Tuesday, February 17, 2009

ကိုရက်ပ်စ်-မြန်မာလုပ်သားအချို့ အလုပ်မရသေး ၊ အချို့ ရက်ပိုင်းအတွင်း အလုပ်ဖြုတ်ခြင်းခံရ

ကိုဝိုင်း(မိုးညှင်း)
ဖေဖေါ်ဝါရီ ၁၇ ၊ ဆောအူးလ်မြို့ ။

ကိုရီးယားအလုပ်သမားငှားရမ်းခွင့်စနစ်အရ ၊ မြန်မာနိုင်ငံမှ အလုပ်သမား ၂၈ ဦးတို့သည် ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်းရောက်ရှိခဲ့ကြပြီးနောက် ၊ အလုပ်ဝင်သင်တန်းကို ၃ ရက် လေ့ကျင့်သင်ကြားခဲ့ကြရကြောင်း ၊ ၄င်းနောက် သက်ဆိုင်ရာ အလုပ်ရှင်များထံ အလုပ်ဝင်ကြရမည် ဖြစ်သော်လည်း ၊ မြန်မာအလုပ်သမား ၃ဦးမှာ ယနေ့ထိတိုင် အလုပ်မရရှိကြသေးကြောင်း ၊ မိမိတို့အား မူလ ခေါ်ယူထားသော အလုပ်ရှင်များ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ခန့်ထားနိုင်သည့် အခြေအနေ မရှိတော့သဖြင့် ထိုကဲ့သို့ ဖြစ်နေရကြောင်း သိရသည် ။

ထို့ပြင် မြန်မာအလုပ်သမား ၁ ဦးမှာ အလုပ်ရုံတွင် ၃ ရက် အလုပ်လုပ်ရပြီး ၊ ယနေ့ (ဖေဖေါ်ဝါရီလ ၁၇ ရက်)နေ့ နေ့လည်တွင် အကြောင်းတစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ ၊ အလုပ်ဖြုတ်ခံလိုက်ရကြောင်း ၊ ကိုယ်ပိုင် ပစ္စည်းများ အားလုံး ကားဖြင့် တင်ဆောင်ပြီး အလုပ်သမားရုံးသို့ အပ်နှံလိုက်ခြင်းဖြစ်ကြောင်း ၊ အလုပ်သမားရုံးက ထိုကဲ့သို့လုပ်၍ မရကြောင်း ပြောဆိုလိုက်သဖြင့် စက်ရုံသို့ ပြန်ခေါ်လာပြီး ခေတ္တ တည်းခိုခွင့်ပြုထားကြောင်း သိရပါသည် ။

အဆိုပါ အလုပ်သမားက ဖြစ်စဉ် အကျိုးအကြောင်းကို ၊ ကိုရီးယားသို့ ဝင်ရောက်လာနိုင်ရေးအတွက် ကမကထပြု ဆောင်ရွက်ပေးခဲ့သူများသို့ အကြောင်းကြားခဲ့သော်လည်း လူကြီးများနှင့် တိုင်ပင်လိုက်ဦးမည်ဟု ဆိုကာ ဖုန်းချသွားကြောင်း ပြောပြသိရှိရပါသည် ။



No comments: