ပေးပို့သူ - ဟိန်းမင်း
မြန်မာညီအစ်ကိုမောင်နှမ အပေါင်းတို့...။ ပြဿနာဆိုတာ အချိန်ဆွဲပြီး ဖြေရှင်းရတာ ရှိသလို အချိန်မဆွဲပဲ ချက်ချင်း ဖြေရှင်းရတာတွေလည်း ရှိပါတယ်။ ပြဿနာကို အချိန်မဆွဲပဲ ဖြေရှင်းနိုင်လို့ အသက်အန္တရာယ် ဒုက္ခကြားက အသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့ အကြောင်းအရာလေးကို တင်ပြလိုက်ပါတယ်။ ဒီအကြောင်းအရာလေးကို ဖတ်ပြီးလျှင် ဒုက္ခကြားက မြန်မာပြည်သူတွေနှင့် မြန်မာပြည်ရဲ့ ပြဿနာတွေကို အချိန်မဆွဲဘဲ ဘယ်လိုဖြေရှင်းကြမယ်ဆိုတာ မြန်မာနိုင်ငံသား ညီအစ်ကိုမောင်နှမအပေါင်း ၀ိုင်းဝန်း အဖြေရှာစေချင်ပါသည်။ အကြံဥာဏ် ထက်မြက်သူတစ်ယောက်ရဲ့ အကြံဥာဏ်နှင့် လုပ်ဆောင်မှုဟာ လူမြောက်များစွာနှင့် တိုင်းပြည်တခုလုံး ပြောင်းလဲသွားစေနိုင်ပါသည်။
စာရေးဆရာ နန္ဒာသိန်းဇံ၏ အရုဏ်မတက်မီ ဆိုသော အကြောင်းအရာလေးအား တင်ပြလိုက်ပါသည်။
အရုဏ်မတက်မီ
ထိုနေ့ညက ပြဿနာကို ပြဿနာလုပ်၍ သူတို့ ဆွေးနွေးကြသည်။ ထို့နောက် အပြုအမူတို့၏ မှန်ခြင်း၊ မှားခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်းအကြောင်းကိုလည်း ဆွေနွေးကြသည်။ တစ်ဦးသောသူက အောက်ပါအဖြစ်အပျက်ကို ပြောပြပါသည်။
ရွာတစ်ရွာရဲ့အလယ်မှာ အသီးတွေ မှည့်ဝင်းနေတဲ့ တည်ပင်ကြီးတစ်ပင် ရှိတယ်။ အဲ့ဒီ တည်ပင်ကြီးက တည်သီးမှည့်တွေကို မျောက်တွေ သိပ်စားချင်နေကြတယ်။ ဒါနဲ့ မျောက်တွေက သူတို့ရဲ့ မျောက်ခေါင်းဆောင်ကို တည်သီး စားချင်တဲ့အကြောင်း ပြောကြတယ်။ ဒီလိုပြောတော့ ခေါင်းဆောင်က... လူတွေဟာ သိပ်မာယာများတဲ့သူတွေ ဖြစ်တယ်။ လူတွေဟာ သူတို့ကို အန္တရာယ်အများကြီးပေးနိုင်တယ်။ ဒါကြောင့် မသွားစေချင်ဘူးလို့ ပြောတယ်။ ဒီအခါ မျောက်တွေက ဒါဆိုရင် လူတွေ အိပ်ပျော်သည့်ထိ စောင့်ပြီး၊ တစ်ရွာလုံး အိပ်မောကျမှ တည်သီးသွားစားမယ်လို့ ပြောကြတယ်….။
မျောက်တွေရဲ့ခေါင်းဆောင်ဟာ မျောက်အများစုရဲ့ ဆန္ဒကို မလွန်ဆန်နိုင်တာနဲ့ သဘောတူလိုက်ရတယ်။ မျောက်တွေဟာ ရွာနဲ့မနီးမဝေးကနေပြီး ရွာသားတွေ အိပ်သည်အထိ စောင့်နေကြတယ်။ လူတွေအိပ်မောကျပြီလို့ သိရတဲ့အခါမှာ မျောက်တွေဟာ ရွာလည်က တည်ပင်ကြီးဆီ သွားတယ်။ ရောက်တော့ တည်ပင်ကြီးပေါ် တက်ကြပြီး၊ တည်သီးတွေစားနေကြတယ်။
