ရေးသားသူ - မင်းအောင်နိုင်
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 06 2009 14:56 - မြန်မာစံတော်ချိန်
မဇ္ဈိမသတင်းဌာနမှ ကူးယူတင်ပြသည်။
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 06 2009 14:56 - မြန်မာစံတော်ချိန်
မဇ္ဈိမသတင်းဌာနမှ ကူးယူတင်ပြသည်။
( ကိုယ်တွေ့ကြုံနေရတဲ့ အဖြစ်ကလေးမို့ ကူးယူဖော်ပြလိုက်ပါတယ်။ ခွင့်ပြုချက် မယူမိတာကို ရေးသားသူလည်း ခွင့်လွှတ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ )
နှစ်တနှစ်၏ ယခုလသို့ ရောက်လျှင် ကျနော် စိတ်ညစ်ရမြဲ။ သည်နှစ်တွင်တော့ ကျနော့်စိတ်တို့ နှစ်ဆတိုး ညစ်ရပါတော့သည်။ ကျနော် စိတ်ညစ်ရလေသော လမှာ "ဖေဖော်ဝါရီလ" ဖြစ်ပါသည်။
နှစ်တနှစ်၏ ယခုလသို့ ရောက်လျှင် ကျနော် စိတ်ညစ်ရမြဲ။ သည်နှစ်တွင်တော့ ကျနော့်စိတ်တို့ နှစ်ဆတိုး ညစ်ရပါတော့သည်။ ကျနော် စိတ်ညစ်ရလေသော လမှာ "ဖေဖော်ဝါရီလ" ဖြစ်ပါသည်။
အင်္ဂလိပ်ပြက္ခဒိန် အလိုအရ နှစ်တနှစ်၏ ဒုတိယလ ဖေဖော်ဝါရီအတွင်း မြန်မာနိုင်ငံအတွက် သမိုင်းမော်ကွန်းဝင် နေ့ထူးနေ့မြတ်များ ရှိပါသည်။ ဖေဖော်ဝါရီလ ၁၂ ရက်သည် မြန်မာနိုင်ငံတ၀န်းမှ ပြည်ထောင်စု တိုင်းရင်းသား ညီနောင်များတို့ တသွေးတသံတည်း၊ တစုတစည်းရှိကြကြောင်း သက်သေပြနိုင်ခဲ့သော နေ့တနေ့ဖြစ်သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အအေးဓာတ် မကုန်သေးသည့် တောင်ပေါ်ဒေသ ရှမ်းရိုးမ ရှိ ပင်လုံမြေတွင် ထိုသို့ သက်သေပြနိုင်ခဲ့သော ကမ္ဘာသိသမိုင်းဝင် "ပင်လုံစာချုပ်" ကို ပြည်ထောင်စု တိုင်းရင်းသားခေါင်းဆောင်များ တညီတညွတ်တည်း လက်မှတ်ရေးထိုးခဲ့ကြလေသည်။
ကိုလိုနီနယ်ချဲ့အုပ်ချုပ်မှု လက်အောက်မှ ရုန်းထွက်ကာ သီးခြားလွတ်လပ်သော နိုင်ငံတနိုင်ငံအဖြစ် ကမ္ဘာ့အလယ် ၀င့်ထည်နိုင်ရေးအတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုနောက် ညီညွတ်စွာ အတူတကွ လိုက်ပါကာ သမိုင်းဝင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ပေသည်။
တောင်ပေါ်မြေပြန့်၊ ပြည်နယ်ပြည်မ မခွဲခြားဘဲ လွတ်လပ်ရေးကို အတူတကွ ရယူလိုကြောင်း ပြည်ထောင်စုဖွား ညီနောင်များတို့ အရေးဆိုတောင်းယူခဲ့ကြသည့် သမိုင်းမော်ကွန်းဝင်နေ့ကို "ပြည်ထောင်စုနေ့" အဖြစ် သတ်မှတ်ကာ လွတ်လပ်ရေးရချိန်မှစ၍ အောင်ပွဲသဘင် ပျော်ပွဲများ ဆင်နွှဲခဲ့သည်မှာ လက်ရှိ စစ်အစိုးရမတိုင်မီက အထိပင်။
အာဏာရှင်တို့ ဖိနှိပ်အုပ်ချုပ်လာခဲ့ချိန်မှစကာ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သမိုင်းမော်ကွန်းဝင် ဖြစ်ရပ်တို့သည် တစတစ မှေးမှိန်လာခဲ့ရတော့သည်။ ကျနော်တို့ငယ်ငယ်က ပြည်ထောင်စုနေ့တွင် "ပြည်ထောင်စု စိတ်ဓာတ်" ကို ဖော်ညွှန်းသည့်အနေနှင့်ရော၊ တိုင်းရင်းသား ညီအကိုမောင်နှမ တောင်ပေါ်မြေပြန့်သား မခွဲခြားသော စိတ်ဓာတ်တို့ တစည်းတလုံးတည်း ရှိစေရေး ရည်ရွယ်ချက်ဖြင့်ပါ "ပြည်ထောင်စု အလံတော်" ကို တိုင်းနှင့် ပြည်နယ်အနှံ့ သယ်ဆောင်အလေးပြု၊ ဦးညွှတ်ခဲ့ကြသည်ကို အမှတ်ရနေပါသေးသည်။ မြန်မာပြည် တောင်မှမြောက်၊ အရှေ့မှအနောက် တလူလူလွှင့် လက်ဆင့်ကမ်းသယ်ကြသည့် ပြည်ထောင်စုအလံတော်ကို မတွေ့ရတော့သည်မှာ ယနေ့ဆိုလျှင် နှစ် ၂၀ မျှ ရှိပေပြီ။ ရန်ကုန်မြေတွင်သာ အခြေချနေရသော အလံတော်ကြီးမှာ သူ့သွေးသားရင်း ပြည်ထောင်စုသားတို့နှင့် မတွေ့ရကြာလို့ အလွမ်းတွေပိုနေမည်ဟု ထင်ပါသည်။
ယနေ့ခေတ်လူငယ်ထုကြားတွင်လည်း ပြည်ထောင်စု၏ အနှစ်သာရ၊ ပြည်ထောင်စုစိတ်ဓာတ်၏ အရေးပါပုံတို့ကို အလေးဂရုပြုရကောင်းမှန်း မသိတော့ဘဲ၊ မေ့မေ့လျော့လျော့ ရှိလာကြသည်ကို ၀မ်းနည်းဖွယ် တွေ့မြင်နေရသည်။
မြန်မာ့သမိုင်းဝင် "ပြည်ထောင်စုနေ့" ပြီး နောက်ရက်ဖြစ်သော ဖေဖော်ဝါရီလ ၁၃ ရက်သည်လည်း မြန်မာပြည်ဖွား ပြည်ထောင်စုသား တိုင်းရင်းသားလူမျိုးတို့ မမေ့အပ်သော နေ့တနေ့ ဖြစ်နေပါသည်။ ဤနေ့မှာ မြန်မာပြည်ကို သူ့ကျွန်ဘ၀ ကိုလိုနီနယ်ချဲ့ လက်အောက်မှ လွတ်မြောက်ရေး အသက်အရွယ်နှင့်မမျှ ပင်ပန်းဆင်းရဲခံကာ ကိုယ်ကျိုးမငဲ့ အနစ်နာခံဆောင်ရွက်ခဲ့သည့် အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ပင်ဖြစ်ပါသည်။
ကျနော်တို့ငယ်ငယ် မူလတန်းကျောင်းသားဘ၀က ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ကဗျာလေးကို စိတ်အားတက်ကြွစွာ အော်ဟစ်ရွတ်ဆိုခဲ့ကြသည်ကို ပြန်ကြားယောင်မိလာသည် … "ဖေဖော်ဝါရီ ၁၃ ဟာ ဗိုလ်ချုပ်မွေးနေ့ပါ …" အစချီသည့် "အောင်ဆန်းဇာနည်" ကဗျာအရ ပြည်ထောင်စုနေ့ပြီး နောက်ရက်သည် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်နေပြန်သည်မှာ တိုက်ပဲတိုက်ဆိုင်လွန်းခဲ့သည်ဟု ဆိုရတော့မည်ပင်။ ၀မ်းနည်းစရာ ကောင်းလှသည်မှာ ယနေ့ခေတ် မူလတန်းကလေးများ၏ မြန်မာဖတ်စာ စာအုပ်တွင် အဆိုပါကဗျာကို ဖြုတ်လိုက်ခြင်းဖြစ်ပါသည်။ အကျိုးဆက်ကား ပြည်သူက ချစ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းကို နှောင်းခေတ်လူငယ်တို့ မသိတော့ပေ။
ယနေ့ခေတ် လူငယ်တို့စိတ်ဝယ် ဖေဖော်ဝါရီလ ရောက်ပြီဆိုလျှင် အပျော်တကာ့ အပျော်ဆုံးဖြင့် ဆင်နွှဲလိုကြသော နေ့တနေ့တော့ ရှိပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သမိုင်းမော်ကွန်းဝင် ဖေဖော်ဝါရီ ၁၂ ရက် "ပြည်ထောင်စုနေ့" နှင့် ဖေဖော်ဝါရီ ၁၃ ရက် "အောင်ဆန်းဇာနည်၏ မွေးနေ့" များတော့ မဟုတ်ပါ။ ဧည့်သည်လာ အိမ်ရှင်ဖယ်ပေး ဆိုစကားအရ သူ့ရှေ့က အထင်ကရ နေ့နှစ်နေ့ကို ကျော်ကာ လူငယ်ထုကြား အရေးပါ နေရာရလာသည်က … ဖေဖော်ဝါရီ ၁၄ ရက် "ချစ်သူများနေ့" ဟု မြန်မာပြန် အဓိပ္ပာယ်ရလေသော Valentine Day ပင် ဖြစ်၏။
တနေ့က ၈ တန်းကျောင်းသူ တူမတော်ကို "သည်ဖေဖော်ဝါရီလထဲမှာ အထင်ကရနေ့တွေရှိတယ်။ ဘယ်နေ့တွေလဲ" ဟု မေးမိရာမှ ကျနော့်စိတ် နှစ်ဆတိုး ညစ်ရလေခြင်း ဖြစ်ပါသည်။ တူမတော်က အလျင်အမြန်ပင် "ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့" ဟု ဆိုလေသောကြောင့်ပင်။ ကျနော်က ပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်နှင့်လူမျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပုံများကို သိမီသမျှ ပြောပြကာ၊ သမိုင်းအမွေအနှစ် တန်ဖိုးကြီးမားပုံတို့ကို ရှင်းပြပြောဆိုသော်လည်း တူမတော်မျက်နှာတွင် စိတ်ဝင်စားဟန် မပြ၍ ၀မ်းနည်းဒေါသ ဖြစ်ရပါသည်။
မြန်မာ့သမိုင်းတွင် ကမ္ဗည်းမော်ကွန်းတင် ရေးထိုးထားခဲ့သော ဤနေ့ထူးနေ့မြတ် နှစ်ရက်ကို ကျနော်တို့ ကိုယ်တွေ့မကြုံခဲ့ဖူးပါ။ ကျနော်တို့၏ ဘိုးဘေးများက ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းအမွေ ပြောပြခဲ့သည်များ၊ စာပေမှတ်တမ်းမှတ်ရာများမှ လေ့လာဖတ်မှတ်သိရသည့် အသိများဖြင့် ကြီးပြင်းလာကြရသူများ ဖြစ်ပါသည်။ သို့ရာတွင် ပြည်ထောင်စုကိုချစ်သော စိတ်၊ တမြေတည်းနေ တရေတည်းသောက် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအကိုမောင်နှမများကို ချစ်သည့်စိတ်၊ ပြည်ထောင်စု၏ ကျေးဇူးရှင် ဖခင်ဗိုလ်ချုပ်အောင်ဆန်းကို လေးစားအတုယူ ချစ်ခင်သည့်စိတ်များကတော့ သေသည့်အချိန်မှသာ ပျောက်ပျက်နိုင်မည်ဟု ရဲရဲကြီးပြောဝံ့ပါသည်။
ခေတ်အခြေအနေကိုလည်း အပြစ်မပြောလိုပါ။ ယနေ့ခေတ် လူငယ်များ၏ သူ့ခေတ်သူ့အခါ ချစ်သူများနေ့မှာ ပျော်ပျော်ကြီး ချစ်ကြသည်ကို နားလည်ခွင့်လွှတ်ပေးနိုင်ပါသည်။ ကမ္ဘာမြေပေါ်တွင် ချစ်ခြင်းတရားတို့ တိုးပွားကာ အမုန်းတရားတို့ ယုတ်လျော့လာပြီး၊ စစ်မက်တို့ပင် ဝေးလာနိုင်ပေသေးသည် မဟုတ်ပါလား။ သို့သော် ပြည်ထောင်စု မြန်မာနိုင်ငံဖွား လူငယ်များအတွက်တော့ "ပြည်ထောင်စုနေ့" နှင့် "အောင်ဆန်းဇာနည်၏ မွေးနေ့" များကိုလည်း စိတ်ထဲအသည်းထဲတွင် သတိတရနှင့် ချစ်တတ်ဖို့ လိုနေသေးကြောင်း အချိန်မီ အသိပေးလိုက်ချင်ပါသေးတော့သည်။
No comments:
Post a Comment