Monday, October 12, 2009

မျက်တောင်အဖွင့်









အခါများစွာလိုပဲ

ကိုယ့်ကိုယ်ကို စိတ်ပျက်နေခဲ့ပြီ။


နေ့စွဲများရဲ့ လှောင်အိမ်

ပြတင်းတံခါးကို ဖွင့်လိုက်တော့

အလင်းတွေ ထ ပျံသွားကြတယ်။


မိုးတိမ်တို့ရေ…

သူတို့မှာ အပြာရောင်ကမ္ဘာကြီးရှိတယ်ကွယ့်

ငါ့မှာသာ၊ နံရံများရောက်ရှိလာပုံ ဆန်းကြယ်။


နောက်ထပ်၊ ဟောဒီ-

ငြီးငွေ့ခြင်းများရဲ့ အစွန်းမှာ

ဘယ်လိုဒဏ်ရာတွေ ဖူးပွင့်လာဦးမှာလဲမသိ၊

အားလုံးနဲ့ဝေးရာ

တိတ်တဆိတ် ပြေးထွက်ခဲ့လေတယ်။



3 comments:

win latt said...

မြန်မာပြည်က ပြန်လာပြီး
လက်ရာတွေ ပြောင်းလဲနေတယ်ဗျ။
မျက်စိတမှိတ် လျှက်တစ်ပြက်အတွင်း
မျက်တောင်လေး တစ်ချက်အခတ်မှာ
မျက်ကလဲဆန်ပြာ ဖြစ်သွားတာပဲ
မျက်မှောင်ကျုံ့ ကြည့်နေရတယ်
မျက်စိများ အကြည့်မှားသွားသလားပေါ့...
ကိုညီဇေရဲ့...“ မျက်တောင်အဖွင့် ” ကဗျာလေးကို
ပြောပါတယ်....။

ဇေဇော် said...

ကိုဝင်းလတ်ရေ… လက်ရာတွေက မပြောင်းလဲပါဘူး။ အခုတင်ဖြစ်နေတဲ့ ကဗျာတွေက 96 လောက်က ရေးဖြစ်ခဲ့ပြီး 2000 မှာ ကဗျာမိတ်ဆွေတွေအတွက် အမှတ်တရလုပ်ခဲ့တဲ့ SOLO #1 ဆိုတဲ့ ကဗျာစာအုပ်လေးထဲကပါ။ ဒီ မျက်တောင်အဖွင့်ကဗျာလေးကလည်း တပုဒ်အပါအ၀င်ပါပဲ။ ဟိုရက်ကတင်ခဲ့တဲ့ လွင့်မျော ဆိုတဲ့ကဗျာလေးကတော့ ပထမဆုံးပုံနှိပ်ကဗျာလေးပါ။ အဲဒီစာအုပ်ထဲက ကဗျာတော်တော်များများက မဂ္ဂဇင်းတွေမှာ ပါသွားပါပြီ။ ဒါပေမယ့် အဲဒီတုန်းက ညီဇေနံမည်နဲ့ မဟုတ်ပါဘူး။ တခြားကလောင်နံမည်နဲ့ပါ။ အဲဒီတုန်းက ကဗျာအားလုံးကို ဟန်းဂုရွာမှာပဲ တင်မယ်လို့ ဆုံးဖြတ်ထားလို့ တင်နေတာပါ။ ဟန်းဂုရွာကဖတ်တဲ့သူအများစုက သတင်းပဲ ဖတ်ကြတာပါ။ သတင်းဆိုတာကတော့ ကိုယ်ပေးချင်တဲ့အချက်အလက်ကို မျဉ်းဖြောင့်အတိုင်း ရေးတာများတယ်လေ။ ဖတ်ပြီးတာနဲ့ ဘာဆိုတာ သိမှ ဖြစ်မှာကိုး။ ကဗျာတွေကို သတင်းနဲ့ ရောတင်ရတာ ဘယ်လိုမှ အဆင်မပြေဘူးဗျ။ ဒါတောင်မှ သတင်းနဲ့ ရသ သိပ်ကွာသွားရင် မဖြစ်ဘူးဆိုပြီး ပါးပါးလေးပဲ တင်နေကြတာပါ။ အားလုံးအဆင်ပြေပြေ သွားနိုင်အောင် အဖွဲ့သားတွေ ကြိုးစားနေကြပါတယ်။ ဒီမျက်တောင်အဖွင့်ကဗျာကို တင်ရင် အသံဗလံတွေ ကြားရမယ်ဆိုတာသိလို့ တင်ပြီးမှ အထဲမှာ ဒီအတိုင်းထားထားတာပါ။ ဒါပေမယ့် ခင်မင်ရတဲ့ အကိုတွေက ညီဇေ ပျောက်နေတယ်ဆိုလို့ ညီဇေ မပျောက်ပါဘူး၊ အားလုံးနဲ့ ဝေးရာကို ပြေးထွက်ခဲ့တာပါ..လို့ ကဗျာနဲ့ ပြန်ဖြေချင်လို့ တင်လိုက်တာပါ။ တခါတလေတော့လည်း ကိုယ်စိတ်ထဲရှိတာလေး လုပ်ချင်သေးတာပေါ့ဗျာ… ။

win latt said...

အေးဗျ...ကိုညီဇေ..ရ
အခုလိုပြောပြတော့ ပိုနားလည်တာပေါ့...
အသံဗလံတွေကတော့ ဒီလိုပါပဲ..
တစ်ချို့လူ့တွေက မျက်တောင်အဖွင့် ထက် မျက်ဖြူလန်မှ သဘောကျမယ်ထင်ပါတယ်ဗျ...ဟဲဟဲ...
ကိုယ့်ခရီးကိုယ်သွားဖို့ ကိုယ့်လှေ ကိုယ်လှော်ရမှာပါပဲ...။
သဘောတူတယ်မဟုတ်လား...ကိုညီရေ....။။