Tuesday, September 16, 2008

၄၀ ကျော် အတွေးများ (၂) အသိနဲ့အကျင့်

တကယ်တော့ အသိနဲ့အကျင့်ကို အခြေခံပြီးမှသာ လူတော်လူကောင်းဆိုတာ ဖြစ်လာနိုင်တာပါ။ လောကမှာ ဘယ်လောက်ပဲသိသိ၊ မိုးပျံအောင်သိ ဒါပေမဲ့ အကျင့်ပါတွဲမပါနိုင်သေးဘူးဆိုရင် ဘ၀က အဓိပ္ပါယ်မရှိသေးပါဘူး။ အကျင့်ဟာ လူတယောက်ရဲ့ဘ၀ကို သိပ်ပြီးပြဌာန်းပါတယ်။ တရားသဘောမှာလည်း နည်းနည်းပဲသိပေမဲ့ သိသလောက်ကို ကျင့်တဲ့သူဆိုရင် ပန်းတိုင်ကိုရောက်နိုင်ပါတယ်။ ပိဋကသုံးပုံ အောင်ထားပေမဲ့ အကျင့်မပါရင်တော့ ပန်းတိုင်ရောက်မှာ မဟုတ်ပါဘူး။

ဘမောင်ကတော့ တရားနဲ့မနီးသေးပါဘူး။ လူ့ဘောင်အဖွဲ့အစည်းထဲက လူပုဂ္ဂိုလ်တွေရဲ့ ဟောပြောချက်တွေနဲ့ အဲဒီလူတွေရဲ့ ကျင့်ကြံလုပ်ကိုင်ပုံတွေကို ကြည့်ပြီးတော့သာ တွေးမိပါတယ်။ လူ့ဘောင်အဖွဲ့အစည်းထဲမှာ နေထိုင်ပြီး ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံရေး စတဲ့ အရေးကိစ္စတွေကို ဆောင်ရွက်နေတဲ့သူတွေဟာ ဆိုင်ရာလုပ်ငန်းတွေအလိုက် စည်းရုံးကြ ပြောကြ ဆိုကြရပါတယ်။ အဲဒီလို ပြောတဲ့ ဆိုတဲ့ နေရာမှာလည်း ကိုယ်သိထားတာ လေ့လာမှတ်သားထားတာနဲ့ ကိုယ့်အမြင် ကိုယ့်ခံယူချက်တွေကို ရှေ့တန်းတင် ပြောဆိုလေ့ ရှိတယ်လို့ပဲ မြင်မိတယ်။

ဘာသာရေးဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်အနေနဲ့ဆိုင်ရင်လည်း သက်ဆိုင်ရာ ဘာသာရဲ့ အနှစ်သာရတွေကို သူလေ့လာ မှတ်သားထားသလောက် ဟောပြောလေ့ရှိပါတယ်။ ဥပမာ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သူတယောက် ဆိုပါတော့၊ သူက ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေထဲက ကိုယ်ကျင့်တရားကို အလေးအနက်ထားတယ်ဆိုရင် သူဟာ ကိုယ်ကျင့်တရားဆိုင်ရာတွေကို ဟောလိမ့်ပြောလိမ့်မယ်။ ကိုယ်ကျင့်တရားဆိုတာနဲ့ အခြေခံအားဖြင့် သူ့အသက်မသတ်ဖို့၊ သူ့ဥစ္စာမခိုးဖို့၊ မလိမ်ဖို့၊ အရက်သေစာနဲ့ မူးယစ်ဆေးဝါးမသုံးစွဲဖို့၊ သူတပါးရဲ့ သားမယား သားပျို သမီးပျိုလေးတွေကို မဖျက်ဆီးဖို့နဲ့ ကာမကို လိမ်ညာလှည့်ဖျားပြီး မယူဖို့ ဒါတွေပါရတော့မယ်။ ဒီအကြောင်းတွေကို ဟောပြောနေတဲ့သူကို လူအများက လေးစားမိမှာအမှန်ပဲ။ ဒါပေမဲ့ရရင်တော့ အဲဒီလူဟာ အပြောနဲ့အလုပ် ညီဖို့လိုတယ်၊ အသိနဲ့အကျင့် ဟပ်မိနေမှသာ လူသာဓုခေါ် နတ်သာဓုခေါ် ဖြစ်မယ်ဆိုတာပါပဲ။ အကယ်၍များ အသိနဲ့အကျင့် ဆန့်ကျင်နေမယ်ဆိုရင်တော့ ဘာမှ မပြောမဆိုပဲ ကိုယ့်ကျင့်တရား ချိုးဖောက်နေသူတွေထက် ပိုပြီးတော့ ကဲ့ရဲ့ခံရနိုင်ပါတယ်။

အလားတူအခြား လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့အရေးကိစ္စတွေကို ဆောင်ရွက်နေကြသူတွေအနေနဲ့လည်း စည်းရုံးရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာ ကိုယ်သိထားတဲ့ အသိတွေနဲ့ မဖြစ်မနေလုပ်ရမယ့် ကိစ္စတွေကို ပြောဆိုစည်းရုံးကြမှာ မလွဲပါဘူး။ အဲဒီအခါမှာ ကိုယ်ကိုယ်တိုင်လည်း သိထားတဲ့ အသိအတိုင်း လိုက်နာဖို့တော့ လိုလိမ့်မယ်။

ဒီနေရာမှာ ကြုံကြိုက်လို့ပြောချင်တာက လူ့ဘောင်အဖွဲ့အစည်းထဲမှာရှိတဲ့ လူသားအားလုံး မိမိမွေးဖွားရာ၊ ကြီးပြင်းရာ မှီတင်းနေထိုင်ရာ ဒေသနိုင်ငံနဲ့ လူမျိုးတွေရဲ့ ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အထွေထွေဖွဲ့ဖြိုးမှုလုပ်ငန်းတွေနဲ့ သာရေး နာရေးစတဲ့ အလုံးစုံသော လူမှုသူမှုကိစ္စတွေဟာ ဒီနိုင်ငံရဲ့အရေး `နိုင်ငံရေး´ ပဲလို့ ဘမောင်ကယုံကြည်ထားပါတယ်။

အဲဒီတော့ ကိုယ်ဝါသနာပါရာနဲ့ စိတ်အားထက်သန်ရာ လူမှုရေးလုပ်ငန်းအသီးသီးမှာ လုပ်ကိုင်နေကြသူအားလုံးကို ကိုယ့်အမျိုးသားရေး၊ ကိုယ့်နိုင်ငံအရေးကို ဆောင်ရွက်နေကြသူတွေပဲလို့ ဘမောင်ကမြင်တယ်။ ဘမောင်တို့နိုင်ငံရဲ့ အခြေအနေရ လူတိုင်းလူတိုင်း နိုင်ငံရေးထဲမှာ ပါဝင်သင့်တယ်ဆိုတဲ့ အသိတော့ အတော်များများမှာ ရှိနေပါပြီ။ သိတဲ့အတိုင်း စတင်ဆောင်ရွက်ဖို့တော့ လိုတာပေါ့။
အထူးသဖြင့် နိုင်ငံနဲ့လူမျိုးတွေရဲ့ အရေးကိစ္စတွေကို ထဲထဲဝင်ဝင်ဆောင်ရွက်နေကြတဲ့ သူတွေအနေနဲ့ အသိပညာနဲ့ အတွေးအခေါ်အားဖြင့် မနိမ့်ကျဘူးလို့မြင်တယ်။ လိုနေတာက သိတဲ့အတိုင်း မြင်တဲ့အတိုင်း လိုက်နာကျင့်သုံးဖို့ပါပဲ။

တခါက အသက်(၈၀)အရွယ် အဘိုးအိုတဦး, ဦးပဇင်းတပါးထံက တရားတောင်းဖူးပါတယ်။`အရှင်ဘုရား တပည့်တော် အသက်လည်းကြီးပါပြီ၊ တရားကိုလည်း အရှည်ကြီးမနာနိုင်တော့ပါဘူး၊ တပည့်တော်ကို အတိုဆုံးနဲ့ အရှင်းဆုံး တရားတပုဒ်လောက် ဟောကြားတော်မူပါဆိုပြီး လျှောက်ထားပါတယ်။ အဲဒီတော့ ဦးပဇင်းက မကောင်းမှုကိုရှောင်ဖို့ ကောင်းမှုကိုဆောင်ဖို့ စိတ်ကိုဖြူအောင်ထားဖို့ ဟောကြားပါတယ်။´ ဒီအခါ အဖိုးအိုက ဒီတရားများ တပည့်တော်(၈)နှစ်သားကတည်းက သိပြီးသားပါတဲ့။ ဦးပဇင်းက ဒကာကြီး(၈)နှစ်သားက သိခဲ့တဲ့အသိ အခု အသက်(၈၀)ရှိပြီ ကျင့်ခဲ့ပြီးပြီလားလဲဆိုရော…. အဖိုအိုလည်း ခေါင်းငိုက်စိုက်ချပြီး ထွက်သွားပါတော့တယ်။

No comments: