Monday, February 9, 2009

သပြေညို ဘယ်လိုမှ မသေပါ

- ဆရာကြီး မင်းသုဝဏ် ရာပြည့်မွေးနေ့ ဂုဏ်ပြုစာ -



“မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး။
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာတည်။
ကြာနီတပွင့် ဖြူတပွင့်
တဲနှင့် ပနံတင့်။ ။ ”


ငယ်စဉ်ကလေးဘဝ ကကြီး ခခွေး ဖြောင့်အောင် မရေးတတ်ခင်ကပင် သည်ကဗျာလေးတွေကို နှုတ်တက်ရွရွ ရနေခဲ့သည်။ ဖတ်စာအုပ်ထဲမှာ ပါသည့် ရောင်စုံရုပ်ပုံများနှင့် ကဗျာကလေးများကို ဘာကြောင့် နှစ်သက်ခဲ့သလဲ။ တိတိကျကျ ပြန်မပြောတတ်ပါ။ အသံသာသာနှင့် ရွတ်ဆိုရ လွယ်သောကြောင့် နှစ်သက်ခဲ့သည်ဟု အကြမ်းဖျင်းတော့ ပြောနိုင်ပါလိမ့်မည်။
ကျွန်တော်သည် ဤကဗျာလေးများဖြင့် ဘဝကို စခဲ့သည်။

ကျွန်တော်ကဲ့သို့ပင် မြန်မာပြည်မှာ မွေးဖွားသည့် မြန်မာပြည်သား ကလေးသူငယ်တိုင်းလည်း ဤကဗျာလေးများဖြင့်ပင် ဘဝကို စခဲ့ကြသည်ချည်း ဖြစ်ပေမည်။

‘ကြက်တူရွေး’ ‘ကြာဆစ်ကြိုး’ ‘ပန်းသည်’ ‘ဝင်္ကပါ’ စသည့် ကလေးကဗျာများနှင့် ပျော်ရွှင်ခဲ့သော ကျွန်တော်သည် ဤကဗျာတွေကို ဘယ်သူရေးသလဲဟု တခါမျှ တွေးမကြည့်ခဲ့မိဖူးပါ။ ကျွန်တော်က တွေးမကြည့်သော်လည်း အလယ်တန်းကျောင်းသားဘဝ ရောက်သည့်အခါ မဖြစ်မနေ သိလာရတော့သည်။ ‘ဗျောသံ’ ‘ဝါတွင်းချိန်’ စသည့် ကဗျာများကို သင်ကြားရင်း ရေးဖွဲ့သူ ‘မင်းသုဝဏ်’ ဆိုသည့် အမည်ကို စတင် သိလာရပါသည်။ နောက်တော့ ကျွန်တော် နှစ်သက်ခဲ့သည့် ကလေးကဗျာများစွာကို ရေးဖွဲ့ခဲ့သူမှာ ဤဆရာကြီး ဖြစ်ကြောင်း သိလာရပါသည်။ ကလေးကဗျာများသာမက ကျွန်တော်တို့ သင်ခဲ့ရသော ‘ကကြီး ကညစ် - ပေမှာခြစ်’ ဆိုသည့် ဖတ်စာသံပေါက်ကို ရေးခဲ့သူမှာလည်း ဆရာကြီးပင် ဖြစ်ကြောင်း သိလာရသည်။

အထက်တန်းကျောင်းသား ဖြစ်လာတော့ ဆရာမင်းသုဝဏ် အကြောင်း ပို၍သိလာရပြန်သည်။ ‘ပျဉ်းမငုတ်တို’ ‘သပြေညို’ ကဗျာများနှင့်အတူ စာဆိုရှင် ဆရာမင်းသုဝဏ်အကြောင်း သင်ကြားရသောအခါ ဆရာကြီးသည် ကဗျာဆရာသာမက မြန်မာစာပေပညာရှင်ကြီး တဦးဖြစ်ကြောင်း၊ ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူတဦး ဖြစ်ကြောင်း သိလာရပါသည်။
ထိုကာလများတွင် အိမ်က အဖေ့စာကြည့်တိုက်ကို မွေနှောက်ရင်း ဆရာ၏ ‘အင်းလျားကန်သို့ အို ကူးတို့’ ကဗျာစာအုပ်ကို ဖတ်မိသောအခါ လက်ကမချနိုင်အောင် စွဲလန်းခဲ့မိသည်။ ထိုစာအုပ်ထဲတွင် ကျွန်တော်တို့ ကျောင်းဖတ်စာအုပ်ထဲမှ ကဗျာတွေ ပါနေသည် မဟုတ်ပါလား။ ငါတို့ကျောင်းမှာ သင်နေတာ တွေဟာ ဒီလို စာအုပ်တွေထဲက ရွေးထုတ်ထားတာပါလားလို့ သိလိုက်ရတော့ ကိုယ့်ကိုယ်ကိုယ်လည်း ဘဝင်မြင့်ချင်သွားသည်။ ကျောင်းသင်ခန်းစာတွေကို ကျော်၍ အပြင်စာတွေကို လောဘတကြီး ဖတ်မိ လေတော့သည်။

ကျွန်တော် သိတတ်စ အရွယ်လောက်တွင် ဝမ်းနည်းစရာ အဖြစ်တခုကို ကြုံတွေ့ခဲ့ရသည်။ ထိုခေတ်က ဆိုရှယ်လစ်ခေတ်။ အရာရာတွင် ပါတီနှင့် ဗဟိုမှသာ ဦးဆောင်သော ခေတ်။ ထိုခေတ်တွင် တာဝန်ရှိသူများက မြန်မာ့ပညာရေးနှင့် ပတ်သက်သော ဥပဒေတခု ချမှတ်သည်။ “ကျောင်းသင်ခန်းစာ အဖြစ် ပြဋ္ဌာန်းရန်အတွက် မူလစာရေးသူသည် ကွယ်လွန်ပြီး အနှစ်နှစ်ဆယ် ရှိရမည်” တဲ့။ ထိုကန့်သတ်ချက်အရ ဆရာမင်းသုဝဏ် အပါအဝင် ဆရာဇော်ဂျီ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ သခင်ဘသောင်း၊ ဇေယျ၊ သိန်းဖေမြင့် စသည့် မြန်မာ့စာပေ သူရဲကောင်းတို့၏ လက်ရာများကို ကျောင်းသားတို့ ထိတွေ့သိရှိခွင့် မရတော့။ ဝမ်းနည်းစရာကောင်းလှသည့် အဖြစ်။

ဆရာ မင်းသုဝဏ် အပါအဝင် ခေတ်ပြိုင် ထိုဆရာကြီးများသည် ၂ဝ ရာစု ပထမပိုင်းတွင် မွေးဖွား၍ မြန်မာ့အမျိုးသားရေးနှင့် လွတ်လပ်ရေး လှုပ်ရှားမှုများတွင် ကိုယ်တိုင်ပါဝင် ဖြတ်သန်းခဲ့သူများ ဖြစ်သည်။ ထို့ကြောင့် သူတို့စာပေများတွင် ထိုခေတ်၏ ပုံရိပ်တို့ ထင်ဟပ်နေသည်။ အမျိုးသားရေး၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးဆိုသည့် သဘောတရားများ ကိန်းအောင်းနေသည့် ထိုခေတ် စာပေလက်ရာများမှာ အနာဂတ် မြန်မာနိုင်ငံအတွက် အုတ်မြစ်များ ဖြစ်နေသည်ကို မည်သူမျှ ငြင်းဆို၍မရ။ ထိုစာပေများကို ကျောင်းသားများ သင်ကြားခွင့်ရလျှင် ဘယ်လောက် တန်ဖိုးရှိလိုက်မလဲ။

နောင်မျိုးဆက်သစ်တို့အဖို့ ဆရာမင်းသုဝဏ်စသည့် ထိုဆရာကြီးများ၏ စာပေနှင့် ကျေးဇူးတရားကို သိမှတ်နားလည်ခွင့် အလွန်နည်းတော့မည်ဟု ကျွန်တော် စိုးရိမ်မိခဲ့သည်။

