Thursday, February 12, 2009

၁၉၈၈ မတ်လအရေးအခင်းအတွင်းမှ ဓားစာခံများ

၁၉၈၈ မတ်လအရေးအခင်းအတွင်းမှ ဓားစာခံများ



-သာကျော်-

ထိုနေ့က ထောင်တွင်းမှာပူပြင်းလှပါသည်။ မတ်လနွေ၏ ကြမ်းတမ်းမှု့ကြောင့်တမျိုး၊ အဆောင်အတွင်း မှာလူကြပ်လွန်း၍လည်း တဖုံ ဖြစ်တန်ရာ၏။ ကျွန်တော်တို့ အင်းစိန် ရောက်နေသည်မှာ တညအိပ်ရှိလေပြီ။ အအိပ်ကြပ်၊အစားကြပ် သည်မှာထား ရေပေးမချိုး၍ ကျောင်းသားများလည်း နုံးချိနေကြသည်။ ကြားထဲ ဆေးလိပ်မက်သော ကျွန်တော်၏ ဆေးလိပ်ငတ်သော ပြသနာ ကမသေးပါ။ ပါလာသောမူးစေ့မတ်စေ့များလည်း ကုန်ရှာပြီ။ ကျွန်တော်တို့ မတ်လသပိတ်ပြန်ကြားရေးကော်မတီ မှ ကိုမိုးမောင်မောင် မှ ကျွန်တော်အား ဂက်စတာနဲ့မှင်နှင့်စက္ကူများ ၀ယ်ရန် ပေးလိုက်သော ငွေ ၃၀၀ မှာ ကျွန်တော် မှတဆင့်(နံမည်မမှတ်မိတော့ပါ) ရှမ်းစပ်ပုံရသော အာအိုင်တီ ကျောင်းသား ညီအကို ၂ဦး အနက် တဦးမှာ ပေးထားသဖြင့် သူ့ထံမှာ ရှိနေသည် ကို ကျွန်တော်သိသော်လည်း ထောင်ထဲမှာ မို့ နဲနဲချေးပေးပါလို့မတောင်းရဲပါ။ သူလည်းကျွန်တော်ကို မှတ်မိနိုင် စရာမရှိ၊ သွားတောင်းလျှင်လည်း သူ့ကို ရိုက်စစ်ရင်း ကိုယ့်ပါ ရောဖော်လိုက်ရင် အခက်မို့ ဆေးလိပ်သာ အငတ်ခံခြင်းသည်သာ အကောင်းဆုံးအနေအထားဖြစ်နေပါတော့သည်။ကိုဇော်ဇော်အောင်နှင့် ကျွန်တော် တယောက် ကျော်လောက်ခြားသည်။ သူ့နဘေးမှာ ရှမ်းကျောင်းသား တဦး နေသည်။ ကိုဇော်ဇော်အောင် ကိုတော့ မတ်လ ကင်ပေတိုင် ဟု ကျွန်တော်နံမည် ပေးထားသည်။ ရှမ်းကျောင်းသား လည်း တက်ကြွသော ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည်။ နံမည်ကိုတော့ မဖော်ပြချင်တော့ သူပြည်ထဲမှာ ရှိနေပုံရသည်။ ကိုသက်ထွန်းကိုတော့ ထော့ကျိုးထော့ကျိုးနှင့် တချက်တွေ့ လိုက်ရ သေးသည်။ သူကတော့ တံတားနီနေ့ ကတဲက ပင် အပြေးမသန်၍ အင်းယားကန်ထဲ ဗေဒါပျံ အံကိုခဲ ဆင်းပုန်းနေရင်းလုံထိန်းမိသွားသည် ဟု ဟာသတခု အနေဖြင့် ယနေ့တိုင် အမှတ်ရ သေးသည်။



ကြားထဲ စောင်ခြုံထားသော အမောင်ခေါင်းမြီးခြုံကျောင်းသားတို့ ထောက်လှမ်းရေးနှင့်ဝင်ဝင် လာပြီး လူလာပြ၊ လူလာရှာ ကြသည်ကို ကြောက်ရသေးသည်။ မည်သူမည်ဝှါ ဖြစ်မှန်း ကျွန်တော်တို့ ခန့်မှန်းမရ၊ စောင်အတွင်းမှ မျက်ရည်ဝိုင်းသော မျက်လုံးတစုံသာ မြင်ရသည်။ ကိုယ်ချင်းစာမိသည်။ ကိုယ်လဲ သူ့လို အုပ်ခံရလျှင် ဆိုသော အတွေးဖြင့် သနားလည်း သနားသည်။ ကြောက်လည်းကြောက်သည်။ ထိုခေါင်းမြီးခြုံ လာပြီဆိုလျှင် ကျောင်းသားများမှာ တင်ပလ္လင်ချိတ်၍ တန်းစီ ထိုင်ပြထားရ သည်။ ကျွန်တော်မှာ ရှေ့အရမ်းတိုး ပြလျှင်လည်း ကိုယ်အားသိနေသူဖြစ်က မှတ်မိသွားမှာကြောက်၊ နောက်နား ဆုတ်နေပြန်လျှင်လည်း ချောင်ထဲပုန်းနေတယ် ဟု မသင်္ကာဖြစ်မှာကြောက်နှင့် အတော်သောက ရောက်ပါသည်။ ထိုသောကများသည် ထိုနေ့ ထိုအချိန် အင်းစိန်ထောင်အတွင်း ရောက်နေကြသော ကျောင်းသားတိုင်းစီမှာ ရှိနေမည်မှာ မလွဲပေ။ ညနေ မစောင်း တစောင်း ၌ GQ ၀တ်ထားသော ထောက်လှမ်းရေးသည် ကျွန်တော်တို့ အောက်အဆောင်နား မှ ဖြတ်လာပြီး “ မင်းတို့ တော်တော်ဟုတ်တဲ့ကောင်တွေ၊ မင်းတို့ စပြီး ပြဿနာ စရှာတာနဲ့ ခုမြို့ထဲမှာ ဘာဖြစ်ကုန်ပြီလည်း သိကြလား၊ ကုလားတွေ သိမ်ကြီးဈေးကို တက်လု၊ မီးတွေရှို့၊ မြန်မာမတွေ ကို မုဒိန်းကျင့် နှင့် ရန်ကုန်မြို့ကြီး ပျက်ကုန်ပြီ။ မင်းတို့ မီးပွား တွေကြောင့်” ဟု ဒေါသတကြီးနှင့်ကျွန်တော်တို့ အား ဆူပါတော့သည်။ ကျွန်တော်အပြင် ကျောင်းသား အတော်များများကလည်း မဆလ နေ၀င်းအစိုးရ ကို အာအိုင်တီအရေးအခင်း၊ တံတားနီအရေးအခင်းများ မှ စပြီး ခါးသီး မုန်းတီးနေသော စိတ်များသည် ထောက်လှမ်းရေး မှ ထိုသို့ ပြောလိုက်သည်နှင့် တပြိုင်နက် အဲဒီကုလားတွေကို မိလာရင်ကျွန်တော်တို့အခန်းထဲ ထည့်လိုက် ဟု တညီတညွတ်တည်း ကုလားမုန်းသောစိတ်များ ဘက်သို့ပြောင်းသွားကြပြီး ပြန်ပြောကြသည်။ ဘာဘဲဖြစ်ဖြစ် ထိုသူ့ထံမှ ကျွန်တော် စီးကရက်တလိပ်တော့ ရလိုက်သည်။

မိုးကားချုပ်လေပြီ။ နာရီအတိအကျ မမှတ်မိတော့သော်ငြား သန်းခေါင်မရောက်တရောက်ပင် ဖြစ်ပေလိမ့်မည်။ ထောင်အပြင်မှ အသံများ၊ထောင်တွင်းမှ အမှုထမ်းများတို့၏ ပြေးလွှား အော်ဟစ်သံများ ဖြင့် ကျွန်တော်တို့ ကျောင်းသားအားလုံးကြွစိ ကြွစိနှင့် “ထောင်လာဝိုင်းတာ လား၊ ထောင်လာဖောက်ပေးတာနေမှာ အစရှိသဖြင့် မိမိစိတ်သန်ရာသန်ရာ တွေး၍ ပြော၍ ထောင်ဗူးဝ ကို မြင်နိုင်သော အခြမ်းဖက်သို့ စုရုံးရောက်ရှိနေကြသည်။ မတ်လ ၁၈ ရက်နေ့ သောကြာည ဖြစ်ပါသည်။ အသံများလူများ သည် ရှုတ်ထွေးနေကြသော်လည်း မရှေးမနှောင်းပင် ထောင် အမှုထမ်းများအား ထောင်တခါးဝ တခြမ်း၌ နေရာယူခိုင်းလိုက်ပြီး အဆင်သင့်သည် နှင့် တပြိုင်နက် ထောင်အတွင်းသို့ လူအုပ်ကြီး စီ၍ ၀င်လာပါတော့သည်။ယနေ့ထိ ဤ အသံကို နားထဲမှာ သံမှိုစွဲထား သလို မှတ်မိနေသေးသည်။ “ကုလားတွေ ဒီဘက်က သွား၊ မြန်မာတွေ ဟိုဘက် ကသွား” ဟူ၍ ဖြစ်ပါသည်။ ဘာသာခြား ၍ ထောင်ထမင်းများ ၀က်သားဟင်းပါလို့ ခွဲကြွေးနေသည်များ မမှတ်မထင်လိုက် ပါနှင့်။ ဒီဘက် ကသွားဟု ကန်၍ တွန်းထုတ်နေသော အိန္ဒိယနွယ်ဖွား မြန်မာပြည်သား ကုလားများ အား တန်းစီစောင့်နေသော ထောင်အမှုထမ်းများမှ စစ်ခါးပတ်များ၊ နံပါတ်တုတ်များ ဖြင့် ၎င်းတို့ ခန္ဓာအနှံ့ မိမိ လက်လှမ်းမှီရာတို့ကို ထုရိုက်ကြပါတော့သည်။ ကျွန်တော် ကိုယ်တိုင် အာလူး ထောက်လှမ်းရေး လာညာဝါး ထားသဖြင့်ရိုက်ရန် လက်ယားနေသော ပုထုဇဉ် ပင် ထိုမြင်ကွင်း ကို မရှုရက်ပါ။

နာကြည်းဟစ်ကြွေးသံများ၊ရိုက်ပုတ်မောင်းနှင် သံများသည် အင်းစိန်တွင်း မတ်လသမိုင်း၏ မဟောင်းနိုင် ဖွယ်သော ပုံရိပ်များပင်။ စိတ်ထဲမှာ အဲသလို လူချင်းတူ အခွင့်အရေးခွဲ၍ ဆက်ဆံခြင်းကို မတရားလွန်းသဖြင့် လုံးဝ မနှစ်သက်ပါ။ တချိန်တည်း အင်္ဂလိပ် အုပ်ချုပ်စဉ် က နိုင်ငံရေးပြဿနာ တခုခု ဖြစ်လာတိုင်း အင်္ဂလိပ် တို့ကြပ်မတ် ဖန်တီးသော ကုလား-မြန်မာရိုက်ပွဲများ ကို သွားသတိရလိုက်မိပါသည်။ ဘေးနားမှ ထောင်ကျ ဖော် ကျောင်းသားများ အား ငတိတွေတော့ ကုလား-မြန်မာရိုက်ပွဲ စဖို့ ကုလားဖန်ထိုးနေပြီနဲ့တူ တယ်ဟု မှတ်မှတ်ရရ ပြောလိုက်မိပါသေးသည်။

ထို့နောက် ထိုမြန်မာမူဆလင်များ ကို ကျွန်တော်တို့ တဘက်ခန်းသို့လာထားပါသည်။ သံတိုင်သာခြားထားသဖြင့် စကားပြော၍ ဆို၍ ရပါသည်။ ကျွန်တော်လည်း လူတတ်လုပ်၍ မင်းတို့က လုတယ်။ယက်တယ်။မီးရှို့တယ်ဆိုကွ ဘာညာနှင့် သွားကောလိုက်ပါသေးသည်။ သူတို့မှ “ကျွန်တော်တို့ ဖာသာ ဗလီဆင်းလို့ပြန်လာတာ။အဲဒါ ထောင်ကားတွေ ပေါ်အတင်းရိုက်ပြီး ဆွဲတင်လာကြတယ်။ ကျွန်တော်တို့ဘာမှကို မသိတာ” ဟု ပြောပါသည်။ သောကြာနေ့ဖြစ်နေသည် ကိုတော့ ကျွန်တော်မှတ်မိပါသည်။ အတော်များများ မေးစေ့ အောက်မှာသွေးစေးများ ကပ်နေသဖြင့် မင်းတို့မေးစေ့တွေ ဘာဖြစ်နေတာလဲ... ရိုက်ခံထိလို့လား ဟု ကျွန်တော်စပ်စုပြန်သော အခါ ကျွန်တော်တို့ ကားပေါ်က ဆင်းတုန်း လူရေတာ မေးစေ့က မုတ်ဆိတ်ကို ဘက်နက်နဲ့ လျှပ်ကနဲ၊ လျှပ်ကနဲ သပ်သပ်ချ ပြီးရေသွားလို့ အရည်ပြား ပြတ်ပြီးသွေးထွက်နေတာပါဟု ပြောရှာသည်။ ကျောကုန်းများ၊မျက်နှာများ မှာလည်း အညို အမဲစွဲ...အော်..ဒီပြည်ဒီသားအချင်းချင်း လုပ်ရက်ကြတယ်ဟု သာကျွန်တော်မှတ်ချက်ချလိုက် တော့သည်။

နောက်နေ့မနက်တွင် သူတို့အားလုံးအား ၂ယောက်လျင် ဒေါက်တချောင်း နှုံး သံတူကြီး ဖြင့် ထောင်တွင်း မှာရိုက်၍ သာယာဝတီ ထောင်သို့ ပို့လိုက်ကြလေသည်။ ခြေထောက်တဖက်တည်း ပါသူ ကို ပင် ဒေါက်ရိုက်ဖြစ် အောင် ရိုက်ထည့်လိုက်သည်ကို မြင်လိုက်ရဘူးပါသည်။ ခန့်မှန်းခြေ မြန်မာမူဆလင်များ ၁ထောင်နီးပါး ၁၉၈၈ မတ်လ အတွင်း အဖမ်းခံထိမည် ဟု ထင်ပါသည်။ ၎င်းတို့အတွင်းမှာ ၃၀၀ ကျော်ခန့်သာ အိမ်ပြန်ရောက်ကြ ပါသည်ဟု နောင်တွင်ကြား သိရ၍ စိတ်မကောင်းမိပါ။

ကျွန်တော်တို့ သြဂုတ်လ အရေးအခင်းအတွင်းတွင်လည်း စကော့ဈေး၊ လဟာပြင်ဈေး များအစရှိသည်တို့ မှ သင်္ကန်းများ၊ ကော်လံကတုံး၊ ကချင်ပုဆိုးများကို မဆလ ဖက်မှ အုပ်လိုက်၊ အုပ်လိုက် လာဝယ်နေသည် ဟု ဈေးသူဈေးသားများ က လာရောက် သတင်းပေးကြပါသည်။ ကုလား-မြန်မာ ရိုက်ပွဲ တခု ဖြစ်ပေါ်အောင် စေ့ဆော်နေသည့် သတင်း များလည်းရရှိထားပါသည်။ ကျွန်တော်တို့ ကျောင်းသားအဖွဲ့များ ကလည်း စည်းဝေးစုရုံးပြီး အလားတူ သတင်းတခု တရားမ၀င် ထုတ်ထားပေးလိုက်ပါသည်။ ကုလား-မြန်မာရိုက်ပွဲ ဖြစ်ရင်ကျွန်တော် တို့ကျောင်းသားလည်းပါမယ်။ ဒါပေမဲ့ ကုလားဖက် ကိုမရိုက်ဘူး။ သင်္ကန်းအသစ် ချွတ်ချွတ်၊ ကော်လံဂတုံးနဲ့ ကချင်ပုဆိုးအသစ်ဝတ်ထားတဲ့ ဂတုံးတွေ၊လူတွေ ကိုရွေးရိုက်မယ်ဟု။ ထို့ကြောင့် မဆလ သည် တန်ပြန်သပိတ်အစီအစဉ်များ အတွင်း ထိုအစီအစဉ် တခု ကိုလက်လျှော့လိုက်ဟန်ပေါက်သည်။

ယခုလည်း ပြည်တွင်းသတင်းကွန်ယက်များ အတွင်းမှ ထိုအသံများပြန်ထွက်လာသည် ကိုကြားနေရပါသည်။ အတွင်းမှ ရဟန်းတော်များ။ လူငယ်ကျောင်းသားများ၊ပြည်သူပြည်သား များသို့ အသိပေး ပန်ကြားလိုသည် မှာ ၂၀၀၉-၂၀၁၀ သည် နအဖ ၏ ကပ်ခေတ်ဖြစ် နေပါသည်။ တကမ္ဘာ လုံး ထိခိုက်ခံစားနေရသော စီးပွားကပ်ဆိုး ကလည်း မြန်မာပြည်မှာ စတင်နေသည်မှာ ကြာလှပါပြီ။ ယခုလို အနှီ နအဖ မှ အကြပ်အမျိုးမျိုးကို ဖြေရှင်းရန် (သို့မဟုတ်) ပစ်မှတ်ပြောင်းရန် ဗျူဟာ တခု ထဲတွင် ဟောင်းပေမဲ့လည်း၊ကောင်းနေဆဲ နည်းတခု ဖြစ်နေသော လူမျိုးရေးကို အခြေခံသော၊ ဘာသာရေးကို အခြေခံသော ပြည်သူပြည်သားအချင်းချင်း အဓိကရုဏ်းပွဲများ၊ လူရိုက်သတ်ပွဲများ ကို ဖန်တီးပြီး ကမ္ဘာ့ အလယ်၌ မြန်မာတိုင်းရင်းသားလူမျိုးတို့ မယဉ်ကျေးလေဟန် ဖြစ်နေသယောင် ဖော်ပြပြီး ထိုလူမျိုးသိမ်ဖျင်းမှု့ကြောင့် ၎င်းတို့ လက်နက် စွဲကာ အုပ်ချုပ်နေရလေဟန် လုပ်ဇာတ်ခင်း ကြပါလေဦးမည်။ ကျွန်တော်တို့မှတ်ထားရမည်မှာ ကျွန်တော်တို့ မြန်မာပြည်ကို အဖျက်ဆီးဆုံး၊ အမျိုးဘာသာ၊ သာသနာ ကို အစော်ကားဆုံး၊ မြန်မာတိုင်းရင်းသား အမျိုးသမီးတို့ ကိုငွေဖြင့်တဖုံ၊ အာဏာဖြင့် တမျိုး၊ လက်နက်ပြ၍ တလီ ဖျက်ဆီးနေကြသူများမှာ အခြားမရှိ..နအဖ သန်းရွှေ၊ ၎င်း၏လက်မရွံ့လူသတ်သမား တို့ နှင့် ၎င်းတို့၏ မိသားစု ၀င်များသာ ဖြစ်ကြပါသည်။ မည်သို့သော ပြဿနာအသေးအဖွဲကိုမျှ ပုံကြီးချဲ့ကာ လူမျိုးရေး၊ဘာသာရေးကိုအခြေခံ သော အဓိကရုဏ်း အဆင့်သို့ မတက်လှမ်းရန် သတိရှိကြပါဟု တိုက်တွန်း နိုးဆော်လိုက်ပါသည် ခင်ဗျား။

(သာကျော် သည် ၁၉၈၈ ခုနှစ် မတ်လ ကျောင်းသားအရေးအခင်းတွင် အင်းစိန်ထောင် တွင် အကျဉ်းကျခံ ခဲ့ရပြီး၊ ၁၉၈၈ ဗကသများအဖွဲ့ချုပ် ၏ ဗဟိုကော်မတီဝင်ဟောင်း တဦးလည်းဖြစ်ပါသည်။)

No comments: