Monday, September 8, 2008

ဟုတ်ကဲ့… မနီးဖြစ်အောင်တော့ ကြိုးစားနေပါသည်ခင်ဗျား…။

ကိုရီးယားရောက် လူငယ်တွေ၏ ဘ၀ကို ပြောပြချင်သည်မှာ ကြာပါပြီ။ သို့သော် စိတ်ထဲမှာ သည်လိုနှင့် မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်က များသည်။ ကျွန်တော် ကိုရီးယားကို လာဖို့ ကြိုးစားတုန်းကဖြစ်သည်။ အခက်အခဲမျိုးစုံတွေကြားတွင် ချာချာလည်ရင်း ခက်ခဲနေ့ရက်များစွာကို ကျွန်တော် ပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ရသည်။ ဘယ်လို အခြေအနေပင်ရောက်ရောက် ကျွန်တော့်စိတ်ထဲတွင် ယုံကြည်ချက်တစ်ခုတော့ ရှိသည်။ အခက်အခဲကို အခွင့်အလမ်းအဖြစ် ခွန်အားယူရန်ပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော် အခက်အခဲများစွာကြားမှ ကိုရီးယားသင်တန်းပေါင်းစုံ တက်ဖြစ်အောင်တက်သည်။ အပေါင်းအသင်းများ၊ ရင်းနှီးခင်မင်သူ မိတ်ဆွေများကြားတွင်လည်း ကျွန်တော် ကိုရီးယားသွားဖို့ ကြိုးစားနေတယ်၊ ကိုရီးယားစာ သင်နေတယ်ဟူသော သတင်းကပြန့်နေသည်။

သို့သော် သမရိုးကျမိတ်ဆွေ အပေါင်းအသင်းများကြားတွင်ဆိုလျှင်တော်သေးသည်။ ယခုက ခင်မင်ရင်းနှီးသော စာပေမိတ်ဆွေများ၊ ဂီတမိတ်ဆွေများအကြားတွင်ပါ ဒီအကြောင်းက ပြန့်နေသည်။

တစ်ရက် (၄၆) လမ်းထိပ်က လ္ဘက်ရည်ဆိုင်တွင် အမှတ်မထင် ကိုရွှေ နှင့်တွေ့သည်။ လ္ဘက်ရည်သောက်ကြရင်းက ကျွန်တော့်အခြေအနေကို မေးရင်း ကိုရွှေက ဟစ်ဟော့လူငယ်လေးတွေ ရေးထားသော သီချင်းလေးတစ်ပုဒ်အကြောင်း ကျွန်တော့်ကို ဆိုပြသည်။ သီချင်းလေးက မင်းကြည့်နေတာ ကိုရီးယားကား၊ မင်းပြောနေတာ ကိုရီးယားစကား၊ မင်းစားနေတာ ကိုရီးယားအစား၊ မင်း အမေဟာ ကိုရီးယားလား ဖြစ်သည်။ ဟိုက်ခနဲ ကျွန်တော် ခေါင်းနားပန်းကြီးသွားသည်။ တော်ပါသေးရဲ့ဟုသာ တွေးမိသည်။ မင်းအမေမို့လို့သာပေါ့..။ အဖေသာဆို ခက်ရချည်ရဲ့ဟု စိတ်ထဲတွေးရင်း ကိုရွှေက ကျွန်တော့်ကို အားနာ၍ လျှော့လျှော့ပေါ့ပေါ့ပြောခြင်း ဖြစ်တန်ရာသည်ဟုတွေးရင်းက ကျွန်တော် ကိုရွှေပြောပြသော ကိုငှက် ဈာပနအကြောင်း၊ပြီးတော့ သီချင်းတွေအကြောင်း၊ ကဗျာတွေအကြောင်း၊ နောက်ထပ် အနုပညာပုံစံသစ်များအကြောင်း နားထောင်ရင်းက ညနေစောင်းသွားသည်။ ကျွန်တော်လည်း ထိုကိုရီးယားအကြောင်းသီချင်းလေးကို မေ့သွားသည်။ ခေတ်ကို သရော်တတ်သော၊ ခေတ်အခြေအနေကို ထင်ဟပ်ပြနိုင်သော သီချင်းကောင်းလေးပါပဲဟု စိတ်ထဲတွေးရင်း ကျွန်တော်လည်း ကိုရီးယားသံသရာထဲ လုံးလည်ချာလည် ပြန်မျောသွားပြန်သည်။

လွန်ခဲ့သောရက်က အခန်းတွင် အတူနေသော သူငယ်ချင်းက သီချင်းဖွင့်သည်။ ကျွန်တော် သီချင်းတွေနှင့် ဝေးဝေးနေခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုပင် မကတော့။ သည်ဘက်ခေတ်သီချင်းတွေကို သိပ်မသိချင်တော့။ ရှိစေတော့။ ကျွန်တော်လည်း ဒီအတိုင်း လုပ်စရာရှိတာ လုပ်ရင်းက နားထောင်နေမိသည်။ သီချင်းတစ်ပုဒ်ပြီး၍ နောက်တစ်ပုဒ်ပြောင်းတော့မှ ကျွန်တော် ဘာလုပ်မှန်းမသိ။ ထွက်လာသော သီချင်းစာသားက.. ကိုရီးယား လမ်းနီးကြတယ်.. တဲ့။ ဗုဒ္ဓေါ…။ ကဗျာကယာ သူငယ်ချင်းကို မေးကြည့်တော့မှ ကျားပေါက်တဲ့။ သည်တစ်ခါတော့ ကျွန်တော်ပြောချင်သည်။ ပြောမှဖြစ်တော့မည်။ ထို့ကြောင့် ကျွန်တော်ပြောပါမည်။

မြန်မာပြည်တွင် ကိုရီးယားဗိုင်းရပ်၊စ်၊ ၀င်နေသည်မှာ ကြာပြီ။ ကိုရီးယားဇာတ်လမ်းတွဲတွေ ဆွဲဆောင်မှုကောင်းလို့လည်းဖြစ်သည်။ အဓိကကတော့ မိသားစုတိုင်း မိသားစုတိုင်း စီးပွားရေးကြပ်တည်းလာကြခြင်းပင်ဖြစ်သည်။ ထမင်းမငတ်ဖို့အရေး စွန့်စားကြရတော့သည်။ သည်အထဲတွင် လစာအနေအထားလေးလည်း သင့်တင့်၍ တရားဝင်နေလို့ရသော၊ အလုပ်သမား အခွင့်အရေး ထိုက်သင့်စွာရသော၊ လူများများခေါ်သောနိုင်ငံမှာ ကိုရီးယားပဲ ရှိသည်။ သည်တော့ အတော်အသင့် ငွေကြေးတတ်နိုင်သူတွေက ကိုရီးယားအိပ်မက် မက်၍ ကိုရီးယားထွက်ဖို့ လုပ်ကြသည်။ သာမာန်လူတန်းစားသာ မဟုတ်၊ အနုပညာအသိုင်းအ၀ိုင်းတွင်လည်း ကိုရီးယားရောဂါ ထ ကြသည်။ ကိုရီးယားမင်းသား၊ မင်းသမီး ဂိုက်ဖမ်းကြသည်။ သူတို့ ဖက်ရှင်တွေအတိုင်း အတုယူ ၀တ်ကြ စားကြသည်။ သည်တော့ သီချင်းရေးဆရာတို့ အမြင်တွင် အမျိုးသားရေးအမြင်ဖြင့် မျက်စေ့နောက်လာသည်ထင့်။ ကိုကျားပေါက်က ရေးချလိုက်လေသည်။ ကောင်းပါသည်။ သို့သော် နောက်ထပ် ကိုရီးယားအကြောင်း ဘယ်လို သီချင်းတွေလာဦးမည်မသိ။ ကိုရီးယားလမ်းနီးကြတယ်..ထက်ပိုဆိုးလာလျှင်မလွယ်။
ကျွန်တော် စဉ်းစားကြည့်မိသည်။ ကျွန်တော်ရော ကိုကျားပေါက်ပြောသလို ကိုရီးယားလမ်းနီးဖို့များ ကိုရီးယားကို လာခဲ့သလား..။ ကျွန်တော် ဘာကြောင့်လာခဲ့ပါသလဲ။ ကိုယ့်နိုင်ငံ၊ ကိုယ့်မြေ၊ ကိုယ့်ရေ ၊ ကိုယ့်မိသားစုနှင့် ခွဲပြီးသွားချင်သူ ဘယ်မှာ ရှိမည်နည်း။ စီးပွားရေးက ကြပ်တည်းလာသည်။ စီးပွားရေးကျလာရုံသာမက၊ နောက်ဆက်တွဲ စာရိတ္တပါ ချို့ယွင်းလာကြသည်။ လူငယ်တွေ အများစုမှာ မှောင်ပိတ်နေသော ဘ၀ထဲတွင် ထွက်ပေါက်ရှာမရဘဲ လမ်းပျောက်ကြရင်းက လေလွင့်ကုန်တော့သည်။ တိုးတက်ချင်စိတ်ရှိသောများမှာလည်း ဘာမှသင်ယူစရာမရှိ။ ခေတ်မီပညာသင်လိုလျှင် စစ်ထဲဝင်ကြရတော့သည်။ စစ်ထဲ မ၀င်လိုကြသော လူငယ်အများစုမှာ ဒီခေတ်ဆိုး ခေတ်ပျက်ထဲတွင် အပိတ်ဆို့ခံနေမယ့်အစား စီးပွားရေးလည်း အဆင်ပြေ၊ မိသားစုအတွက် ငွေကြေးလေးထောက်ပံ့ပေးရင်းက ကိုယ့်ဘ၀ရှေးရေးအတွက်လည်း ကြိုးစား၊ သူတို့နိုင်ငံ တိုးတက်ပုံတွေကို အတုယူ၊ စက်မှုအတတ်ပညာတွေ သင်ကြားကြရင်းက ခေတ်မီနည်းပညာကို လေ့လာကြသည်။ ကျွန်တော်တို့အားလုံးစိတ်ထဲတွင် ကိုရီးယားလိုပင် ကျွန်တော်တို့နိုင်ငံကို တိုးတက်စေချင်သည်။ လွတ်လပ်ရေးရပြီးလျှင် ဖြစ်လာမည့် အခက်အခဲတွေ၊ ပြဿနာတွေကို မသိခဲ့ကြ၍ ယနေ့ ကျွန်တော်တို့ ဒုက္ခအကြီးအကျယ်ရောက်ကြရသည် မဟုတ်လား။ ဒီမိုကရေစီရပြီးလျှင် တွေ့ရမည့် နောက်ဆက်တွဲ ပြဿနာတွေအတွက် ဒီမိုကရေစီရပြီး ဖွံ့ဖြိုးနေသော နိုင်ငံတွင် ကျွန်တော်တို့ သင်ယူရမည် မဟုတ်ပါလား။ ကိုရီးယားကို ကျွန်တော်တို့ အထင်ကြီးလို့လာတာ မဟုတ်၊ အဆင်မပြေလို့ လာကြခြင်းသာ။ ကျွန်တော်တို့ နိုင်ငံတွင်သာ စီးပွားရေးလေး လုပ်လို့ကိုင်လို့ ရပြီး ကျွန်တော်တို့ ဘ၀အတွက် တိုးတက်ရာတိုးတက်ကြောင်းလေးများလုပ်လို့ရလျှင် ကိုရီးယားဆိုသော နိုင်ငံတွင် တစက္ကန့်မျှ ကျွန်တော်တို့ မနေလိုပါ။ တစ်ကယ်ဆို ကိုရီးယားလမ်းနီးကြတယ်..ဆိုသော သီချင်းလေးကို အမျိုးသားရေးစိတ်ဓါတ်အပြည့်ဖြင့် ဆိုသည်ဆိုလျှင် ပြည်သူတွေ နိုင်ငံရေးဘက် စိတ်မလည်လျှင်ပြီးရောဆိုပြီး ကိုရီးယားဇာတ်လမ်းတွဲများဖြင့် ကိုရီးယားဗိုင်းရပ်၊စ်၊ပိုး တင်သွင်းဖြန့်ချီခဲ့သူများကိုရော ကိုရီးယားလမ်းနီးကြတယ်… ဆိုသော စာသားလေးထက် ပို၍ လှပသေသပ် အနုပညာမြောက်ထိမိသော သီချင်းလေးရေး၍ မချီးမြှောက်သင့်ဘူးလားခင်ဗျာ။ ထိုသို့မဟုတ်ဘဲ စီးပွားရေးကြပ်တည်း၍ ရေခြားမြေခြားသို့ စွန့်ခွါလာကြရသူတို့ကို မြေနိမ့်ရာ လှံစိုက်သဘောမျိုးဆိုလျှင်တော့… ဟုတ်ကဲ့၊ ကျွန်တော်တို့ ကိုရီးယားဟိုဒင်း မနီးဖြစ်အောင် ကြိုးစားနေကြပါသည်ခင်ဗျား။ ။

2 comments:

winlatt said...

အမျိုးမျိုးပြောတဲ့ လောကကြီးပါ..။
သူတို့လိုအဆိုတော်တွေကလဲ ကိုရီးယားရောဂါသည်ပါဘဲ..။ ရေးစရာစာသားရှားတော့ကာ ကိုရီးယား ဆိုတဲ့ စကားလုံးတွေပါရင် အလုပ်ဖြစ်တယ်ဆိုတော့နားလည် ပေးလိုက်ကြတာပေါ့...ပြောပါစေဗျာ...။

ဝင်းပေါ်မောင် said...

လှိုင်းတွေပေါ့ဗျာ။ လှိုင်းပုတ်တဲ့ ဒဏ်ကို ဘယ်သူမှ မခံနိုင်ကြဘူး။ ရောမျောကမ်းတင် ဖြစ်မသွားအောင်ကိုဘဲ အတော် ကြိုးစားနေရတာ။ သေချာတာကတော့ ကိုယ်ပိုင်တွေ နည်းနည်းလာတာပါပဲ။