိုက်တွန်းပါသည်။ NLD သည် ဒီလိုပဲ ကြေငြာချက်တွေ ထုတ်ပြီး စောင့်နေမည်ဆိုလျှင် လူထုကြီးမှာ အတွင်းကြေကြေပြီး နစ်မွန်းကြရတော့မည် ဖြစ်ပါသည်။

မြန်မာပြည်အတွက် လိုအပ်နေသော အကူအညီသည် ကုလသမဂ္ဂ၊ အာစီယံတို့လောက်နှင့် မလုံလောက်နိုင်ပါ။ လူထုက မျှော်လင့်နေတဲ့ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ် သင်္ဘောတွေ ဝင်ရောက်ကြဖို့ကို ပြည်ပရောက် ဒီမိုကရေစီရရှိရေး အတိုက်အခံအဖွဲ့ အစည်းများမှလည်း လော်ဘီတွေလုပ်ပြီး ပြင်းပြင်းထန်ထန် တောင်းဆိုသင့်ကြောင်းကို ဒေါက်တာလွဏ်းဆွေမှ တင်ပြဆွေးနွေးခဲ့ပါသည်။ နောက်ဆုံးမှာ နာဂစ်အပြီး လူထုရဲ့ အကြပ်အတည်းမှာ ပိုမိုကြီးထွားလာနိုင်ပြီး အုံကြွပေါက်ကွဲမှုကြီး ဖြစ်လာနိုင်ပါသည်။ လူထု၏ ဒေါသသည် န.အ.ဖအပေါ်သာမက NLD လူကြီးတွေ၏ အပေါ်ကိုပါ ကျရောက်လာပြီး ကြီးမားတဲ့ သွေးထွက်သံယိုမှုကြီး ဖြစ်ပေါ်လာနိုင်ကြောင်း ဒေါက်တာလွဏ်းဆွေက တင်ပြလိုက်ပါသည်။

ဒေါက်တာလွဏ်းဆွေ၏ တင်ပြချက်များကို အနှစ်ချုပ်လိုက်သော် …

(၁) NLD ၏ ဇွန် ၁၈ ရက် အထူးကြေညာချက်သည် နောက်ကျနေပြီ။
(၂) အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်သင်္ဘောတွေ ရှိနေစဉ် ပြင်းပြင်းထန်ထန် မတောင်းဆိုခဲ့။
(၃) လွှတ်တော်ခေါ်ပေးရန် ကြေညာချက်သည် မရေရာသော ဓာတ်ပြားဟောင်းကြီးကို အကြိမ်ကြိမ် ဖွင့်နေခြင်းသာဖြစ်သည်။
(၄) NLD လူကြီးများ စွန့်စွန့်စားစား ကိုယ့်ဘာသာ လွှတ်တော်ခေါ်ပါ။
(၅) စောင့်နေလျှင် လူထု နာသထက်နာမည်၊ ပေါက်ကွဲမှုဖြစ်ပြီး NLD လူကြီးများအပေါ်သို့  လူထုဒေါသ ကျရောက်နိုင်သည်။
(၆) ပြည်ပရောက် အတိုက်အခံများ ပြင်းထန်စွာ လော်ဘီလုပ်ရန်၊ သင်္ဘောများဝင်ရန် တောင်းဆိုသင့်သည်။
အထက်ပါ ပုဂ္ဂိုလ်နှစ်ဦးရဲ့ စကားတွေကို သုံးသပ်ကြည့်တဲ့အခါမှာ ဦးသိန်းညွန့်ရဲ့ စကားတွေက ယေဘူယျဆန်ပြီး ခိုင်မာပြတ်သားတဲ့ လမ်းစဉ်နဲ့ ဆောင်ရွက်လှုပ်ရှားနေတဲ့ ခေါင်းဆောင်ပိုင်း နိုင်ငံရေးသမားတဦးရဲ့ အသံမျိုး မဟုတ်ဘဲ ထမင်းရေပူလာ လျှာလွှဲပြောတတ်တဲ့ သာမန်ရှေ့နေ စကားမျိုးတွေ ဖြစ်နေတာ တွေ့ရပါတယ်။ ကယ်ဆယ်ရေး စစ်သင်္ဘောတွေကို ပြင်းထန်တဲ့ ကြေညာချက်တွေထုတ်ပြီး မခေါ်တဲ့ကိစ္စကို NLD လူကြီးများအနေနဲ့ ငြင်းချက်မထုတ်နိုင်တော့ပါဘူး။ ဒါဟာ နိုင်ငံရေးရှုထောင့်ကပဲ ကြည့်ကြည့် လူမှုရေးနဲ့ အမျိုးသားရေးရှုထောင့်ကပဲ ကြည့်ကြည့် သမိုင်းအကွေ့အကြောင်းတခုမှာ အမှားကြီးတခု ကျူးလွန်လိုက်တာပဲလို့  စွပ်စွဲမယ်ဆိုရင် NLD လူကြီးတွေ ဘယ်လိုချေပနိုင်မလဲ။ ပြည်သူကို ဘယ်လိုရှင်းလင်းနိုင်မလဲ။

