ကိုရီးယားအစိုးရသည် ရွှေ့ပြောင်းအလုပ်သမားများအား “တရားမဝင်နေထိုင်သူများ”ဟု သမုတ်ကာ ရာဇဝတ်မှုကျူးလွန်ထားသူ ရာဇဝတ်ကောင်များအလား ပြုမူဆက်ဆံလျက်ရှိပါသည်။ ထိုသို့လုပ်ကိုင် ဆောင်ရွက်မှုများကြောင့် မရေတွက်နိုင်လောက်အောင်များပြားသော လူ့အခွင့်အရေးချိုးဖောက်မှုများ မပြတ် ဖြစ်ပေါ်လျက်ရှိနေသည်။
သို့သော် မည်သူတစ်ဦးယောက်မှ မိတ်ဆွေတို့မှာ ဘယ်လိုအခွင့်အရေးတွေ နှင့် ရပိုင်ခွင့်တွေရှိတယ်ဆိုတာ ပြောပြခဲ့ခြင်း မရှိခဲ့ဘူး။ ယခု တုန့်ပြန်ရင်ဆိုင်မှုလမ်းညွှန်သည် အကယ်၍ မိတ်ဆွေတို့ မတရားဖမ်းဆီးမှုမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရမယ်ဆိုရင် မိမိအနေနဲ့ အနိမ့်ဆုံးအဆင့် ဘယ်လိုအခွင့်အရေးတွေ ရယူတောင်းဆို နိုင်တယ်ဆိုတာကို အသိပေးပြောထားခြင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလမ်းညွှန်ချက်ကိုသေချာစွာ လေ့လာမှတ်သားပြီး မိတ်ဆွေတို့ရဲ့ အခွင့်အရေးတွေချိုးဖောက်ခံရတဲ့အခါ ရင်ဆိုင်တုန့်ပြန်တောင်းဆိုကြပါ။ မိတ်ဆွေတို့မှာ နစ်နာစေမဲ့ အခွင့်အရေးချိုးဖောက်မှု မည်သည့်အရာကိုမဆို ရင်ဆိုင်ရတဲ့အခါမှာ မိမိကိုယ်ကို မိမိကိုယ်တိုင်ကာကွယ်ဖို့ နှင့် တုန့်ပြန်ရင်ဆိုင်ဖို့ဆိုတဲ့ မွေးရာပါအခွင့်အရေးက ရှိပါတယ်။
(က) သင်သည် စက်ရုံ သို့မဟုတ် စက်ရုံရှိအခန်း၊ အိမ် တွင်ရှိနေခိုက် သင့်အားဖမ်းဆီးရန်အတွက် လာသော လဝကဝန်ထမ်းများသည် တရားရုံးတော်မှခွင့်ပြုထားသော ဖမ်းဆီးခွင့်ဝရမ်းမပါပဲ လာရောက်ဖမ်းဆီးလျှင် ထိုဖမ်းဆီးမှုသည် တရားမဝင်ဖမ်းဆီးမှုဖြစ်သည်။
(ခ) သင့်အားဖမ်းဆီးရန်လာသူအား အမည်နှင့် ၄င်း၏တာဝန်ထမ်းဆောင်ရာဌာန တို့ကိုမေးမြန်းပြီး၊ အမည်နှင့် ဌာနတို့အား အရင်ဦးစွာပြသရန် တောင်းဆိုရမည်ဖြစ်သည်။
(ဂ) သင်၏အမည်အား ရေးသားဖော်ပြထားသော ထိမ်းသိမ်းခွင့်ပြုမိန့် (ဝရမ်း) 보호명령서 (ဘိုဟိုးမြောင်လရောင်ဆော)သို့မဟုတ် အရေးပေါ် ထိမ်းသိမ်းခွင့်ပြုမိန့် 긴급보호서 ( ဂင်ဂုဘ်ဘိုဟိုးဆော)ကို တောင်းယူကြည့်ရှု စစ်ဆေးရမည်ဖြစ်သည်။
(အကယ်၍ သင်၏ အမည်ရေးထိုးထားသော ထိမ်းသိမ်းခွင့်ပြုမိန့်(ဝရမ်း) ကို မပြနိုင်ပါက၊ တရားမဝင် ဖမ်းဆီးမှု ဖြစ်ကြောင်း ပြောဆို၍၊ ထိုသူ၏ ဖမ်းဆီးခြင်းကို မခံပါနှင့်။)
(ဃ) အကယ်၍ ဖမ်းဆီးခံရပြီးနောက် သင်သည်တရားမျှတမှုမရှိသော စစ်ဆေးမှုများအားဖြေဆိုရန် ငြင်းဆိုခြင်း၊ ရှေ့နေ စသော ဥပဒေကို နားလည်သူများ၏ အကူအညီကို တောင်းဆိုခွင့်ရှိသည်။
(င) အကယ်၍သင်သည် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ဆေးကုသနေဆဲ သို့မဟုတ်ဒဏ်ရာပျောက်ကင်းမှု မရှိသေးခြင်း၊ ဝေဒနာခံစားနေရသောလူမမာ၊ ကိုယ်ဝန်ဆောင်မိခင်၊ ဒုက္ခသည်အဖြစ်လျှောက်ထားသူ၊ လူကုန်ကူးခြင်းခံထားရဖူးသောသူ စသည်တို့ဖြစ်ပါက သင့်အားဖမ်းဆီးရန်လာသူအား ထိုအကြောင်းကို ပြောပြ၍ မဖမ်းဆီးရန် ကာကွယ်ပြောရမည်။
(စ) အောက်ပါအချက်များနှင့်ကိုက်ညီပါက တရားမဝင်ဖမ်းဆီးခြင်းဖြစ်သည်။ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များသို့ ချက်ချင်းဆက်သွယ်ပါ။
၁၊ သင့်အားဖမ်းဆီးစဉ် ဖမ်းဆီးသူများ၏ ရိုက်နှက်ထိုးကြိတ်ခြင်းကို ခံရသည့်အခါနှင့် ထိခိုက်ဒဏ်ရာရရှိသည့် အခါ။
၂၊ လဝကဝန်ထမ်းများ ဖမ်းဆီးခွင့်ဝရမ်းမပါရှိပဲ စက်ရုံသို့မဟုတ် နေထိုင်ရာအခန်းသို့ ဝင်ရောက်၍ သင့်အား ဖမ်းဆီးသည့်အခါ။
၃၊ သင်၏ အမည်ရေးထိုးထားသော ဖမ်းဆီးမိန့်ကိုမပြပဲ သင့်အားဖမ်းဆီးရန် ကြိုးစားသည့်အခါ။
သင့်အားမတရားဖမ်းဆီးသည့်အခါ အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပါတ်
ကိုရီးယားအမျိုးသားလူ့အခွင့်အရေးကော်မရှင် ၁၃၃၁
ဘားမားအက်ရှင်ကိုရီးယား 010-7155-6581(အတွင်းရေးမှူး)
အလုပ်သမားသမဂ္ဂများ 010-8263-1876(အီဂျောင်ဝန်း)
၂၊ ဖမ်းဆီးခံရပြီး လဝက အချုပ်ခန်းသို့ ရောက်ရှိသောအခါ (ချုပ်နှောင်ခြင်း၊ စစ်ဆေးခြင်း အစရှိသည်)
(က) သင်အဖမ်းခံရခြင်းကို သင်၏ ဆွေမျိုး သို့မဟုတ် မိတ်ဆွေသူငယ်ချင်းများ၊ နိုင်ငံခြားသားအလုပ်သမားအကူ အညီပေးသောရုံးများ စသည်တို့ထံသို့အသိပေးနိုင်ရန် တောင်းဆိုရမည်ဖြစ်သည်။( အဖမ်းမခံရခင်ကတည်းကပင် ကြိုတင်၍ မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုး၊ အကူအညီပေးမည့်အဖွဲ့အစည်းများ၏ ဖုန်းနံပါတ်များနှင့် လိပ်စာအစရှိ သည်တို့ကို အမြဲတမ်းကိုယ်နှင့်အတူ ထားရှိရမည်။)
(ခ) အကယ်၍ သင့်အားစစ်ဆေးမေးမြန်းမှုများ ပြုလုပ်လာပါက ဘာသာပြန်ခေါ်ပေးရန်တောင်းဆိုပါ၊ အကယ်၍ ဘာသာပြန်မရှိလျှင် လုံးဝအစစ်ဆေးမခံပါနှင့်။
(ဂ) သင်ကိုယ်တိုင် ဘာမှန်းမသိသော စာရွက်စာတမ်းများတွင် လုံးဝလက်မှတ်ရေးထိုးခြင်း မပြုပါနှင့်။ သင့်အား စစ်ဆေးပြီးသော စစ်ချက်စာရွက်ပေါ်တွင် ပါရှိသည်များ မှန်ကန်မှု ရှိမရှိ သိရှိနိုင်ရန်အတွက် ဘာသာပြန်သူမှတဆင့် ဖတ်ကြားရှင်းလင်းပြရန် သင့်ကိုစစ်ဆေးသူအား တောင်းဆိုမှုပြုပါ။
(ဃ) လစာရရှိရန်ကျန်ရှိနေသည်များ၊ လစာစပေါ်ငွေကျန်ရှိနေသည်များ၊ လုပ်ငန်းခွင်ထိခိုက်မှု အစရှိသည့် ပြဿနာများရှိပါက ထိုပြဿနာများအသေးစိတ်ပြောဆိုပါ။ အကယ်၍ ပြဿနာမှာအလွယ်တကူ ဖြေရှင်းရန် ခက်ခဲနေပါက၊ အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားရန် တောင်းဆိုပါ။
(င) ဖမ်းဆီးခြင်းအား ပြန်လည်လွှတ်ပေးရန် လျှောက်ထားခွင့်ရှိသည်။ အကယ်၍ ပြန်လည်လွှတ်ပေးရန် လျှောက်ထားလိုပါက လဝက ဝန်ထမ်းအား ထိုအကြောင်းအရာကို ပြော၍ လုပ်ရမည့်နည်းလမ်းနှင့် ဆောင်ရွက်ပုံ အဆင့်ဆင့်ကို မေးမြန်းပြီး၊ မိမိ၏ လိုအပ်ချက်များအား ဆောင်ရွက်ပေးရန် တောင်းဆိုပါ။
===================================================================
No comments:
Post a Comment