အဲ့ဒီအချိန်မှာ ရွာသားတစ်ယောက်က အပေါ့အပါးကိစ္စအတွက် အိပ်ယာက နိုးလာပြီး အိမ်ပြင်ကိုထွက်တယ်။ ဒီရွာသားဟာ တည်ပင်ပေါ်မှာ မျောက်တွေ အမြောက်အများ တက်ရောက် စားသောက်နေကြတာကို သိသွားတယ်။ ဒါနဲ့ ဒီရွာသားက တခြားရွာသားတွေကို နှိုးပြီးပြောပြတယ်။ ရွာသားတွေဟာ ရသမျှ တုတ်၊ ဓား၊ လက်နက်တွေကို ကိုင်ဆောင်ပြီးတော့ အရုဏ်တက်လို့ အလင်းရောက်တာနဲ့ တစ်ပြိုင်နက်၊ မျောက်တွေကိုဖမ်းဆီး သတ်ဖြတ်ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ တည်ပင်ကြီးကို ၀ိုင်းထားကြတယ်။
မျောက်တွေရဲ့ခေါင်းဆောင်ကတော့ အေးဆေးတည်ငြိမ်စွာနဲ့ လူတွေကို ကြောက်ရွံ့ထိတ်လန့်ဖို့ မလိုကြောင်း၊ စားမှာကို ဆက်စားကြဖို့ နှစ်သိမ့်စကားပြောတယ်။ ခေါင်းဆောင်ဖြစ်သူမှာ မျောက်တွေ လွတ်မြောက်ရေးအတွက် အကြံကောင်း၊ ဥာဏ်ကောင်း ရှိနေလို့ဖြစ်ပါလိမ့်မယ်။ မျောက်တွေရဲ့ခေါင်းဆောင်က ဒီလို အားပေးစကားပြောပြီးနောက် မျောက်တွေကို စုဝေးစေပြီး၊ ပျောက်နေသူ ရှိမရှိစစ်ဆေးတယ်။ ဒီလို စစ်ဆေးတဲ့အခါမှာ မျောက်ခေါင်းဆောင်ရဲ့ တူဖြစ်သူ မျောက်တစ်ကောင် ပါမလာကြောင်းသိတယ်။ အဲဒီအခါမှာ မျောက်တွေရဲ့ခေါင်းဆောင်က မျောက်တွေကို သူ့ရဲ့တူဖြစ်သူ ပါမလာခြင်းဟာ မျောက်အားလုံး လွတ်မြောက်ဖို့ပင်ဖြစ်ကြောင်း၊ သူ့ရဲ့တူဟာ မျောက်အားလုံး ချမ်းသာအောင် ကယ်တင်လိမ့်မှာဖြစ်ကြောင်း၊ အားပေးစကား ထပ်ပြောတယ်။ ပါမလာတဲ့မျောက်ဟာ ထက်မြက်တဲ့ အကြံဥာဏ်ရှိသူဖြစ်တယ်။ တခြားမျောက်တွေလို အာသာငမ်းငမ်း တည်သီးစားချင်စိတ် ရှိဟန်မတူဘူး။ ဒါကြောင့် ရွာအပြင်မှာ နောက်ကျကျန်ရစ်တာဖြစ်လိမ့်မယ်။ ဆိုခဲ့တဲ့အတိုင်း မျောက်ခေါင်းဆောင်ဟာ မျောက်တွေကို စစ်ဆေးနေချိန်လောက်မှာ သူက ရွာထဲကိုဝင်လာတယ်။
ရွာလယ် တည်ပင်နားကို ရောက်ရော၊ တည်ပင်ပေါ်က မျောက်တွေကို ၀ိုင်းထားတဲ့ လူတွေကို သူလှမ်းမြင်ရတယ်။ မျောက်တွေရဲ့ သေရေးရှင်ရေးဟာ သူ့အပေါ်မှာ မူတည်နေတယ်ဆိုတာ သူသိပါလိမ့်မယ်။ သူ အခု ရင်ဆိုင်နေရတဲ့ ပြဿနာဟာ မျောက်တွေကို လူတွေလက်က ဘယ်လို လွတ်အောင် လုပ်မလဲဆိုတဲ့ ပြဿနာပဲ။ အကြံဥာဏ် ထက်မြက်သူဆိုတော့ သူက ရွာအစွန်မှာရှိတဲ့ အိမ်တစ်အိမ်ဆီကို သွားတယ်။ ဟိုဟိုဒီဒီ ကြည့်လိုက်တော့ မီးဖိုတစ်ခုကို တွေ့တယ်။ သူက အဲဒီ မီးဖိုက မီးစကိုယူပြီးတော့ လေညာအရပ်ကနေ ရွာကို မီးတိုက်တော့တာပဲ။
ရွာ မီးလောင်တာလဲမြင်ရော တည်ပင်ကို ၀ိုင်းထားတဲ့လူတွေ အားလုံးဟာ မီးငြှိမ်းဖို့ မီးလောင်ရာဆီ ပြေးကြတယ်။ ဒီလို လူတွေလည်းပြေးရော…… မျောက်တွေဟာ တည်ပင်ပေါ်က ဆင်းပြီး ပြေးခွင့်ရတဲ့အတွက် အသက်ချမ်းသာရာ ရသွားကြတယ်။ သူတို့ကို ကယ်တင်ခဲ့တဲ့ မျောက်ခေါင်းဆောင်ရဲ့ တူဖြစ်သူအတွက် မျောက်တစ်ကောင်စီမှာ တည်သီးတစ်လုံးစီ သယ်လာကြတယ်တဲ့ဗျာ။ မျောက်တွေဟာ သူတို့ရဲ့ ကယ်တင်ရှင်ကို ကျေးဇူး သိတတ်ကြပါ ပေတယ်။
အထက်ပါ အဖြစ်အပျက်ကို ပြောပြီးနောက် သူက... မျောက်တွေကို ဖမ်းဆီးသတ်ဖြတ်ဖို့ တည်ပင်ကြီးအောက်မှာ စောင့်နေကြတဲ့လူတွေရဲ့ အနီးအပါးရောက်လာတဲ့ မျောက်ခေါင်းဆောင်ရဲ့ တူဖြစ်သူ ရင်ဆိုင်ရတဲ့ ပြဿနာက ပြဿနာအတု မဟုတ်ဘူးဗျ။ ပြဿနာအစစ်၊ ပြီးတော့ ခင်ဗျားတို့ စဉ်းစားကြည့်။ သူဖြေရှင်းရမယ့် ပြဿနာက အချိန်ရွေ့ဆိုင်းပြီး ၊ နောက်ကျမှ ဖြေရှင်းရမယ့် ပြဿနာမျိုးမဟုတ်ဘူး။ အရုဏ်မတက်ခင် ဖြေရှင်းမယ့်ပြဿနာ၊ အရုဏ်မတက်ခင် ပြေလည်အောင် ဖြေရှင်းရမယ့် ပြဿနာဖြစ်တယ်။ ပြဿနာရှင်းတဲ့အခါမှာ အချိန်ကို ချိန်ဆနိုင်ခြင်းဟာ အရေးကြီးတဲ့ စွမ်းရည်ဖြစ်တယ်။ ချိန်ဆမှု မှားရင် ပြဿနာက မပြေလည်နိုင်တော့ဘူး။ ဒီမှာ တွေးစရာတော့ ရှိတယ်ပေါ့။ ဘာလဲဆိုတော့ ပြဿနာဖြေရှင်းတဲ့အခါမှာ ရွာကိုမီးတိုက်ခြင်းအားဖြင့် ဖြေရှင်းတယ်ဆိုတော့ ရွာသားတွေဘက်က ကြည့်ရင်တော့ မျောက်တွေရဲ့လုပ်ရပ်ဟာ မကောင်းဘူး။ ဆိုးတယ်ပေါ့ဗျာ။ ဒါပေမယ့် မျောက်တွေဘက်ကကြည့်ရင်တော့ ၊ ဒီလိုမှ မလုပ်ရင် မျောက်တွေ အစုလိုက်အပြုံလိုက် သေကြရမှာဆိုတော့… ရွာကို မီးတိုက်ပြီး ရွာသားတွေရဲ့ အာရုံကို ပြောင်းအောင်လုပ်တာဟာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ ပါဏာတိ ပါတကံကို ရွာသားတွေ မကျူးလွန်အောင် ဟန့်တားပေးလိုက်ရာ ရောက်သွားပါတယ်။ ဒါကြောင့် သူ့လုပ်ရပ်ဟာ လုပ်သင့်တဲ့လုပ်ရပ်လို့ ကျုပ်ကတော့ထင်တယ် ဟု သူကတော့ ဆိုပါသည်။
Wednesday, February 4, 2009
အရုဏ်မတက်မီ
Subscribe to:
Post Comments (Atom)
1 comment:
ကိုဟိန်းမင်းခင်ဗျာ... အရင်တစ်ခါပို့လိုက်တဲ့ အများအကျိုး၊ ရွက်သည်ပိုးက ဆိုတဲ့ ပို့စ်လေးမှာတော့ စာတွေ၊ ဘလော့ဂ်တွေ ရေးတဲ့သူ မဟုတ်ပါဘူး။ အများအကျိုး ဆောင်ရွက်နေသူလည်း မဟုတ်ပါဘူးဆိုပြီးတော့ ရေးထားတယ်နော်..။ အခု အရုဏ်မတက်မီ မှာကျတော့ အများအကျိုးကို တစ်ကယ်စွမ်းစွမ်းတမံ လုပ်ဆောင်နေသူတွေရဲ့ အမြင်မျိုးတွေ ဖြစ်နေပါတယ်ခင်ဗျာ..။ အခုလိုပဲ စာတွေ ရေးရင်းကနေ အများအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနိုင်တဲ့သူ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ..။ နောက်ကိုလည်း ဟန်းဂုရွာစာတိုက်ကဏ္ဍကို ပေးပို့ပေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ..။
Post a Comment