သို့သော် စစ်မှန်သောတန်ဖိုး၊ ရင့်သန်သော စေတနာသည် မပျောက်ပျက်ကောင်းခဲ့။

ကျွန်တော် လူငယ်ဘဝကို လွန်မြောက်၍ ဖခင်တယောက် ဖြစ်လာသောအခါ၊ အလုပ်အားရက် များတွင် သမီးကို မြို့ထဲသို့ လိုက်ပို့ရလေ့ ရှိသည်။ တတိယတန်းသာ ရှိသေးသော သမီးကို ကျွန်တော်က စာပေအနုပညာနှင့် ရင်းနှီးစေချင်သည်။ ထို့ကြောင့် သမီးစားချင်ရာ စားပြီးလျှင် စာအုပ်ဆိုင်များဖက်သို့ လှည့်ခေါ်သွားလေ့ရှိသည်။ မြန်မာပြည်မှာက နိုင်ငံတကာမှာလို ကလေးစာကြည့်တိုက် မရှိ။ ကလေး စာအုပ်ဆိုင် မရှိ။ ဒီတော့ လူကြီးစာအုပ်ဆိုင်သို့ပင် သမီးကို ခေါ်သွားရသည်။ သမီးကလည်း လိုလိုချင်ချင် လိုက်သည်။ လိုက်ရသည့်အကြောင်းက ကျွန်တော်က စာအုပ်တအုပ်ဝယ်လျှင် သမီးကလည်း အားကျမခံ ကာတွန်းတအုပ်ဝယ်သည်။ ထို့ပြင် မိတ်ဆွေစာအုပ်ဆိုင်များက သမီးကို ကာတွန်းစာအုပ် လက်ဆောင် ပေးတတ်သေးသည်။ သမီးက ကာတွန်းစာအုပ်တွေရ၍ ပျော်သည်။ သမီးကို ကြည့်၍ ကျွန်တော်က ပီတိဖြစ်သည်။

တခါတော့ စာအုပ်အဟောင်းတန်းဖက် လျှောက်ဖြစ်သည်။ ဆိုင်တဆိုင်တွင် ရှားရှားပါးပါးပင် ‘မောင်ခွေးဖို့’ ကဗျာစာအုပ်ကို သွားတွေ့သည်။ သမီးက ထိုစာအုပ်ကို ကောက်ဝယ်လိုက်သည်။ ‘သမီး အဲဒါ ကာတွန်းစာအုပ်မှ မဟုတ်ဘဲ’ ဟု ကျွန်တော်က မသိချင်ယောင်ဆောင် မေးလိုက်သည်။ ‘သိပါတယ် ဖေကြီးရဲ့၊ ဒီမှာ အရုပ်တွေလဲ ပါတယ်၊ ကဗျာတွေလဲ ပါတယ်’ ဟု သမီးက ဖြေသည်။ ‘သမီးက ကဗျာဖတ်တတ်ပြီလား’ ဟု ကျွန်တော်က ထပ်မေးတော့ ‘ဖေကြီး ဖတ်ပြပေါ့’ ဟု သမီးက မဆိုင်မတွ ဖြေသည်။ ဟုတ်ပါသည်။ အိမ်ပြန်ရောက်တော့ ကျွန်တော်က သမီးကို ဖတ်ပြရသည်။ ကဗျာလေးတွေထဲမှာ ဈာန်ဝင်သွားသော သမီးက ထို မောင်ခွေးဖို့ ကဗျာစာအုပ်ကို သူ့အိပ်ရာဘေးမှာ အမြဲထားသည်။ အချိန်အားတိုင်း ဖတ်၍ နေတတ်သည်။ မောင်ခွေးဖို့ ကဗျာစာအုပ်ကို ရေးသူက ဆရာမင်းသုဝဏ် ဖြစ်သည်။ သရုပ်ဖော်ပုံများကို ဆရာဦးဘကြည်က ရေးဆွဲပေးထားသည်။ ထို စာအုပ်မှာ မြန်မာကလေးကဗျာများ၏ အဦးအစပင် ဖြစ်ပေသည်။ ကျွန်တော် မမွေးမီ နှစ်ပေါင်းများစွာက ထွက်ခဲ့သည်။ ထိုကဗျာများက မျိုးဆက်ပေါင်းများစွာကို ပျိုးထောင်ပေးခဲ့သည်။ ယခု သမီးကိုလည်း ညှို့ယူ ဖမ်းစားနိုင်ဆဲ ဖြစ်သည်။ နောင် မွေးဖွားလာမည့် ကလေးများစွာကို ကြည်နူးနှစ်သက် စေဦးမည်သာ ဖြစ်သည်။

•••••

မြန်မာစာပေကို စူးစိုက်လေ့လာမိသောအခါ ဆရာမင်းသုဝဏ်၏ ကျေးဇူး တရားများကို ပို၍ပို၍ သိမြင်လာရသည်။ ခေတ်စမ်းစာဆိုအဖြစ် လူသိများသော ဆရာကြီးသည် စကားပြေနှင့် ပတ်သက်၍လည်း ရှေ့တန်းမှ ဦးဆောင်ခဲ့သူဖြစ်ပါသည်။ ‘ဘကြီးအောင်ညာတယ်’ ကဲ့သို့ ဝတ္ထုတိုကောင်းများကို ရေးခဲ့သလို စာပေဂုဏ်မြောက်သည့် ရသအက်ဆေးများကိုလည်း ရေးခဲ့သူ ဖြစ်သည်။

‘စကားပြေ စာပေအသက်’ဟု ဆရာကြွေးကြော်ခဲ့သောစကားမှာ စကားပြေ၏တန်ဖိုးနှင့် ပတ်သက်လျှင် အထိရောက်ဆုံး စကားဟု ဆိုရမည် ဖြစ်ပါသည်။

ကဗျာရေးလိုသူတို့ကို လမ်းညွှန်ခဲ့သည့် ‘ကဗျာ့ပရိယာယ်’ စာအုပ်နှင့်၊ ‘သပြေညို၊ ပျဉ်းမငုတ်တို’ ကဗျာများအကြောင်း ဖွင့်ဆိုရေးသားခဲ့သည့် ဆောင်းပါးများမှာ စာရေးလိုသူတို့အတွက် အဖိုးတန် ဆေးစွမ်းကောင်းများပင် ဖြစ်ပါသည်။

ဆရာကြီး၏ ဘဝတွင် တန်ဖိုးအမြင့်မားဆုံး လုပ်ငန်းကို ပြပါဆိုလျှင် ‘တက္ကသိုလ် မြန်မာအဘိဓာန်’ ၅ တွဲကို ထုတ်ပြရပါမည်။ ဆရာသည် ၁၉၃၆ ခုနှစ်တွင် အင်္ဂလန်၊ အောက်စ်ဖို့တက္ကသိုလ်သို့သွား၍ ဘာသာစာပေ ပညာများကို လေ့လာသင်ယူခဲ့ပါသည်။ ထိုအချိန်က ဆရာကြီး ဦးဖေမောင်တင်၏ လမ်းညွှန်ချက်ဖြင့် ဆရာဇော်ဂျီက စာကြည့်တိုက်ပညာကို လေ့လာပြီး၊ ဆရာမင်းသုဝဏ်က ဘာသာဗေဒနှင့် ဘာသာစာပေကို လေ့လာခဲ့သည်။ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံ ရေသောက်မြစ်ကြီး နှစ်ခုကို မြှပ်နှံလိုက်ခြင်းပင် ဖြစ်ပါသည်။

ဆရာသည် မြန်မာပြည် ပြန်ရောက်သောအခါ ပညာ့တံခွန်အသင်း၏ အထောက်အပံ့ဖြင့် မြန်မာအဘိဓာန်ကို စတင်ပြုစုပါသည်။ ဂျပန်ခေတ် စစ်ဘေးကြားမှ အဘိဓာန်လုပ်ငန်းကို ပျက်မသွားအောင် ကြိုးစားခဲ့ပြီး တက္ကသိုလ်မြန်မာ အဘိဓာန် (က-ဆ) အထိ ၅ တွဲကို လွတ်လပ်ရေးခေတ်တွင် ထုတ်ဝေနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ပေါ်ထွက်ခဲ့သမျှ အဘိဓာန်အင်္ဂါရပ်နှင့် ပြည့်စုံသော အဘိဓာန်များ၏ အာဒိကမ္မ ဖြစ်ပါသည်။ နိုင်ငံတကာက လေးစားရသော ‘အဘိဓာန်ပညာရှင်’ ဟု ခေါ်ဆိုနိုင်သူ ဆရာတဦးတည်းသာ ရှိပါသေးသည်။

တော်လှန်ရေးအစိုးရ လက်ထက်တွင် မပြီးပြတ်သေးသော ဆရာကြီး၏ အဘိဓာန်လုပ်ငန်းများကို မြန်မာစာကော်မရှင် (ယခု- မြန်မာစာအဖွဲ့) သို့ လွှဲပြောင်း ပေးခဲ့ရသည်။ အစပိုင်းက မြန်မာစာအဖွဲ့တွင် ဆရာ ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် အာဏာရှင်၏ ငြိုငြင်မှုကြောင့် ထုတ်ပယ်ခံခဲ့ရသည်။ ဆရာ့အမွေကို နို့သက်ခံစို့ခဲ့သော မြန်မာစာအဖွဲ့သည် အနှစ်လေးဆယ် ကျော်လာသော်လည်း ပြည့်စုံသည့် မြန်မာအဘိဓာန် တစောင် ဖြစ်မလာသေးပေ။

ဆရာကြီး၏ ဘဝတလျှောက် လုပ်ဆောင်ချက်များကို ကြည့်လျှင် အသစ်အသစ်တို့ကိုသာ အမြဲတီထွင်ခဲ့သည်ကို တွေ့ရပါမည်။ နုပျိုစဉ်အရွယ်က ‘ခေတ်စမ်းစာပေ’ ဟူသည့် စာပေလမ်းကြောင်းသစ် တခုကို သိပ္ပံမောင်ဝ၊ ဇော်ဂျီ တို့နှင့် တွဲ၍ ဖောက်လုပ်ခဲ့သည်။ ထို့နောက် ကလေးကဗျာ၊ ကလေးစာပေကို စတင် ပျိုးထောင်ခဲ့သည်။ မြန်မာအဘိဓာန်ကို စတင် ပြုစုသည်။ တက္ကသိုလ် ဘာသာပြန်ဌာနတွင် စာတည်းမှူးအဖြစ် အမှုထမ်းရင်း သိပ္ပံဝေါဟာရများ မြန်မာပြန်ရေးနှင့် မြန်မာ့စွယ်စုံကျမ်း ပြုစုရေး ဆောင်ရွက်သည်။ ကျောင်းသုံး မြန်မာစာသင်ရိုးများ ပြုစုသည်။

သက်ကြီးစာပေသင်ကြားရေးအတွက် ‘ဝ ထ က လ သ’ သင်ရိုးကို တီထွင် ပြုစုသည်။ မျက်မမြင်များအတွက် ‘မျက်မမြင်ဖတ်စာ’ ကို ပြုစုသည်။ ဆရာကြီးသည် လမ်းဖောက်သူ တဦးပင် ဖြစ်ပေသည်။

ဆရာကြီးသည် လေးလုံးစပ် လင်္ကာသွားဖြင့် ကဗျာများကို တစိုက်မတ်မတ် ရေးဖွဲ့ခဲ့ပြီး၊ ကဗျာ့ဖွဲ့စည်းပုံများကို အခါမလပ် စမ်းသပ် ချဲ့ထွင်ခဲ့သည်။ အထူးသဖြင့် အချပိုဒ်များတွင် နှစ်ကျော့သုံးကျော့ မက လေးငါးကျော့ ထပ်ကာ ရေးဖွဲ့သည်။ ထို့ပြင် စကားပြေအသွားဖြင့် ကဗျာများကို စမ်းသပ်ရေးခဲ့သည်။ ထိုအကြောင်းကို ဆရာကြီးကိုယ်တိုင် ကဗျာရွတ်ပွဲတခုတွင် ပြောပြခဲ့ဖူးသည်။

၁၉၈၆ ခုနှစ်က ဖြစ်သည်။ ကမာရွတ်မြို့နယ် စာပေလုပ်သားအဖွဲ့က မြန်မာကဗျာရွတ်ပွဲတခု ကျင်းပသည်။ ရွတ်ဆိုသံများကို အသံဖမ်းထားလို၍ ပညာရေး သုတေသနခန်းမတွင် ကျင်းပသည်။ မြန်မာကဗျာရွတ်ပွဲကို ကျကျနနလုပ်သည့်ပွဲ သည်တပွဲပဲ ရှိလိမ့်ဦးမည် ထင်သည်။ ကျွန်တော်က နောင်တော်များ ကောင်းမှုဖြင့် ထိုပွဲသို့ ရောက်ခဲ့သည်။ ပရိသတ်အားလုံးထဲက အငယ်ဆုံးချာတိတ်။ ဆရာကြီး မင်းသုဝဏ်၊ ဦးဆန်းထွန်း၊ လယ်တီဦးလှပိုင်၊ စောမုံညင်း၊ နန်းညွန့်ဆွေနှင့် ဆရာ တင်မိုး တို့ ရွတ်ကြသည်။

ထိုစဉ်က ဆရာကြီးက ရှုမဝတွင် ရေးနေသော ၅၅ဝ ဇာတ် မြန်မာပြန် နှစ်ပုဒ် ကို ရွတ်သည်။

“ဒါတွေကို စကားပြေအဖွဲ့နဲ့ ကဗျာ ရေးကြည့်တာပါ။ ကလေးတွေကို လူကြီးတွေက ဖတ်ပြဖို့ ရေးတာပါ။ ဖတ်တဲ့အခါ အသံမှန်မှန်၊ အဖြတ်အရပ် မှန်မှန် ဖတ်ရင် ကလေးတွေ အဓိပ္ပာယ် နားလည် လွယ်မယ်။ မြန်မာစာ ဝါကျတွေကို စနစ်တကျ မှန်မှန်ကန်ကန် ရေးတတ်လာမယ်။ ဝါကျ တကြောင်းနဲ့ တကြောင်း အချိတ်အဆက်မိမိ အသံအတိုအရှည် အတက်အကျ မှန်ရင် စာရဲ့အလှ အရသာ ပိုရှိမယ် ထင်ပါတယ်။” ဟု ဆရာကြီးက ရှင်းပြခဲ့ပါသည်။

ဓမ္မပဒကို မြန်မာပြန်သောအခါ ဆရာကြီးက ပါဠိဂါထာကို မြန်မာကဗျာ ဖြစ်အောင် ပြန်ဆိုခဲ့ပါသည်။ ကလေးတွေ ပါဠိဂါထာနဲ့ ရင်းနှီးစေချင်လို့ဟု သူ့ စေတနာကို ပြောပြခဲ့ပါသည်။

၁၉၈၈ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု ဖြစ်ပေါ်လာသောအခါ ဆရာကြီးသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့သည်။ တသက်လုံး နိုင်ငံရေးပါတီ မဝင်ခဲ့သော ဆရာကြီးသည် အသက် ၈ဝ ရှိမှ နိုင်ငံရေးပါတီတရပ်သို့ ဝင်ရောက်ခဲ့ခြင်းမှာ တိုင်းပြည်အတွင်း မှားယွင်း နေသည်များကို မနှစ်မြို့ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်ပါသည်။

၁၉၉ဝ တွင် ကမာရွတ်မြို့နယ် လွှတ်တော်အမတ် ဖြစ်လာသည်။ ထိုစဉ်က ကျွန်တော် ကြားသိခဲ့ရသည့် ဆရာကြီးအကြောင်းတခုကို အမှတ်ရမိသည်။ ဆရာကြီးက ရွေးကောက်ပွဲဝင်မယ်ဆိုတော့ ထောက်လှမ်းရေးက ဆရာ့ကိုလာပြီး ရွေးကောက်ပွဲ မဝင်ဖို့ ဖိအားပေးသည်။ မကြာခဏ လာလာပြောသည်။ ပြောရဖန်များတော့ ထောက်လှမ်းရေးကလည်း အားနာလာဟန် ရှိသည်။ ‘ဆရာကြီးရယ် ကျွန်တော်တို့ မှာလည်း ဝတ္တရားရှိလို့ လာပြောရတာပါ’ ဟု ပြောသည်။ ဒီတော့ ဆရာကြီးက ‘အေး၊ မင်းတို့ကလည်း ဝတ္တရား ရှိလို့ လာပြောကြ၊ ဆရာကလည်း ဝဋ်တရား ရှိလို့ နားထောင်ရတာပါပဲ။ မင်းတို့က တသတ်နဲ့ဝတ်၊ ဆရာကတော့ တသန်လျင်းချိတ်နဲ့ ဝဋ်’ လို့ ပြန်ပြောလိုက်ပါသတဲ့။

မှန်ပါသည်။ ဆရာကြီးသည် လောကဓံ၏ ဝဋ်ဒုက္ခများကို ရင်ဆိုင် ကျော်လွှားခဲ့ရသူ ဖြစ်သည်။ ငယ်စဉ်က နှလုံးသားအရေး လွမ်းဆွေးဖွယ်များကိုလည်း ကြုံခဲ့ရသည်ဟု သိရသည်။ ဘကြီးအောင် ညာတယ် ဝတ္ထုနှင့် ရှေးဦးပိုင်း ကဗျာအချို့သည် ဆရာ့ဘဝ နှလုံးသားမှ ရိုက်ခတ်လာခြင်း ဖြစ်သည်ဟု ဆိုကြသည်။ မိဘများ စီးပွားပျက်၍ ကျောင်းတပိုင်းတစတွင် ဆရာများကောင်းမှုကြောင့် ကျောင်းပြန် တက်ခဲ့ရသည်။ ပညာရင့်ကျက်ခိုင်ဖြီးစဉ်တွင် အာဏာပိုင်တို့၏ ငြိုငြင်မှုကို ခံခဲ့ရသည်။ တပည့်များနှင့် တတိုင်းပြည်လုံး၏ လေးစားကြည်ညိုမှုကိုလည်း ခံယူခဲ့ရသည်။ ကိုယ်ကျင့်သိက္ခာ၊ စာပေသိက္ခာ အပြည့်ဖြင့် ပညာ့တံခွန် လွှင့်ထူနိုင်ခဲ့သည်။ အမျိုးသားရေး၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးတို့တွင်လည်း ကလောင်တာဝန် ကျေပွန်ခဲ့သည်။

ဘယ်လို လောကဓံ အကောင်းအဆိုး အတက်အကျနှင့် ကြုံခဲ့ရသော်လည်း ဆရာသည် ဆရာ၏ ပျဉ်းမငုတ်တို ကဗျာကဲ့သို့ပင် ယောက်ျားကောင်းဖြစ်ခဲ့၏။

‘စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျက်၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်
အသင် ယောက်ျားကောင်းတကား။’

•••••

၁၉ဝ၉ ခု ဖေဖော်ဝါရီ ၁ဝ ရက်တွင် ကွမ်းခြံကုန်းမြို့၌ မွေးဖွားသော ဆရာကြီးသည် ၂ဝဝ၄ ခု သြဂုတ် ၁၅ ရက်၊ အသက် ၉၆ နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့ပါသည်။

သက်တော်ရှည်စာဆို၊ စာပေပညာရှင်ကြီးသည် ရင့်မှည့်ပြီး၍ ကြွေရသည် ဓမ္မတာ မှန်သော်လည်း ကျေးဇူးတရားကို ဆင်ခြင်မိသူတိုင်းအဖို့ ဝမ်းနည်းစရာပင် ဖြစ်ပေသည်။

တပို့တွဲလတိုင်းတွင် တပည့်များနှင့် စည်ကားခဲ့သော ‘မင်းသုဝဏ်ထမင်းနှဲပွဲ’ ကျင်းပရာ ကမာရွတ် ထွန်းလင်းရိပ်သာလမ်းမှ ဆရာ့ခြံဝင်းသည် တိတ်ဆိတ်ငြိမ် သက်စွာပင် ဆရာကို နှုတ်ဆက်နေရော့မည်။ ခြံတခါးဝ အုတ်တိုင်မှာ ထွင်းထားသော ‘သပြေညို’ ဆိုသည့် စာလုံးလေးများကလည်း မျက်ရည်ဝိုင်း၍ ငေးနေရော့မည်။

ဆရာကြီးက သူ့ခြံကို ‘သပြေညို’ ဟု အမည်ပေးထားသည်မှာ အဓိပ္ပာယ် ပြည့်ဝလှပါသည်။ ၁၉၃၈ ဇန်နဝါရီ ၄ ရက်နေ့၊ အင်္ဂလန်တွင် ပညာသင်နေစဉ် အမိနိုင်ငံ လွတ်လပ်ရေးကို ရည်မှန်းလျက် သပြေညိုတည်းဟူသော လွတ်လပ်လိုသည့် အောင်စိတ်ရှိလျှင် မုချလွတ်လပ်ရမည်ဟု အားမာန်တင်းသည့် ကဗျာကို ရေးခဲ့သည်။ နောင် ၁ဝ နှစ်တိတိ အကြာတွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည်။

သပြေညိုသည် ယနေ့တိုင် အသက်ဝင်နေဆဲ ဖြစ်သည်။

သပြေညိုသည် ပထမလွတ်လပ်ရေး၏ နိမိတ်ကို ဆောင်ယူခဲ့ဖူးသည်။

သပြေညိုသည် ဒုတိယလွတ်လပ်ရေး၏ နိမိတ်ကို ဆောင်နေဆဲပင်ဖြစ်သည်။

သပြေညို၏ ဖခင် ဆရာကြီးမင်းသုဝဏ် ကွယ်လွန်ခဲ့သော်လည်း ဆရာကြီး မျှော်လင့် တောင့်တခဲ့သော သပြေညိုအောင်ပန်းကား ဘယ်တော့မှ ညှိုးနွမ်း သေဆုံးသွားမည် မဟုတ်ပါ။

သပြေညို

သူ့ ခေါင်းမှာတဲ့ သပြေညို
ငါ့ ခေါင်းမှာတဲ့ သပြေညို။

တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေဗဟိုရ်
လေချိုကအသွေး။

လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွှမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။

ဝင်းပေါ်မောင်
ထောင်စုပြတင်းဂျာနယ်၊ အမှတ် ၄၈၊ ၂ဝဝ၄ သြဂုတ် ၂၁၊ မှ ပြန်လည် ဖော်ပြပါသည်။

1 comment:

ဇေဇော် said...

ထောင်စုပြတင်းမှာ စာကောင်းစာမွန်တွေ ရေးခဲ့ကြတာပါလားလို့ ဒုတိယမ္ပိ သိလိုက်ရတာပါ..။ အရင်တစ်ခါက အစ်မ အီရန်ဂျူးရဲ့ အမြင်...။ နောင်ကိုလည်း အလျဉ်းသင့်သလို မိတ်ဆက်ပေးစေ ချင်ပါတယ်...။ ဒါမှ ဘာကြောင့် ၀င်းပေါ်မောင်၊ ထောင်စုပြတင်းအယ်ဒီတာ ဆိုပြီး တွဲနေရတာကို နားလည်လာမှာပါ..။