ပေးပို့သူ — ကိုမိုး(ဖြောင်းထက်)
ဟန်းဂုရွာသည် ကိုရီးယားနိုင်ငံရောက် မြန်မာလူမျိုးအားလုံး၏ အသံများကို တင်ပြနိုင်ရန် ကြိုးပမ်းလျှက် ရှိပါသည်။ ထို့ကြောင့် ဟန်းဂုရွာစာတိုက်ကို ဖွင့်လှစ်ခဲ့ခြင်းပဲ ဖြစ်ပါသည်။ ယခုလည်း ကျနော့်ထံသို့ ပေးပို့လာသော မေးလ် တစ်စောင်တွင် ဟန်းဂုရွာတွင် ဖော်ပြပေးပါရန်ဆိုပြီး ပို့စ်တစ်ပုဒ် ပေးပို့လာပါသည်။ ယဉ်ကျေးလိမ္မာဂျာနယ်မှ အပင်ပန်းခံရိုက်ထားသော ပို့စ်လေးဖြစ်ရုံသာမက၊ ပေးပို့လာသူ၏ ရည်ရွယ်ချက် စေတနာလေးမှာ ဟန်းဂုရွာ ပရိသတ်အတွက် အတွေးတစ်စုံတစ်ရာပေးလိုသော ပို့စ်လေးဖြစ်သဖြင့် တင်ပြပေးလိုက်ပါသည်။ အခြားသော ညီအကိုတို့ အနေနှင့်လည်း ဟန်းဂုရွာစာတိုက် brumakorea@gmail.com သို့ဖြစ်စေ၊ ကိုဝိုင်း(မိုးညှင်း) wyne1969@gmail.com သို့ဖြစ်စေ၊ ညီဇေ nyizay.korea@gmail.com သို့ဖြစ်စေ ပေးပို့ထားနိုင်ကြပါတယ်ခင်ဗျာ..။ အဲ.. ပုံပြင်လေးဆိုတော့လည်း ငယ်ငယ်တုန်းက ဘ၀ကို ပြန်အောက်မေ့စရာလေးပေါ့ဗျာ…။
ညီငယ်ညီမငယ်တို့ရေ……….
တစ်ခါတုန်းက ရွာတစ်ရွာမှာ (နက်ချော) ဆိုတဲ့ နွားကလေးတစ်ကောင် ရှိသတဲ့ ။ တစ်ကိုယ်လုံး မည်းနက်ပြောင်ချောနေလို့ (နက်ချော)လို့ခေါ်တာဆိုပဲ ။
သူ့ကိုမွေးမြူထားတဲ့အဘွားအိုက နက်ချောကိုသားအရင်းတစ်ယောက်လို အရမ်းချစ် တာမို့ ကောက်ရိုးတွေ ၊ မြက်တွေတောင်မကျွေးဘဲ ယာဂု ၊ ထမင်း ၊ ဖွဲနု ၊ ပဲ ၊ ပြောင်း စတဲ့ အစားအသောက်ကောင်းတွေပဲ ကျွေးပါတယ် ။ ရေမှန်မှန်ချိုးပေးပြီး အမိုးအကာကောင်းတဲ့ နွားအိမ်လေးထဲမှာ ချမ်းချမ်းသာသာထားပါတယ် ။
ရွာထဲက ကလေးတွေက နွားကလေးနက်ချောကို သိပ်ချစ်ကြတာပေါ့ ။ နက်ချောကို များမတွေ့လိုက်နဲ့ ၊ တွေ့တာနဲ့တချို့ ကလေးတွေက ကျောပေါ်တက်စီး ၊ တချို့ကလေးတွေက အမြီးကိုင်ဆွဲ ၊ တချို့ကလေးတွေက ဦးချိုပွတ်သပ်နဲ့ ပျော်လိုက်ကြတာအရမ်းပါပဲ ။ ရွာထဲက ကလေးတွေအားလုံးဟာ နွားကလေး နက်ချောရဲ့ ကစားဖော်ကစားဖက် ဘော်ဒါတွေချည်းပဲတဲ့ ။
တဖြည်းဖြည်း အရွယ်ရောက်ကြီးပြင်းလာတဲ့နွားကလေး နက်ချောဟာ အာဇာနည် နွား လားဥဿဖမျိုးဖြစ်တဲ့အတွက် သန်သန်မာမာ ထွားထွားကျိုင်းကျိုင်းနဲ့ တခြားနွားတွေထက် ခွန် အားဗလ ကြီးမားလာတာပေါ့ ။
နွားကလေး နက်ချောဟာ သူ့ကို သားအရင်းတစ်ယောက်လို ပြုစုတဲ့ အဘွားအိုကို အရမ်းလည်းချစ်အရမ်းလည်း ကျေးဇူးတင်တယ်တဲ့ ။
ငါအမေဟာ ငါ့အပေါ်မှာ အရမ်းကျေးဇူးကြီးမားတယ်….. ငါ့ကိုအရမ်းချစ်ပြီး အရမ်းဂရု စိုက်တယ်…..။ ဆင်းရဲတဲ့ကြားထဲက ငါ့ကို သားအရင်း တစ်ယောက်လို ကောင်းကောင်းကျွေး၊ ကောင်းကောင်းထားတယ်…..။ တစ်နေ့ကျရင် ငါ့အမေကို ငါ ကောင်းကောင်း ကျေးဇူးပြန်ဆပ်မယ်...။ အမေ မပင်မပန်းနဲ့ ချမ်းချမ်းသာသာ နေစေရမယ် ။
အမေတစ်ယောက်ရဲ့  မေတ္တာမျိုးနဲ့ကျွေးမွေးပြုစုခဲ့တဲ့ အဘွားအိုကို အမေ့ကျေးဇူးဆပ်ဖို့ နွားကလေး နက်ချော အမြဲတွေးတောနေသတဲ့ ။
တစ်နေ့တော့….နက်ချောနဲ့ ကလေးတစ်အုပ်ရွာအပြင်ဘက်က မြစ်ဆိပ်တစ်ခုကို ဆော့ ကစားရင်း အသွား……လှည်းကုန်သည်တစ်ဦး လှည်းငါးရာနဲ့မြစ်ဆိပ်မှာ ဒုက္ခရောက်နေတာ တွေ့လိုက်ရပါတယ် ။ ရွှံ့ ညွန်ထဲမှာကျွံနစ်နေတဲ့ လှည်းတွေကို ဘယ်နွားကမှ ကုန်းပေါ်ရောက် အောင် မဆွဲတင်နိုင်လို့တဲ့ကွယ် ။ နွားတစ်ထောင်ပေါင်းပြီး လှည်းတစ်စီးကို ဆွဲတင်တာတောင် လှည်းကလုံးဝ မလှုပ်ဘူးတဲ့ ။
နက်ချောကိုလည်းမြင်ရော လှည်းကုန်သည်က………..
“ကလေးတို့……… ကလေးတို့ရဲ့နွားက ခွန်အားဗလ အရမ်းကောင်းတာပဲ……ရွှံ့ ညွန်ထဲ မှာ ဦးရဲ့  လှည်းတွေကို ဒီနွားနဲ့ ဆွဲတင်ပါရစေ …….နွားပိုင်ရှင်ကိုပြောပေးပါကွယ် ”
“ဟာ…..မရဘူးဗျာ့……..ဒီနွားက အဘွားအိုတစ်ယောက် တယုတယ မွေးထားတာ……. ခိုင်းနွားမဟုတ်ဘူး…….. သူ့သခင်က သူ့ကိုဘာအလုပ်မှခိုင်းတာမဟုတ်ဘူး……..ပြောပေးလို့ရ မှာ မဟုတ်ပါဘူးဗျာ…..”
“ဦးက အလကားမခိုင်းပါဘူးကွယ်……တန်ရာတန်ကြေးပေးမှာပါ …..ပိုက်ဆံပေးမှာပါ ကွဲ့ …….”
ပိုက်ဆံပေးမယ် လည်းကြားရော ၊ နွားကလေးနက်ချောဟာ ရှေ့ဆုံးလှည်းရဲ့  ရှေ့ မှာ သွား ရပ်နေလိုက်သတဲ့ ။
“ဒီနေ့တော့ ငါ့အမေကျေးဇူး ငါဆပ်ခွင့်ရတော့မယ်……. ငါ့အမေကို ဒီပိုက်ဆံတွေ ပေး လိုက်ရင် ငါ့အမေ မပင်ပန်းတော့ဘူး…….ငါ့အမေ မဆင်းရဲ့ တော့ဘူး…… ငါ့အမေ ဒီနေ့ ကစ ပြီး ချမ်းသာပြီ……..”လို့ တွေးရင်းနက်ချောလေး အရမ်းပျော်နေသတဲ့ကွယ် ။
လှည်းကုန်သည်က ကြိုးတစ်စကို လှည်းမှာချည် ၊ ကြိုးတစ်စကို နက်ချောရဲ့  လည်ပင်း မှာ ချည်ပြီး ဆွဲတင်ခိုင်းပေမယ့် နက်ချောက လုံးဝ မလှုပ်ဘဲ ဒီအတိုင်း ပေပြီးရပ်နေသတဲ့ ။ ဆွဲ တင်ခ ဘယ်လောက်ပေးမယ်ဆိုတာ မပြောသေးလို့တဲ့ကွယ် ။ နက်ချောက အလာကြီးပဲနော် ။ နွားဆိုပြီး လျှော့မတွက်လိုက်နဲ့…..ဈေးစကားအရင်ပြောပြီးမှ အလုပ်လုပ်မှာတဲ့ ။
“စိတ်မရှိပါနဲ့ မိတ်ဆွေကြီး ကိုနက်ချော……လှည်းငါးရာကိုခင်ဗျားဆွဲတင်ပြီးရင်…လှည်း တစ်စီးကို အသပြာနှစ်ချပ်(နှစ်ဒေါ်လာ)နှုန်းနဲ့အသပြာအချပ်တစ်ထောင်(ဒေါ်လာတစ်ထောင်) ခင်ဗျားကို ကျုပ်ပေးပါ့မယ်……..”
အဲဒီလို ကြေးဖြတ်လိုက်တော့မှ နွားကလေး နက်ချောက လှည်းငါးရာကို တစ်စီးပြီး တစ်စီး ကုန်းပေါ် (မြေမာလမ်းပေါ်) ရောက်အောင် ဆွဲတင်ပေးလိုက်သတဲ့ ။ ခွန်အားဗလကြီး မားတော့လည်း အလွယ်တကူဆွဲတင်ပေးနိုင်တာပေါ့ ။
ဆွဲတင်ပေးပြီးပြီးချင်း လှည်းကုန်သည်နားမှာ နက်ချော သွားရပ်ပါတယ် ။ “ပေး...ပိုက်ဆံ” ဆိုတဲ့သဘောပေါ့ ။ အသပြာတစ်ထောင်ပေးရမှာ နှမြောတဲ့ လှည်းကုန်သည်က အသပြာငါးရာ ကိုပဲ အိတ်တစ်လုံးနဲ့ထုပ်ပြီး နွားကလေးနက်ချောရဲ့  လည်ပင်းမှာချိတ်ဆွဲပေးလိုက်သတဲ့ ။
“ဒီလူတော်တော် ကောက်ကျစ်တာပဲ…. ပြောထားတဲ့ ဈေးအတိုင်းလည်း မပေးဘူး….. ဒီလိုလုပ်လို့ဘယ်ရမလဲ……” ဆိုပြီး တန်းစီရပ်ထားတဲ့ လှည်းငါးရာရဲ့  ရှေ့ ကနေ နက်ချော သွားပိတ်ရပ်နေလိုက်တဲ့ အတွက် လှည်းတစ်စီးမှ ထွက်လို့မရတော့ဘူး ဖြစ်သွားပါတယ်။ ဘယ်လိုပဲအော်ဟစ်ပြီးခြောက်ခြောက် ၊ ဘယ်လိုပဲ ဖယ်ထုတ်ပြီးတွန်းတွန်း နက်ချောက လုံးဝ မလှုပ်ဘဲ ငြိမ်ပြီး ပေရပ်နေတဲ့အတွက် လှည်းကုန်သည်လည်း လက်လျှော့ပြီး အသပြာတစ်ထောင်ထုပ်ကို နက်ချောရဲ့ လည်ပင်း မှာ ချိတ်ဆွဲပေးလိုက်ရသတဲ့ ။
“ဆောရီးပဲဗျာ……. ရော့ - တစ်ထောင်” အသပြာတစ်ထောင်ရတယ်ဆိုရင်ပဲ နွားကလေး နက်ချော ၀မ်းမြောက်ဝမ်းသာနဲ့ အမြီးကလေးထောင်ပြီး သူ့မိခင် အဘွားအိုဆီ ခုန်ပေါက်ပြေး သွားသတဲ့။ ကလေးတွေကလည်း နောက်ကနေ တပျော်တပါးကြီး အော်ဟစ်လိုက်သွားကြတာ ပေါ့ ။ သူ့ပိုက်ဆံ လုယူမှာစိုးလို့ ကလေးတွေကို နက်ချောက အနားကပ်မခံဘဲ ခြောက်ထုတ်ပြီး ဒုန်းစိုင်း ပြေးတာတဲ့ကွယ် ။
ဆူဆူညံညံ အသံကြားလို့ အဘွားအို အိမ်အပြင်ထွက်ကြည့်လိုက်တဲ့အခါမှာတော့…..
“အမယ်လေး သားလေးရယ်…..ချွေးတွေသံတွေရွှဲနစ်နေလို့ပါလား……မျက်လုံးတွေက လည်း နီရဲနေတာပဲ…. ဘာတွေများ ပင်ပင်ပန်းပန်း သွားလုပ်လာခဲ့တာလဲကွယ်……”
“ကလေးတို့ရေ……ဟဲ့……ကလေးတို့…….အဘွားကိုပြောကြစမ်းပါဦး…….အဘွားသား လေး ဘာတွေဖြစ်လာခဲ့တာလဲ……. အဘွား ရင်တုန်ပန်းတုန် ရှိလိုက်တာကွယ်….”
ကလေးတွေပြန်ပြောပြလို့ အကြောင်းစုံ သိလိုက်ရတဲ့အခါမှာတော့ အဘွားအိုလည်း မျက်ရည်တွေ စီးကျလာတာပေါ့ ။ နွားကလေး နက်ချောရဲ့  လည်ပင်းကို ချစ်ခင်ကြင်နာစွာ တယုတယ ပွေ့ဖက်ထားပြီး…….
“သားလေးရယ်…….နောက်ကိုဒီလိုအပင်ပန်းမခံပါနဲ့တော့ကွယ်….. အမေ့သားလေး ကျေးဇူးသိတတ်တာ လူသာမန်တွေထက်တောင် ပိုပါတယ် …… သားလေးပေးတဲ့ ပိုက်ဆံနဲ့ အမေတစ်သက်လုံး ချမ်းချမ်းသာသာ နေနိုင်ပါပြီ…….အမေ့အတွက်သားလေးဘာမှစိတ်မပူနဲ့ တော့နော်….”
နွားကလေး နက်ချောကလည်း……
“၀မ်းသာလိုက်တာ…….အခုမှပဲ ငါ့အမေရဲ့ ကျေးဇူးကို ငါဆပ်ခွင့်ရတော့တယ်…” လို့ တစိမ့်စိမ့်တွေးပြီး အဘွားအိုရဲ့  လက်ကို လျှာလေးနဲ့ တယုတယ ပြန်လျက်ပေးနေလိုက်သတဲ့ကွယ်…..။
ညီငယ်ညီမငယ်တို့ရေ……..
ကျေးဇူးတရားဆိုတာမေ့ပစ်သင့်တဲ့အရာမဟုတ်ဘူး……...အမြဲသတိရနေသင့်တဲ့အရာ ကွယ့် ။ သတိရနေရုံနဲ့လည်းမပြီးသေးဘူး..တုံ့ပြန်သင့်တဲ့အချိန် ကျေးဇူးတုံ့ပြန်ရဦးမယ်..နော်။
စိတ်ထားကောင်းမြတ်တဲ့သူတွေဟာ ကိုယ့်အပေါ်ရှိခဲ့ဖူးတဲ့ သူတစ်ပါးရဲ့ ကျေးဇူးတရား ကိုသိလည်းသိ၊ တုံ့လည်း တုံ့ပြန်တတ်ကြပါတယ် ။ စိတ်ထားယုတ်ညံ့တဲ့သူတွေကတော့ သိ လည်းမသိ ၊ တုံ့လည်းမတုံ့ပြန်တတ်ကြပါဘူး ။
ညီငယ် ညီမငယ်တို့ရဲ့ ဘ၀မှာ ဘယ်လိုမှ ရှောင်လွှဲလို့မရတဲ့ အနီးကပ်ကျေးဇူးရှင်တွေ ကတော့ ညီငယ် ညီမငယ် တို့ရဲ့  ဖေဖေနဲ့ မေမေပါပဲ ။
ဖေဖေနဲ့ မေမေကသာ ထမင်းကျွေးမထားရင်ညီငယ် ညီမငယ်တို့ သေတာကြာလှပြီ ပေါ့ ။ မသေဘူးပဲထား…..ခုလောက်ဆိုလူတကာဆီလက်ဖြန့်တောင်းစားရတဲ့သူတောင်းစား ဖြစ်နေမှာ သေချာပါတယ် ။
ဖေဖေ နဲ့ မေမေကသာ အ၀တ်အစားဆင်မပေးရင် ညီငယ် ညီမငယ်တို့ ကိုယ်တုံးလုံး လေးနဲ့ ရှက်စရာကြီးဖြစ်နေမှာပေါ့ ။ အေးတဲ့ဒဏ် ၊ ပူတဲ့ဒဏ်တွေ အလူးအလဲခံရမယ်အပြင်
အသားတွေလည်း မည်းတူးနေမှာ မလွဲပါဘူး ။
ဖေဖေနဲ့ မေမေကသာ ကျောင်းထားမပေးရင် ညီငယ် ညီမငယ်တို့ ဘာစာမှမတတ် ၊ ဘာပညာမှ မတတ်ဘဲ ငတုံးငအလေးတွေ ဖြစ်နေမှာပေါ့ ။ ပညာမတတ် ၊ စာမတတ်ရင် လူ တကာခိုင်းတာ လုပ်ပြီး ဆင်းဆင်းရဲရဲ အသက်မွေးရမယ်….. လူတကာရဲ့  အနှိမ်ခံရမယ်ကွယ့်။
ဖေဖေနဲ့ မေမေကသာ အိပ်မှာ နေခွင့်မပေးရင် ညီငယ် ညီမငယ်တို့လမ်းဘေးမှာပဲနေ ၊ လမ်းဘေးမှာပဲအိပ်၊ လမ်းဘေးမှာစား ဘယ်လောက်ဒုက္ခရောက်ရမလဲ ။
ကျေးဇူးကြီးမားလှတဲ့ ဖေဖေနဲ့ မေမေကို ညီငယ်ညီမငယ်တို့က စိတ်ဆင်းရဲအောင် မလုပ်ဘူးဆိုရင် အဲဒါ မိဘကျေးဇူးဆပ်တာပါပဲ ။ ကျောင်းမှန်မှန်တက်တာ ၊စာမှန်မှန်ကျက်တာ၊ ကိုယ်တတ်နိုင်သလောက် မိဘအလုပ်ကူလုပ်ပေးတာ ၊ မိဘပြောစကားနားထောင်တာ ၊မိဘကို အညောင်းအညာပြေအောင်နှိပ်နယ်ပေးတာ ၊ မိဘရဲ့ လုံချည်အင်္ကျီလျှော်ဖွပ်ပေးတာ ၊ တစ်ခါ တစ်ရံ ကိုယ့်မုန့်ဖိုးလေးနဲ့ မိဘကိုမုန့်ဝယ်ကျွေးတာ…….ဒါတွေအားလုံးဟာ မိဘကျေးဇူးဆပ် တာတွေချည်းပါပဲ ။
တိရ စ္ဆာန်ဖြစ်တဲ့ နွားကလေးနက်ချောတောင် မိခင်ကျေးဇူး သိတတ်သေးရင် လူဖြစ်တဲ့ ညီငယ် ညီမငယ်တို့က မိဘကျေးဇူးကိုပိုပြီးသိတတ်ရမှာပေါ့ ။ကိုယ့်အရွယ်နဲ့လိုက်ဖက်တဲ့ကျေး ဇူးဆပ်နည်းနဲ့လည်း ကျေးဇူးဆပ်ကြရမှာပေါ့ကွယ် ။
ညီငယ် ညီမငယ်တို့အားလုံး မိဘကျေးဇူးကို သိလည်းသိ ၊ ဆပ်လည်းဆပ်တဲ့ ပညာရှိ သူတော်ကောင်းလေးတွေဖြစ်ကြပါစေ………လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်…….။
မေတ္တာဖြင့်
ယဉ်ကျေးလိမ္မာဂျာနယ်မှရေးသားလိုက်ရပါသည်။
ကိုမိုး(ဖြောင်းထက်)
Monday, January 19, 2009
ကျေးဇူးသိတတ်သော နွားကလေးနက်ချော
Subscribe to:
Post Comments (Atom)
No comments:
Post a Comment