မရေရာတဲ့ လွှတ်တော်ခေါ်ပေးရေး တောင်းဆိုမှုသည်လည်း လူထုအတွက် လုပ်ရမယ့် အလုပ်ကို လုပ်နေတာလား။ ဒါမှမဟုတ် ပါတီအတွက် ပုဂ္ဂိုလ်တဦးတစ်ယောက်အတွက်၊ လူကြီးတစ်စုအတွက် လုပ်သင့်တဲ့ အလုပ်ကို လုပ်နေတာလားလို့  မေးခွန်းထုတ်ရင် ဘယ်လိုဖြေကြမလဲ။ ကျွန်တော်တို့ က သွေးချောင်းမစီးတဲ့ လမ်းစဉ်ကိုပဲ ကျင့်သုံးနေပါတယ်ဆိုတဲ့ အဖြေသည် နိုင်ငံရေးခေါင်းဆောင်ဆိုသူများရဲ့ လုံလောက်တဲ့ အဖြေဖြစ်နေပြီလား။

ဒေါ်အောင်ဆန်းစုကြည် မလှုပ်ရှားနိုင်တဲ့ အကျဉ်းကျခံ နှစ်တွေအတွင်း ကျန်သော NLD ခေါင်းဆောင်များက ပါတီမပျက်ရုံ ထိန်းထားနိုင်တာနဲ့ နိုင်ငံရေးတာဝန် ကျေပြွန်နေကြပြီလား။ န.အ.ဖသည် မရေရာတဲ့ ကြေညာချက်လောက်ကို ထုတ်နေတဲ့ NLD က နိုင်ငံရေးခေါင်းဆောင်ကြီးတွေကို မဖမ်း မချုပ်ဘဲ နိုင်ငံရေးအမြတ်ထုတ်ပြီး သူ့ကိုယ်သူ ခိုင်မာကြီးထွားအောင် လုပ်နေတာမျိုး ဖြစ်မနေဘူးလား။

အမေရိကန်ကို ရန်သူလို့ မီးမောင်းထိုးပြနေတဲ့ န.အ.ဖက အမေရိကန် ကူညီရေးသင်္ဘောကို အဝင်မခံဘဲ ဆန့်ကျင်နေသလို NLD ကလည်း အတင်းအကျပ် မတောင်းဆို မဖိတ်ခေါ်ခြင်းသည် အမေရိကန်ကို မလိုလားတဲ့ န.အ.ဖရဲ့ သဘောထားနဲ့ တစ်ထပ်တည်း ရပ်တည်နေကြပြီလားလို့ မေးရင် NLD လူကြီးတွေ ဘယ်လိုဖြေကြမလဲ။

ဒေါက်တာလွဏ်းဆွေရဲ့ ဆွေးနွေးချက်တွေကို သုံးသပ်မိတာကတော့ ဖြစ်ရပ်တွေရဲ့ ပကတိ အခြေအနေတွေကို လက်တွေ့ကျကျ တင်ပြတောင်းဆိုတာကို တွေ့ရပါတယ်။ NLD ရဲ့ အထူးကြေညာချက်သည် နောက်ကျနေတယ်။ လွှတ်တော်ခေါ်ပေးရန် တောင်းဆိုမှုကလည်း လက်တွေ့မကျတဲ့ ဓာတ်ပြားဟောင်းကို ဖွင့်နေတယ်ဆိုတာ NLD လူကြီးတွေ မငြင်းနိုင်ပါဘူး။ NLD ပါတီ မပျောက်မပျက်ရှိနေရုံ၊ ထိန်းထားတာလောက်ဆိုရင် တိုင်းပြည်အတွက် အန္တရာယ်ကြီးနေပါတယ်။ ဘာကြောင့်လဲဆိုရင် န.အ.ဖသည် သူအသေရိုက် မသတ်ဘဲ နိုင်ငံရေးအမြတ်ထုတ်ဖို့  အတိုက်အခံ ပြရုပ်ကလေးတစ်ခုကို မွေးထားသလို ဖြစ်နေပြီိလို့ ယူဆလို့ ရပါတယ်။

