Saturday, August 23, 2008

ရွှေ့ပြောင်းအလုပ်သမားများ မေးလေ့မေးထ ရှိသော အလုပ်သမားဥပဒေ မေးခွန်း ၁ဝဝ အဖြေ ၁ဝဝ အပိုင်း(၃)

(၃)အလုပ်ချိန်၊အားလပ်ရက်၊အားလပ်ချိန် တို့နှင့် ပတ်သက်၍

၁ဝ၊ အလုပ်ချိန်နှင့် ပတ်သက်၍
၁၁၊ အချိန်ပိုအလုပ်လုပ်ခြင်းနှင့် ပတ်သက်၍
၁၂၊ ညအလုပ်လုပ်ခြင်းနှင့် ပတ်သက်၍
၁၃၊ အပတ်စဉ်အားလပ်ရက်နှင့် ပတ်သက်၍
၁၄၊ အားလပ်ရက်သည် တနင်္ဂနွေမဟုတ်ခဲ့လျှင်
၁၅၊ ပြက္ခဒိန်ပါ အနီရောင်ရက်များသည် အားလပ်ရက် ဖြစ်သလား
၁၆၊ အားလပ်ချိန်နှင့် ပတ်သက်၍

၁ဝ၊ အလုပ်ချိန်နှင့် ပတ်သက်၍

မေး။ ။ ကိုရီးယားတွင် အလုပ်လုပ်သည့် စနစ်သည် စက်ရုံတစ်ခုနှင့် တစ်ခုမတူညီပေ။
ဘယ်လို စနစ်အမျိုးအစားတွေရှိပါသလဲ။

ဖြေ။ ။ စက်ရုံ၏ အလုပ်အမျိုးအစားကိုလိုက်၍ အမျိုးအစားကွဲပြားမှု အချို့ရှိပါသည်။
အများအားဖြင့် တစ်နေ့လျှင် ဘယ်နှစ်နာရီ အလုပ်လုပ်၍ တနင်္ဂနွေနေ့တွင် အလုပ်နားသည့် စနစ်ဖြစ်သည်။ သို့သော် အချို့စက်ရုံများသည် အလှည့်ကျစနစ် ဖြင့် အလုပ်သမားများကို အုပ်စုခွဲ၍ အလှည့်ကျ လဲလှယ်၍ အလုပ်လုပ်သော စနစ်ဖြစ်သည်။ ၂၄နာရီပတ်လုံး စက်များကိုမောင်းနှင် အလုပ်လုပ်ရသော စက်ရုံများမှာ ထိုသို့ ပြုလုပ်လေ့ရှိကြသည်။
အလှည့်ကျလဲလှယ်သည့်စနစ်သည်
အလုပ်သမားများအား နေ့ဆိုင်း၊ ညဆိုင်းဖြင့် အုပ်စုခွဲကာ တစ်ရက်လျှင် ၁၂နာရီကျ အလုပ်လုပ်စေသည့် ၂ဆိုင်းလဲသည့်စနစ်၊ အလုပ်သမားများအား ၃အုပ်စုခွဲကာ ၁ရက်လျှင် ၈နာရီကျ အလုပ်လုပ်စေသည့် ၃ဆိုင်းလဲသည့်စနစ်လည်း ရှိသည်။
ထို့ပြင် တစ်ရက်လျှင် ၂၄နာရီလုံးလုံးအလုပ် လုပ်၍ နောက်တစ်နေ့ ၂၄နာရီလုံးလုံးအနားယူသည့် စနစ်လည်းရှိသည်။
ထိုသို့ တစ်ရက်နား၊ တစ်ရက်လုပ်သည့်စနစ်သည် လုံခြုံရေးဝန်ထမ်းနှင့် အနွေးပေးစက် မောင်းနှင်သည့်အလုပ်သမားများ စသူများ လုပ်ကြလေ့ရှိသည်။ သို့သော် ရွှေ့ပြောင်းအလုပ်သမားများအလုပ်လုပ်သည့် လုပ်ငန်းခွင်များတွင် ထိုသို့လုပ်ရ သော စက်ရုံမျိုးများမှာ လုံးဝ မရှိသလောက်ပင် ရှားပါးပါသည်။
အထက်ပါစနစ်များအပြင် ဆွဲခန့် (အာလာဗိုက်)ဟုခေါ်ရမည့် စက်ရုံတွင်လုပ်ကျသည့်အခါမျိုးတွင် အခိုက်အတန့်ခေါ်ယူ၍ ခိုင်းသည့်စနစ်လည်းရှိသည်။ ထို့ပြင် လက်ခစား( ဒိုဂုဗ်ဂျဲ)ဟုခေါ်ရမည့် လစား၊ နေ့စား မဟုတ်ပဲ မိမိလုပ်သည့်အလုပ်ပြီးစီးမှုအပေါ်လိုက်၍ တစ်ခုလျှင် မည်မျှဟူ၍ပေးသော စနစ်လည်းရှိသည်။
ထို အမျိုးမျိုးသော အလုပ်လုပ်ရသည့်စနစ်များအထဲမှ မိမိအတွက် စိတ်ချရမှုအရှိဆုံးနှင့် ကျန်းမာရေးရှုထောင့်အရ အကောင်းဆုံးစနစ်မှာ တစ်ပတ်လျှင် ၆ရက် အလုပ်လုပ်၍ တစ်ရက်နားသော စနစ်ဖြစ်သည်။ လုပ်ခ(လစာ)ငွေ တွက်ချက် ရာတွင် လည်း အခြားပုံစံများနှင့် နှိုင်းယှဉ်လျှင် အလွယ်ကူဆုံးဖြစ်သည်။

၁၁၊ အချိန်ပိုအလုပ်လုပ်ခြင်းနှင့် ပက်သက်၍
မေး။ ။ အချိန်ပိုအလုပ်လုပ်ခြင်း( ယောင်ဂျန်းဂွန်လို) ဆိုတာကို ကြားဖူးခြင်းရှိသော် လည်း၊ မည်သည့်အခြေအနေမျိုးကို ခေါ်သလဲ။

ဖြေ။ ။ အချိန်ပိုအလုပ်လုပ်ခြင်းအား အများအားဖြင့် “ဂျန်းနော့”ဟုခေါ်ကြသည်။ အခြေခံအလုပ်သမားဥပဒေတွင် တစ်ရက်အလုပ်ချိန် ၈နာရီ၊ တစ်ပတ်လျှင် ၄၄နာရီ အား အခြေခံ ပုံမှန်အလုပ်ချိန်အဖြင့် သတ်မှတ်ပေးထားသည်။ အကယ်၍ တစ်ရက်လျှင် ၈နာရီထက်ပို၍ အလုပ်လုပ်လျှင် (အနားယူချိန်အား လုပ်အားခ တွင် ထည့်၍မတွက်ပါ) အချိန်ပိုအလုပ်လုပ်ခြင်းဖြစ်သည်။ တစ်ပတ်လျှင် ၄၄နာရီ ထက်ပို၍ အလုပ်လုပ်လျှင်၊ ပို၍လုပ်သမျှသည် အချိန်ပိုလုပ်ခြင်းများသာဖြစ်သည်။ အချိန်ပိုလုပ်အားခမှာ အခြေခံလစာငွေ(အခြေခံလုပ်ခ)၏ ၁၅ဝ % ကိုရရှိမည် ဖြစ်သည်။

၁၂၊ ညအလုပ်လုပ်ခြင်းနှင့် ပတ်သက်၍

မေး။ ။ ကျနော်အလုပ်လုပ်သောစက်ရုံသည် အလုပ်အလွန်များသောကြောင့် တစ်ပတ် လျှင် ၃ကြိမ်ခန့် ညနက်သည်အထိ အလုပ်လုပ်ရသည်။ တခါတရံတွင် သန်းခေါင် ချိန်အထိအလုပ်လုပ်ရသည်။ ထိုသို့ ညနက်အချိန်ထိ အလုပ်လုပ်ရလျှင် လုပ်ခ လစာအား ပို၍ ပေးရမည် မဟုတ်ပါလား။

ဖြေ။ ။ည ၁ဝနာရီ မှ နောက်နေ့ နံနက် ၆နာရီအထိ အလုပ်လုပ်ခြင်းသည်၊ ညဆိုင်း အလုပ်ဖြစ်သည်။ ညဆိုင်းအလုပ်သည် အထူးသဖြင့် လူ၏ ခန္ဓာကိုယ်တွင် မကောင်းသော အကျိုးသက်ရောက်မှုဖြစ်စေသဖြင့်၊ ၅ဝ%အား ပို၍ပေးရခြင်းဖြစ် သည်။


၁၃၊ အပတ်စဉ်အားလပ်ရက်နှင့် ပက်သက်၍

မေး။ ။ ကျနော်အလုပ်လုပ်သော ကုမ္ပဏီတွင် အားလပ်ရက်သည် တစ်လလျှင် တစ်ကြိမ်ခန့်သာ ရှိပါသည်။ အလုပ်များသောကြောင့် ဖြစ်သော်လည်း အနားယူ လိုသော အခါများလည်းရှိပါသည်။ ထိုကဲ့သို့ နားရက်ပင်မရှိသော အလုပ်ကို ဆက်လုပ်သင့်ပါသလား။

ဖြေ။ ။ ကိုရီးယား၏ အလုပ်သမားဥပဒေတွင် ကြည့်မည်ဆိုလျှင် တစ်ပတ်ဆက်တိုက် ပျက်ရက်မရှိ အလုပ်လုပ်သူအား ၁ရက်ကို နားရက်အဖြစ်ပေးရပါသည်။ လစာမဲ့ မဟုတ်သောခွင့်ရက်( ယူဂုရှူးအီးလ်)ဟုဆိုကာ၊ နားရက်အဖြစ်ပေးသော်လည်း လစာမဖြတ်သော နားရက်ဖြစ်သည်။ သို့သော် ထိုလစာမဲ့မဟုတ်သော နားရက် တွင် အလုပ်ခိုင်းခဲ့ပါက အလုပ်သမားက သဘောတူမှဖြစ်သည်။ သို့သော် မိမိမှာ အနားယူလိုသော်လည်း စက်ရုံတွင်အလုပ်အလွန်များနေချိန်တွင်၊ အလုပ်မလုပ်နိုင် ဟု ငြင်းဆိုရန်မှာ ခက်ခဲပေလိမ့်မည်။
အကယ်၍ စက်ရုံတွင် အလုပ်ကို နားရက်မရှိ (သို့) အလုပ်များစွာ ခိုင်းခဲ့သော ကြောင့်၊ အနားယူလိုပါက ကုမ္ပဏီတွင် တာဝန်အရွှေ့အပြောင်း သို့မဟုတ် အလုပ်ချိန် အတိုးအလျော့ ပြုလုပ်ပေးရန် ပြောဆိုကြည့်ရမည်။ သို့သော် ရွှေ့ပြောင်းအလုပ် သမားအများစုမှာ ထိုကဲ့သို့ ပြောဆိုခြင်းကို ဝန်လေး၍ မပြောလိုကြပေ။ ကိုရီးယားစကားကောင်းစွာ မတတ်ခြင်း၊ အကယ်၍ ပြောဆိုလိုက်ပါက စက်ရုံနှင့် ဆက်ဆံရေး မပြေမလည်ဖြစ်ကို စိုးရိမ်ခြင်း ဖြစ်ကြသည်။ သို့သော် မိမိ၏ ကျန်းမာ ရေးကို မိမိသာ စောင့်ရှောက်ရမည်ဖြစ်သောကြောင့်၊ သတ္တိမွေး၍ ကုမ္ပဏီ(စက်ရုံ) သို့ ပြောဆိုညှိနှိုင်းရမည်။ ထိုသို့ အဆင်မပြေနိုင်သည့် အခြေအနေများတွင် အတိုင်ပင်ခံအဖွဲ့အစည်းများသို့ သွားရောက်၍ ဆွေးနွေးတိုင်ပင်၍ အဖြေရှာနိုင် သည်။ ကုမ္ပဏီနှင့် ဆက်ဆံရေးတွင် အထစ်အငေါ့မရှိပဲ ဖြေရှင်းနိုင်မည့် နည်းလမ်း ကောင်းအား ရှားဖွေနိုင်လိမ့်မည်ဖြစ်သည်။


၁၄၊ အားလပ်ရက်သည် တနင်္ဂနွေမဟုတ်ခဲ့လျှင်

မေး။ ။ယခင် အလုပ်လုပ်ခဲ့သော ကုမ္ပဏီတွင် တနင်္ဂနွေနေ့သည် အားလပ်ရက်ဖြစ် သည်။ သို့သော် ကုမ္ပဏီပြောင်းပြီးသော်၊ အားလပ်ရက်မှာ တနင်္ဂနွေမဟုတ်ပဲ စနေဖြစ်နေပါသည်။ ကျနော်အတွက် တနင်္ဂနွေနေ့တွင် အနားယူခြင်းသည် ပို၍ ကောင်းသောကြောင့် မည်သို့ ပြုလုပ်ရမည်နည်း။

ဖြေ။ ။ အခြေခံအလုပ်သမားဥပဒေတွင် ၁ပတ်တွင် ၁ရက်ဖြစ်သော လစာရသည့် အားလပ်ရက်ကို ရရှိရမည်ဟု ပါရှိသည်။ သို့သော် ထို ၁ရက်သည် တနင်္ဂနွေဖြစ် ရမည်ဟု သတ်မှတ်ထားခြင်းမရှိချေ။ ထို့ကြောင့် တနင်္ဂနွေမဟုတ်သော်လည်း ၁ပတ်တွင် အခြား ၁ရက်အား အားလပ်ရက်အဖြစ် သတ်မှတ်ပေးပါက ဥပဒေနှင့် ဆန့်ကျင်သည့် မှားယွင်းသော လုပ်ရပ်တော့ မဟုတ်ပေ။ သို့သော် မိမိမှာ တနင်္ဂနွေတွင်သာ အားလပ်ရက်ကို ရယူလိုပါက ကုမ္ပဏီနှင့် ညှိနှိုင်းခြင်းသည် အကောင်းဆုံးပင်ဖြစ်သည်။

၁၅၊ ပြက္ခဒိန်ပါ အနီရောင်ရက်များသည် အားလပ်ရက် ဖြစ်သလား

မေး ။ ။ ကျနော့ကုမ္ပဏီသည် တနင်္ဂနွေနေ့သာလျှင် အားလပ်ရက်အဖြစ်ပိတ်ပြီး၊ ပြက္ခဒိန် တွင်ဖော်ပြထားသော အနီရောင်ပိတ်ရက်များတွင်မူ ပိတ်ပေးခြင်းမရှိပါ။ ထိုရက်မျိုးသည် ဘဏ်နှင့် အခြားအစိုးရဌာနများပါ ပိတ်သဖြင့် အလုပ်သမား များလည်း အားလပ်ရက်အဖြစ် အနားယူရမည့် ပိတ်ရက်မဟုတ်ဘူးလား။

ဖြေ။ ။ ပြက္ခဒိန်တွင် အနီရောင်အက္ခရာဖြင့် ဖော်ပြထားသော ရက်များသည် အများအားဖြင့် အားလပ်ရက်များဖြစ်သည်။ သေချာအောင်ပြောရမည်ဆိုလျှင် အစိုးရဌာနများနှင့် သက်ဆိုင်ရာလုပ်ငန်းများ၏ ပိတ်ရက်ဖြစ်သည်။ ထို့ကြောင့် ဘဏ်နှင့် ကျောင်းများလည်း ပိတ်ခြင်းဖြစ်သည်။ ထို့ကြောင့် အများအားဖြင့် ထို ရက်များကိုလိုက်၍ ပိတ်ရက်အဖြစ်သတ်မှတ်ကြသည်။ သို့သော် မိမိကုမ္ပဏီမှ ထိုသို့ အနီရောင်ရက်များတွင် ပိတ်ပေးခြင်းမရှိသောကြောင့် ကုမ္ပဏီအားအပြစ် ပြော၍မရနိုင်ပေ။ သို့သော် မေလ ၁ရက်နေ့ ကမ္ဘာ့အလုပ်သမားနေ့နှင့် တစ်ပတ် လျှင် ၁ရက်ပိတ်ပေးရမည့် အားလပ်ရက်တွင် အလုပ်လုပ်ရပါမူ၊ အားလပ်ရက်လုပ် အလုပ်လုပ်ခ(ရှူးအီးလ်ဂွန်လိုဆူသန်း)အား တောင်းဆိုရယူနိုင်ပါသည်။


၁၆၊ အားလပ်ချိန်နှင့် ပက်သက်၍

မေး ။ ။ ကျနော်သည် ၁ရက်လျှင် ၁ဝနာရီ အလုပ်လုပ်ရပါသည်။ ၁ဝနာရီ အလုပ်ချိန် အတွင်း အားလပ်ချိန်ဟူ၍ သတ်သတ်မှတ်မှတ်မရှိပဲ၊ နေ့လယ်ထမင်းစားချိန်မှာ လည်း ၃ဝမိနစ်မျှသာ အချိန်ရသည်။ ထမင်းစားချိန်မှာ အလွန်တိုတောင်းသော ကြောင့် ထမင်းစားရသည်မှာပင် အလွန်ခက်ခဲပင်ပန်းပါသည်။ ထိုပြဿနာကို မည်ကဲ့သို့ ရှင်းရမည်နည်း။

ဖြေ။ ။ အခြေခံအလုပ်သမားဥပဒေတွင် ၄နာရီအလုပ်လုပ်ပြီးပါက ၃ဝမိနစ်အနားယူ ခွင့်ရှိသည်။ ထို့ကြောင့် တစ်ရက် ၈နာရီအလုပ်လုပ်လျှင် ၁နာရီတိတိ အနားယူခွင့် ရှိသည်။ သို့သော် တစ်နာရီနားချိန်အား တစ်ကြိမ်တည်းနားခွင့်ပေးနိုင်သလို၊ ခွဲ၍ လည်း နားခွင့်ပေးနိုင်သည်။ သို့သော် တစ်နာရီမပြည့်လျှင်မူ ကုမ္ပဏီ၏ မှားယွင်းမှု ဖြစ်သည်။ အထက်ပါ အခြေအနေတွင် တစ်နေ့ ၁ဝနာရီအလုပ်လုပ်သောကြောင့် အနည်းဆုံး အားလပ်ချိန် ၁နာရီပေးရမည်ဖြစ်သည်။ ကုမ္ပဏီအများစုမှာ တစ်နေ့ ၈နာရီအလုပ်ချိန်အတွက် အားလပ်ချိန် ၁နာရီပေးသောကြောင့်၊ မိမိကုမ္ပဏီတွင် ၁နာရီအပြည့်အားလပ်ချိန်ပေးရန် ပြောဆို၍ တောင်းဆိုခြင်းသည် အသင့်တော် ဆုံး ဖြစ်လိမ့်မည်။ ထိုသို့အနားယူခြင်းသည် ကုန်ထုတ်လုပ်မှု မြင့်မားစေရန် အတွက်လည်း အထောက်အကူဖြစ်ပါသည်။


No comments: