Thursday, October 2, 2008

သံဃာတွေအပေါ် လူမဆန်စွာပြုမူတဲ့ နအဖစစ်ကြောရေးစခန်းက အဖြစ်အပျက်

ဒေါက်တာလွဏ်းဆွေ
(Connie Levett - Untold story: how Burma brutalized its monks ကို ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။)

လူမဆန်တဲ့ အစိုးရတရပ်ကို ဆန့်ကျင်ဆန္ဒပြဖို့ တနိုင်ငံလုံးကို လှုံ့ဆော်ဦးဆောင်ခဲ့တဲ့ ထောင်နဲ့ချီတဲ့ သံဃာ တော်တွေကို ဆန္ဒပြပွဲတွေအပြီးမှာ ညတွင်းချင်း လိုက်လံဖမ်းဆီးခဲ့တဲ့ မြန်မာသံဃာထုအတွင်းက လျှို့ဝှက် ဆန်းကြယ် အဖြစ်အပျက်ကို ဖွင့်ဟဖော်ထုတ်လိုက်ပါတယ်။
နအဖစစ်တပ်ဟာ သန်းခေါင်ယံအချိန်မှာ ဘုန်းကြီးကျောင်းတွေကို ၀င်ရောက်စီးနင်းမှုတွေ ပြုလုပ်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ သံဃာတော်တွေကို ရုပ်ပိုင်း၊ စိတ်ပိုင်းအရ ကျိုးကြေပျက်စီးပြီး အရှက်ကွဲ အကျိုးနည်းစေ မယ့် အနေအထားတွေနဲ့ ချုပ်နှောင်ထိန်းသိမ်းထားခဲ့ပါတယ်။

ရန်ကုန်မြို့ရှိ မင်္ဂလာရာမဘုန်းကြီးကျောင်းတိုက်ကနေ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတဲ့ အသက်(၁၈)နှစ် အရွယ် ကိုရင်တပါးက စစ်အုပ်စုဟာ ရုပ်ပိုင်းဆိုင်ရာကိုသာ ထိန်းချုပ်နိုင်တဲ့ အနေအထားရှိပြီး သံဃာတော် တွေက အားကောင်းတဲ့ စိတ်ဓာတ်လက်နက်ကို ကိုင်စွဲထားဆဲဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

ထောင်နဲ့ချီတဲ့ လူတွေကို စစ်ကြောရေးစခန်း(၄)ခုထဲက တခုဖြစ်တဲ့ အင်းစိန်၊ အစိုးရနည်းပညာတက္ကသိုလ် ၀င်းထဲမှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ထိန်းသိမ်းထားသူတွေကို ဆိုးဆိုးဝါးဝါး ပြုမူဆက်ဆံတဲ့အတွက် အပယ်ငရဲကိုလားကြလိမ့်မယ်လို့ စစ်သားတွေကို သံဃာတော်တွေက သတိပေးပြောဆိုတဲ့အခါမှာ သူတို့ တင်း မခံနိုင်ဘဲ မျက်ရည်တွေကျတာကို တွေ့ရတယ်လို့ အဆိုပါကိုရင်က ပြောပြပါတယ်။

သံဃာတော်တွေကို စိတ်ဆိုးဒေါသထွက်စေတဲ့ ပြုမူဆက်ဆံမှုတွေထဲမှာ ဆေးကုသမှု မပေးတာ၊ မိလ္လာစနစ်က ကျန်းမာရေးနဲ့ မညီညွတ်တာ၊ ဖမ်းဆီးထားချိန်မှာ လူမဆန်စွာ ပြုမူဆက်ဆံတာ၊ သင်္ကန်းတွေကို မလေးမစား လုပ်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့ (၇)ရက်အတွင်းမှာ စစ်တပ်ရဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ သံဃာတော် တွေနဲ့ အရပ်သားတွေကို ဆေးဝါးကုသပေးတာတွေ လုံးဝမရှိဘူးလို့ ကိုရင်က ပြောပြပါတယ်။

“ငွေကြာယံကျောင်းက ဘုန်းကြီးတပါးဆိုရင် လက်မှာ အရိုးတောင်မြင်နေရတယ်။ ဒါပေမယ့် သူတို့ ဘာမှ ကု သမပေးဘူး”လို့ ကိုရင်က ပြောပြပါတယ်။