ဒါကြောင့် NLD ခေါင်းဆောင်ကြီးတွေသည် မိမိတို့ ချမှတ်ထားတဲ့ လမ်းစဉ်ကို ယုံယုံကြည်ကြည် လိုက်နာကျင့်သုံးဖို့  ပြန်လည်စဉ်းစားသင့်ပါတယ်။ ဒေါက်တာလွဏ်းဆွေရဲ့ တင်ပြချက်သည် ဒီအချက်ကို လိုက်နာတဲ့အနေနဲ့  ဆောင်ရွက်ရမယ့် လွှတ်တော်ခေါ်ရေးကို မိမိတို့ဘာသာ ပြုလုပ်ပါလို့ တောင်းဆိုတာပါ။ NLD က ကိုင်စွဲထားတဲ့ အကြမ်းမဖက်တဲ့နည်းဆိုတာ ခေါင်းဆောင်ကြီးများက ရှေ့တန်းက အသေခံရမယ်။ အဖမ်းအချုပ်၊ အနိုပ်အစက် ခံကြရမယ်။ အထက်ခေါင်းဆောင် အဆင့်ဆင့်က ဒီအတိုင်း လိုက်နာကျင့်သုံးရမယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးက သူတို့ပဲ ဒီနည်းအတိုင်း အဖမ်းခံမယ်။ ကျန်တဲ့လူတွေ အဖမ်းမခံရအောင်နေပါ။ ပါတီမပျက်ဖို့ဘဲ အရေးကြီးတယ်လို့ ပြောထားကြလို့လားလို့ NLD လူကြီးတွေကို မေးခွန်းထုတ်လိုက်သလို ဒေါက်တာလွဏ်းဆွေရဲ့ စကားက နက်ရှိုင်းလှပါတယ်။

NLD လူကြီးတွေ မရေရာတဲ့ ကြေညာချက်လောက်ထုတ်ပြီး ဘာမှထိထိရောက်ရောက် မလှုပ်ရှားဘဲ ဒီလိုပဲ န.အ.ဖရဲ့ သဘောတူ လိုက်လျောမှုကို စောင့်နေကြမယ်ဆိုရင် မြန်မာပြည်သူတွေ နာသထက်နာ၊ အတွင်းကြေ ကြေပြီး ပိပြားချပ်ဘဝကို ရောက်ရတော့မယ်လို့ သတိပေးချက်သည် အင်မတန် မှန်ကန်တဲ့ သတိပေးချက်ပါ။ တစ်ချိန်ချိန်မှာ လူထုရဲ့ အုံကြွပေါက်ကွဲမှုကြီး ဖြစ်ရင်တောင် န.အ.ဖကိုတင်မကဘဲ NLD လူကြီးတွေကိုပါ ဒေါသမီး ကျရောက်နိုင်တယ်ဆိုတာလည်း NLD လူကြီးတွေ လေးလေးနက်နက် ဂရုပြုရမယ့် အချက်ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် လူထုက နင်တို့ကို ယုံပြီး ပုံမိလို့ ငါးပါးကြီး မှောက်ခဲ့တယ်လို့ မြင်သွားရင် NLD ရဲ့ သမိုင်းသည် ညှိုးနွမ်းသွားနိုင်ပါတယ်။

နောက်ဆုံးမှာ ဒေါက်တာလွဏ်းဆွေ တင်ပြသွားတာက ပြည်ပရောက် ဒီမိုကရေစီလှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေက ကယ်ဆယ်ရေး သင်္ဘောတွေ ဝင်ရောက်ရေးအတွက် ပြင်းထန်တဲ့ တောင်းဆိုမှုတွေ၊ လော်ဘီတွေ လုပ်ကြဖို့ ဖြစ်ပါတယ်။ ဒါက ပြည်ပရောက် နာမည်အမျိုးမျိုးနဲ့ အဖွဲ့အစည်းတွေသည် ပြည်သူအတွက် အဓိကလုပ်ရမယ့် အလုပ်ကို မလုပ်လို့ ပြောခြင်းဖြစ်ပါတယ်။

ဒီအချက်သည် ပြည်တွင်းက NLD ခေါင်းဆောင်တွေ၊ ပြည်ပက အဖွဲ့အစည်း ခေါင်းဆောင်တွေဟာ အမေရိကန် ကယ်ဆယ်ရေး သင်္ဘောတွေကို အတင်းဝင်ရောက်ဖို့ မခေါ်တဲ့ အချက်မှာ တူညီနေတာကို မြင်သာပါတယ်။ န.အ.ဖကလည်း ဒီသဘောပါပဲဆိုတော့ တိုက်ဆိုင်မှုသည် အကူအညီကို အထူးလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် စဉ်းစားစရာ အချက်ကြီးတစ်ခု ဖြစ်နေပါသည်ဟု သုံးသပ်တင်ပြလိုက်ပါကြောင်း ။ ။

မင်းကြီး
သရေခေတ္တရာ

1 comment:

MHM said...

ကိုလွဏ်းဆွေက မဲဆောက်ကနေ လေသေနတ်နဲ့ ပစ်တာဆိုတော့ စကားလုံးကြီးကြီး နီနီရဲရဲတွေနဲ့ ပစ်တာပေါ့ ခင်ဗျာ။ နှစ်ဖက်စလုံးက ဆွေးနွေးဝိုင်း ဆိုတဲ့အတိုင်း စကားအရ ပြောနေကြတာပါပဲ။ လက်တွေ့ကတော့ ဘယ်သူမှ မလုပ်နိုင်ကြသေးပါဘူး။