တစ်နေ့၊ အလုပ်လက်မဲ့ဖြစ်နေတဲ့ လူငယ်တစ်ယောက် မိုက်ခရိုဆော့ကုမ္ပဏီကြီးမှာ ရုံးအကူအလုပ် လာလျှောက်ပါတယ်။
အလုပ်သမားရွေးချယ်ခန့်ထားရေး မန်နေဂျာက သူ့ကို အင်တာဗျူးလုပ်ပြီး အစမ်းခိုင်းကြည့်တဲ့ သဘောနဲ့ ရုံးခန်းကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ခိုင်းကာ လူငယ်ရဲ့ လုပ်ပုံကိုင်ပုံတွေကို စောင့်ကြည့်လေ့လာပါတယ်။ ပြီးတော့ မန်နေဂျာက “မင်းကို ဒီကုမ္ပဏီမှာ အလုပ်ခန့်ပါ့မယ်။ မင်းရဲ့ အီးမေးလ်လိပ်စာ တို့ ကိုပေးထားခဲ့ပါ။ မင်းစပြီး အလုပ်လုပ်ရမယ့် နေ့ရက်နဲ့ မင်းဖြည့်ပေးရမယ့် ဖောင်ကို အီးမေးလ်ကတဆင့် တို့ ပို့ပေးလိုက်ပါ့မယ်” လို့ပြောဆိုပါတယ်။ ဒီစကားကိုကြားတဲ့ အခါ လူငယ်က “ကျနော့်မှာ ခုထိ ကွန်ပျူတာလည်းမရှိ၊ အီးမေးလ်လည်း မရှိသေးပါဘူးခင်ဗျာ” လို့ ပြန်ပြောပါတယ်။
မန်နေဂျာက “ဒါဆိုရင်တော့ အားနာပါရဲ့ကွာ။ ဒီခေတ်မှာ အီးမေးလ်လေးတောင်မှ မရှိဘူးဆိုရင် ဘယ်လိုလုပ် လူဝင်ဆန့်နိုင်မှာလဲ။ လူဝင်မဆန့်တဲ့သူတစ်ယောက်အတွက်လည်း ဘယ်မှာလာပြီး အလုပ်ရှိနိုင်တော့မှာလဲ” လို့ ပြောဆိုလိုက်ပါတယ်။
လူငယ်ဟာ စိတ်ပျက်လက်ပျက်နဲ့ပဲ ကုမ္ပဏီထဲကနေ ပြန်ထွက်လာခဲ့ပါတယ်။ သူ့ရဲ့ ပိုက်ဆံအိတ်ထဲ ကျန်ရှိနေတဲ့ငွေက ဆယ်ဒေါ်လာ။ ဒီငွေဆယ်ဒေါ်လာနဲ့ ဘာလုပ်စားရမှန်း သူမသိ။ ဒီလိုနေရင်း ဈေးတန်းဘက် လျှောက်ကြည့်ပြီး ဈေးထဲမှာ ၁၀ကီလိုဂရမ် ခရမ်းချဉ်သီးခြင်းတစ်ခြင်း ၀ယ်ယူဖို့ သူ စိတ်ဆုံးဖြတ်လိုက်ပါတယ်။
သည်နောက် တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး သူ့ရဲ့ ခရမ်းချဉ်သီးတွေကို လိုက်လံ ရောင်းချပါတော့တယ်။ နှစ်နာရီလောက်တောင် မကြာလှတဲ့ အချိန်အတွင်းမှာပဲ ခရမ်းချဉ်သီး တစ်ခြင်းကုန်လို့ သူ့ငွေရင်းထက်လည်း အမြတ်အစွန်း နှစ်ဆကျန်နေတာကို သူတွေ့လိုက်ရပါတယ်။
ဒီပုံစံအတိုင်း သုံးကြိမ်လောက် ခေါက်တုန့် ခေါက်ပြန် ၀ယ်ယူရောင်းချပြီးတဲ့နောက် အမြတ်ငွေဒေါ်လာ ၆၀ကိုင်ပြီး သူအိမ်ကိုပြန်လာခဲ့ပါတယ်။
သူ ဒီလိုနည်းလမ်းနဲ့လည်း ဘ၀ရပ်တည်နိုင်တာပဲ ဆိုတာကို လူငယ်ဟာ ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ပါပြီ။ သူဟာ ဈေးကို နေ့စဉ် နံနက်စောစော သွားလို့ ညနေနောက်ကျမှ အိမ်ကိုပြန်ပြန်လာပါတယ်။ ဒီလိုနဲ့ သူ့ငွေကြေးဥစ္စာဟာလည်း နေ့စဉ် နှစ်ဆ၊သုံးဆ ပိုပိုတိုးလာခဲ့ပါတော့တယ်။
မကြာခင်မှာပဲ သူ ဈေးလှည့်ရောင်းဖို့ လှည်းတစ်စီးဝယ်ပါတယ်။ သည့်နောက် ထရပ်ကားတစ်စီး ထပ်ဝယ်ပါတယ်။ ဒီလိုနဲ့ ကုန်ပစ္စည်း ဖြန့်ချီရေး မော်တော်ယာဉ် အုပ်စုကြီးကို ပိုင်ဆိုင်လာတဲ့အထိပါပဲ။
ငါးနှစ်လောက် ကြာလာပြီးတဲ့နောက် သူဟာ အမေရိကန်နိုင်ငံရဲ့ အကြီးမားဆုံး စားသောက်ကုန်ပစ္စည်း ရောင်းချသူတွေထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်လာခဲ့ပါတယ်။
ကြွယ်ဝချမ်းသာလာတာနဲ့ အမျှ သူဟာ မိသားစု အနာဂတ်အရေးတွက် အစီအမံတွေ စတင်ဆောင်ရွက်ပါတယ်။ ပထမဦးဆုံး အသက်အာမခံထားဖို့ သူဆုံးဖြတ်လိုက်ပါတယ်။ သူဟာ အာမခံ ကိုယ်စားလှယ် တစ်ဦးကို ခေါ်ယူဆွေးနွေးပြီး မိသားစုလုံခြုံရေး အစီအစဉ်တစ်ခုကို ရွေးချယ်ပါတယ်။
နောက်ဆုံး နှစ်ဦးသား ပြောဆို ညှိနှိုင်းမှုတွေ အပြီး အာမခံကိုယ်စားလှယ်က သူ့ရဲ့ အီးမေးလ်လိပ်စာ ကို တောင်းခံပါတယ်။ သူက “ကျွန်တော်မှာ အီမေးလ်လိပ်စာ မရှိပါဘူးဗျာ” လို့ ပြန်ပြောပါတယ်။ ကိုယ်စားလှယ်က “ခင်ဗျားမှာ အီးမေးလ်မရှိတာတောင် ဒီလောက်ကြီးမားတဲ့ စီးပွားရေး အင်ပါယာကြီးကို တည်ထောင်ထားနိုင်လောက်အောင် အောင်မြင်နေတယ်ဆိုရင် တကယ်လို့ ခင်ဗျားမှာ အီးမေးလ်လိပ်စာ တစ်ခုလောက်များရှိခဲ့ရင် ခင်ဗျားဘယ်လောက်အထိ အောင်မြင် တိုးတက်နေလိုက်မလဲဆိုတာ စဉ်းစားသာကြည့်လိုက်ပါတော့ဗျာ” လို့ တအံ့တသြ မေးခွန်းထုတ်လိုက်ပါတယ်။
တချိန်က ခရမ်းချဉ်သီးရောင်းပြီး ကြီပွားလာတဲ့ လူငယ်က ခဏတာစဉ်းစား အပြီး “…..ဟုတ်ကဲ့ တကယ်လို့ ကျွန်တော်သာ အီမေးလ်လိပ်စာ တစ်ခုရှိခဲ့မယ်ဆိုရင်.. မိုခရိုဆော့ကုမ္ပဏီက ရုံးအကူတစ်ယောက် ဖြစ်နေလောက်ရောပေါ့ ဗျာ” .. လို့ ပြန်ပြောလိုက်ပါသတဲ့။
http://www.infocube.co.in/?m=200804 မှ THE TOMATA STORY!!! ကို သင့်သလို ပြန်ရေးပါသည်။
Thursday, January 1, 2009
တကယ်လို့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment