တနေ့
ငါတို့ အိမ်ပြန်ကြမယ်။
ခွဲခွာခြင်းတွေ အဆုံးသတ်
နှုတ်ဆက်အပြုံးတွေ ပါးချင်းအပ်
အချစ်ပန်းများ အထပ်ထပ်ပွင့်ဝေ
ငါတို့ အိမ်ပြန်တဲ့နေ့တွေလေ။
သံတိုင်နဲ့ တံတိုင်းတွေ အားလုံးဖြိုချ
ရက်စက်မှု ယုတ်မာမှု တရားမဲ့မှုတွေ
ဒီနေရာမှာ အလုံးစုံမြှုပ်နှံလို့
တို့ဒဏ်ရာတွေနဲ့ ဖုံးဖိထားခဲ့မယ်
‘နောင် ဘယ်သူမှ မတူးဆွရ’
စာတတမ်းလည်း ရေးခဲ့မယ်
ငါတို့ အိမ်ပြန်ကြမယ်။
ယမ်းငွေ့နဲ့ ဟစ်ကြွေးသံတွေ
အသက်ကို ရွက်ပြေးရတဲ့ ခြေသံတွေ
တောတောင်ကို ဖဲ့စားရင်း ပဲ့ကျနေတဲ့ ဘဝတွေ
အေးအေးမြမြ မိုးရာသီမှာ
တောပန်းနဲ့အတူ ငါတို့ပြန်ပွင့်
ငါတို့နဲ့အတူ တောပန်းလည်းပွင့်
တို့အိမ်တိုင်းမှာ ပန်းပွင့်မယ်
ငါတို့ အိမ်ပြန်ကြမယ်။
ဇာတိလည်းမဟုတ် အမွေလည်းမဟုတ်
ခြားနားမှုအပေါင်းနဲ့ တုတ်နှောင်
အလင်း အမှောင် ရောယှက်တဲ့
စွန့်ရက်များကို စွန့်ပစ်
စွန့်လွှတ်ဖို့အတွက် စွန့်ကြမယ်
ငါတို့လက်တွေ မြဲမြံတယ်
တို့ချွေးတွေက အေးမြတယ်
ဧရာဝတီ စီးနေတယ်
ငါတို့ အိမ်ပြန်ကြမယ်။
အမေ အိမ်မှာရှိနေတယ်
အမေ့အိမ်ကို အလင်းတံခါးတွေတပ်
ရောင်စုံပွင့်ချပ်တွေနဲ့ စီခြယ်လို့
အမေ့ကို ပူဇော်မယ်
တနေ့
ငါတို့ အိမ်ပြန်ကြမယ်။ ။
ဝင်းပေါ်မောင်
၂ဝဝ၇ ဇွန် ၂၇
Tuesday, August 5, 2008
ငါတို့ အိမ်ပြန်ကြမယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment