စီးတော့ စီးနေတာပဲ
တောင်လား မြောက်လားမသိတဲ့
အဲဒီ မြစ်တွေထဲ
ဒိုက်တွေကို ရေက ကျောပိုးလို့
ရေတွေကို သဲက ထမ်းလို့
ဒရောသောပါး မျောနေလိုက်တာများ
ရေစီးထဲ
ရေတိမ်ကမ်းပါးတွေ ဒရွတ်ဆွဲလိုက်နေခိုက်
စောက်နက်နက်တွေ ပဲ့ပြီးရင်း ပဲ့ကျ။
မြစ်ပဲ
ကွေ့စရာရှိ ကွေ့
ကောက်စရာရှိ ကောက်
သဘာဝမှာ အထာကျအောင်နေတတ်တာ
‘မာယာ’လို့ ဆိုပါလား။
မြစ်ပဲ
ကျဉ်းချင်ကျဉ်း ကျယ်ချင်ကျယ်
ကြည်ချင်ကြည် နောက်ချင်နောက်
ကောချင်ကော နက်ချင်နက်
ထည့်တွက်စရာ မရှိဘူး...တဲ့။
မြစ်ပဲ
မိုးရွာရွာ နေပူပူ
လေထန်ထန် နှင်းကျကျ
အလိုလို ပြည့်ပြည့်လာတဲ့ ရေတွေက
အလိုလို စီးစီးသွားနေတာ
အရာရာဟာ အလိုလို။
ဒီလိုနဲ့
မြစ်တွေက ပင်လယ်ထဲရောက်
ပင်လယ်က မိုးပေါ်ရောက်
မိုးက မြစ်ထဲပြန်ရောက်။
မိုးတွေ ရွာချလိုက်လေတိုင်း
ရေတွေ ပိုခါးလာတယ်။ ။
ဝင်းပေါ်မောင်
No comments:
Post a Comment