စီးနင်းတိုက်ခိုက်ခံရချိန်မှာ မျက်စိတဖက် ဒဏ်ရာရခဲ့တဲ့ နောက်သံဃာတပါးဟာ အခုအခါမှာ အဲဒီမျက်လုံး ဆုံးရှုံးခဲ့ရပြီး ဆေးကုခွင့်မရရှိတဲ့ အရပ်သား(၃)ယောက်ကတော့ နည်းပညာတက္ကသိုလ်မှာပဲ သေဆုံးခဲ့တယ် လို့ ကိုရင်က ပြောပြပါတယ်။

သံဃာတော်တွေကို စက်တင်ဘာ(၂၇)ရက်နေ့ မနက်(၄)နာရီမှာ စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်ခဲ့တာ ဖြစ်ပါ တယ်။ “စစ်သားတွေက ကိုရင်တို့ သံဃာတွေကို သူတို့နဲ့ မနက်စာဘုန်းပေးဖို့ ခေါ်တယ်။ ဒါပေမယ့် အဲဒါဟာ မ နက်စာ မဟုတ်ဘူးဆိုတာကို ကိုရင်တို့သိတာပေါ့။ ဒါပေမယ့် ငွေကြာယံမှာ သူတို့လုပ်ခဲ့သလို သူတို့ကို ပြန်မ တိုက်ခိုက်ခဲ့ပါဘူး”လို့ ကိုရင်က ပြောပြပါတယ်။ ဘုန်းကြီးကျောင်းက သံဃာ ၉၉ပါးကို ပတ္တူစအုပ်ထားတဲ့ စစ် ထရပ်ကားတွေပေါ်တင်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ထိန်းသိမ်းထားတဲ့ အင်းစိန်ထောင်အနီးက အစိုးရ နည်းပညာတက္ကသိုလ်ဝင်းထဲကို တောက်လျှောက်ခေါ်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီကိုရောက်တဲ့အခါ သံဃာတွေကို အခန်းတွေထဲမှာ တန်းစီထိုင်ခိုင်းပါတယ်။ မလှုပ်မယှက် ခြေထောက် တင်ပျဉ်ခွေ ထိုင်ခိုင်းထားပြီး လည်ပင်းနောက်မှာ လက်နှစ်ဖက်ကို ယှက်ခိုင်းထားကာ အညံ့ခံတဲ့အနေအထားနဲ့ ခေါင်း တွေကို ငုံ့ခိုင်းထားပါတယ်။

သံဃာတွေက မော့ကြည့်ခဲ့ရင် ဒါမှမဟုတ် အားပြတ်ပြီး လဲကျသွားရင် သံဃာတွေကို ရိုက်ပါတယ်။

“တချို့စစ်သားတွေကို သံဃာတွေက မင်းတို့ဟာ အပြစ်ကြီးလေးတဲ့ ရာဇ၀တ်မှုကို ကျူးလွန်နေကြတာဖြစ် တယ်။ မင်းတို့ အပ္ပါယ်ငရဲကို သေချာပေါက် လားရလိမ့်မယ်လို့ ပြောပါတယ်။ သူတို့ထဲက တချို့က ကျနော်တို့ ကို ခိုင်းထားတဲ့အတိုင်း လုပ်နေရတာပါလို့ ပြောပြီး ငိုနေကြပါတယ်”လို့ ကိုရင်က ပြောပြပါတယ်။

ထိန်းသိမ်းပြီး နှစ်ရက်မြောက်နေ့မှာ သံဃာတော်တွေကို သင်္ကန်းချွတ်ခိုင်းပြီး မြန်မာ့ရိုးရာဝတ်စုံဖြစ်တဲ့ ရှပ် အင်္ကျီနဲ့ လုံချည်ကို လဲဝတ်ခိုင်းပါတယ်။ သံဃားတပါးအနေနဲ့ အရပ်ဝတ်အရပ်စားတွေ ပြောင်းဝတ်တာဟာ ဗုဒ္ဓ ၀ိနည်းတော်ကို ချိုးဖောက်တာ ဖြစ်ပါတယ်။

(၇)ရက်အတွင်းမှာ ဖမ်းဆီးထားတဲ့သူတွေကို တနေ့ ထမင်းတနပ်ကျွေးပြီး ရေနည်းနည်းတိုက်ပေမယ့် ရေအိမ် သုံး ပစ္စည်းတွေကိုတော့ လုံးဝမပေးပါဘူး။

သူအထိန်းသိမ်းခံခဲ့ရတဲ့ နေရာမှာ အနည်းဆုံး သံဃာအပါး (၁၀၀၀)လောက်ရှိမယ်လို့ ကိုရင်က ခန့်မှန်းပြော ဆိုပါတယ်။ သံဃာအများစုက ငွေကြာယံနဲ့ တခြားရန်ကုန်ဘုန်းကြီးကျောင်းတွေက ဖြစ်ပါတယ်။ တက္ကသိုလ် ၀င်းအတွင်းမှာရှိတဲ့ အခြားနေရာတွေကိုလည်း အကျဉ်းသားတွေကို ပိုမိုထိန်းသိမ်းဖို့ အသုံးပြုနေတယ်လို့ သူယုံကြည်ကြောင်း ပြောဆိုပါတယ်။

“တပတ်ပြည့်တဲ့အချိန်မှာ တချို့သံဃာတွေ အရမ်းအားနည်းလာတယ်။ လက်တွေ တုန်တုန်ယင်ယင် ဖြစ်လာ တယ်” လို့ ကိုရင်က ပြောပြပါတယ်။

သံဃာတော်တွေအနေနဲ့ လှုပ်ရှားခွင့်ရတဲ့အချိန်ဟာ စစ်ကြောမေးမြန်းဖို့ အခေါ်ခံရတဲ့အချိန်သာ ဖြစ်ပါတယ်။ စစ်သားတွေ ခန်းမထဲဝင်လာပြီး ဘွဲ့အမည်နဲ့မဟုတ်ဘဲ ၁၀ပါးစီ အလျဉ်းသင့်သလို ခေါ်ပါတယ်။

သံဃာတော်တွေကို တခြားအခန်းတခုကို ခေါ်သွားပါတယ်။ အဲဒီအခန်းထဲက အရပ်ဝတ်နဲ့ စစ်ကြောမေးမြန်းသူ (၁၀) ယောက်ထိုင်နေတဲ့ စားပွဲတလုံးရှေ့မှာ သံဃာတွေကို ဆောင့်ကြောင့်ထိုင်ခိုင်းပြီး အညံ့ခံတဲ့အနေအထား နဲ့ ခေါင်းတွေကို အောက်ငုံ့ခိုင်းထားပါတယ်။

သံဃာတော်တွေကို ဆန္ဒပြပွဲမှာ ပါဝင်ပုံ၊ နောက်ခံရာဇ၀င်၊ အစောပိုင်းဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ခြင်းရှိမရှိ၊ မိသား စုဝင်တွေအကြောင်း သူတို့ရဲ့နာမည်တွေ၊ အလုပ်အကိုင်နဲ့ သူတို့နေထိုင်တဲ့နေရာတွေကို အသေးစိတ်စစ်ကြော မေးမြန်းပါတယ်။

“စစ်ကြောမေးမြန်းတဲ့အခါမှာ မှန်မှန်မပြောဘူးလို့ယူဆရင် သူတို့က သံဃာတွေကို ထုရိုက်ပါတယ်။ တချို့သံ ဃာတွေက ၀န်ခံတယ်။ ဒါပေမယ့် အများစုက ၀န်မခံဘူး။ အများစုက ဆန္ဒပြပွဲမှာ မပါဘူးလို့ ပြောကြတယ်”လို့ ကိုရင်က ပြောပြပါတယ်။

ဖမ်းဆီးထားတဲ့ သံဃာတိုင်းကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် စစ်ကြောမေးမြန်းပါတယ်။ အဖြေတွေ တသမတ် တည်းဖြစ်တဲ့ သံဃာတွေကို ပြန်လွှတ်ဖို့ အလားအလာ ပိုရှိတယ်။ စစ်ကြောပြီးတဲ့အခါ သံဃာတွေကို အုပ်စု တွေခွဲ လိုက်ပါတယ်။ သံဃာအပါးနည်းတဲ့ အုပ်စုတွေကို ထောင်ချမယ်လို့ ယူဆရပြီး သံဃာအပါးများတဲ့ အုပ်စု တွေကို ပြန်လွှတ်မယ်လို့ ယူဆရပါတယ်။ ဗုဒ္ဓဟူးနေ့မှာ နည်းပညာတက္ကသိုလ်ကနေ ပထမဆုံးအသုတ် စပြီး လွှတ်ပေးပါတယ်။

“တချို့လူတွေက လန့်နေကြတယ်။ ဒါနဲ့ သူတို့သိခဲ့တာတွေကိုတော့ ကျနော်တို့ကို ပြောပြခဲ့တယ်”လို့ ကိုရင်က ပြောပြပါတယ်။

အဆိုပါကိုရင်ဟာ နိုင်ငံခြားသတင်းထောက်နဲ့ တွေ့ရမှာကို အရမ်းကြောက်နေခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ ဖြစ် ကြောင်းကုန်စင်ကိုတော့ ကြားလူဖြစ်တဲ့ မြန်မာစာနယ်ဇင်းသမားတဦးကို ဆင်ခြေဖုံးက လုံခြုံတဲ့ အိမ်တအိမ်မှာ ပြောပြခဲ့ပါတယ်။

Herald သတင်းအဖွဲ့ဟာ ရန်ကုန်မှာ (၈)ရက်လောက် ကြာခဲ့ပါတယ်။ အဲဒီအတောအတွင်း ရန်ကုန်မြို့မှာ ဆန္ဒ ပြတာတွေနဲ့ တဆက်တည်း ဘုန်းကြီးကျောင်းတွေကို စီးနင်းတာတွေ၊ ဖမ်းဆီးတာတွေ၊ အကျဉ်းချတာတွေ ပြုလုပ်နေပါတယ်။ နိုင်ငံတကာနဲ့ပတ်သက်ပြီး ဆိုးကျိုးတွေဖြစ်ပေါ်လာမှာကို သဘောပေါက်တဲ့အတွက် စစ်အ စိုးရက နိုင်ငံရေးနည်းနဲ့ သိုသိုသိပ်သိပ်ဖြေရှင်းဖို့ ကြိုးစားတာတွေလည်း ဖြစ်ပေါ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ ရန်ကုန်မှာ အကြောက်တရားတွေ ပြန်လွှမ်းမိုးလာတာကို ကျနော်တို့ တွေ့ခဲ့ရပါတယ်။ လူလုံးမပြရဲပေမယ့် ခင်ဗျားကိုတွေ့ဖို့ သဘောတူတဲ့သူတွေ ဒါမှမဟုတ် ခင်ဗျားနဲ့ တွေဖို့ သတ္တိရှိတဲ့သူတွေကို အစိုးရသတင်းပေး တွေက နောက်ကွယ်ကနေ အမြဲတမ်းစောင့် ကြည့်နေပါတယ်။

လမ်းတွေပေါ်မှာ စစ်တပ်ရဲ့ ၀ါဒဖြန့်ချိရေးယန္တရားတွေကနေ အကြောက်တရားတွေကို မီးလောင်ရာလေပင့် လုပ်ပေးနေတယ်။ ဆင်ခြေဖုံးတွေကို ပိုက်စိပ်တိုက်လှည့်လည်နေတဲ့ လော်စပီကာတွေတပ်ထားတဲ့ ထရပ်ကား တွေပေါ်ကနေ “ကျနော်တို့မှာ အထောက်အထားတွေ ရှိတယ်။ ခင်ဗျားတို့ကိုဖမ်းဖို့ ကျနော်တို့ လာတော့မယ်။ ဘုန်းကြီးတွေ၊ ဆန္ဒပြသူတွေကို ခိုလှုံခွင့်မပေးပါနဲ့”လို့ သတိပေးကြေညာနေပါတယ်။

“သူတို့ စစ်ရေးအရတော့ နိုင်ပါတယ် ဒါပေမယ့် သံဃာတော်တွေကို ပြုမှုဆက်ဆံတာတွေအပေါ် ပြည်သူလူထု က အကြီးအကျယ် စိတ်ဆိုးဒေါသထွက်နေတဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ သူတို့ အရာရာ ဆုံးရှုံးခဲ့ ပါပြီ” လို့ မြန်မာစာနယ်ဇင်းသမားက ပြောပြခဲ့ပါတယ်။ ။

ဒေါက်တာလွဏ်းဆွေ

No comments: