ရွှေ့ပြောင်းအလုပ်သမား အသံလွှင့်ဌာနMWTV ဥက္ကဌဟောင်းနှင့် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးတိုက်ပွဲဝင် တီးဝိုင်း Stop Crack Down Band၏ အဆိုတော် မီနူး(နီပေါ)အား လွန်ခဲ့သည့် ၁၀လပိုင်း ၈ရက် နံနက်၁၀နာရီ ၃၀မိနစ်တွင် အသံလွှင့်ဌာနသို့ လာရာလမ်းမ၌ လူဝင်မှုကြီးကြပ်ရေးဌာန ၀န်ထမ်း၃ဦးမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
သူ့အား လာရောက် ဖမ်းဆီးခေါ်ဆောင်သူများသည် လွန်ခဲ့သည့် လအနည်းငယ်က အသံလွှင့်ဌာနသို့ လာရောက်ပြီး ဌာနမှ ရောင်းချသည့် ဒီဗွီဒီခွေကို ၀ယ်ယူသွားခဲ့သည့် သူများဖြစ်နေကြသည့်အတွက် ဤသို့ဖမ်းဆီးခြင်းသည် တမင်အစီအစဉ်ချပြီး လာရောက်ဖမ်းဆီးခြင်းပင်ဖြစ်သည်ဟု အားလုံးက ယူဆကြသော်လည်း တရားရေးဌာနမှမူ မဟုတ်ကြောင်းငြင်းဆိုထားသည်။
ကိုရီးယားတွင် ၁၈နှစ်ကြာနေထိုင်ခဲ့သည့် မီနူးသည် ကိုရီးယားနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားတို့၏ အဖိနှိပ်ခံ၊ ပင်ပန်းဆင်းရဲသည့် ဘ၀အခြေအနေများအား ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာန MWTVမှတဆင့် ကိုရီးယားလူမှုအသိုင်းအ၀န်းအတွင်းသို့ အသိပေးဖော်ပြကာ ရွှေ့ပြောင်းအလုပ်သမားတို့၏ ဘ၀တိုးတက်ကောင်းမွန်စေရန် မီဒီယာလှုပ်ရှားမှုဖြင့်လည်းကောင်း၊ Stop Crack Down Band(အတင်းအကြပ်ပြန်ပို့ခြင်းကို ရပ်!!)ဟုခေါ်ဆိုသည့် 2003ခုနှစ် ရွှေ့ပြောင်းအလုပ်သမားများအား အတင်းအကြပ်ဖမ်းဆီးပြန် ပို့သည်အား ဆန့်ကျင်သည့် သပိတ်စခန်းမှ ပေါ်ထွက်လာသည့် အလုပ်သမားအခွင့်အရေးတိုက်ပွဲဝင်တီးဝိုင်းဖြင့်လည်းကောင်း ရွှေ့ပြောင်းအလုပ်သမားတို့၏ အခွင့်အရေးများ ရရှိစေရေးအား စွမ်းစွမ်းတမန်တိုက်ပွဲဝင်ကြိုးပမ်းခဲ့သူဖြစ်သည်။
မီးနူးအား ယခုလို ဖမ်ဆီးခြင်းနှင့် ရွှေ့ပြောင်းအလုပ်သမားတို့အား မတရားဖမ်းဆီးပြန်ပို့ခြင်းအား ဆန့်ကျင်သည့်အနေဖြင့် ကိုရီးယားနိုင်ငံအတွင်းရှိ အလုပ်သမားသမဂ္ဂများ၊ ရွှေ့ပြောင်းအလုပ်သမားစင်တာများနှင့် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းများ၊ ဘားမားအက်ရှင်၊ မီဒီယာအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ ပါမောက္ခများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ဘာသာရေးအသင်းအဖွဲ့များ၊ ကိုရီးယားလူ့အခွင့်အရေးကော်မရှင်၊ လွှတ်တော်အမတ်များ၊စာပေနှင့် ဂီတအနုပညာရှင်များ၊ ပြည်ပမီဒီယာအင်အားစုများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများမှ မီနူးအား အထူးနေထိုင်ခွင့်ပေးရေးနှင့် ရွှေ့ပြောင်းအလုပ်သမားများအား အတင်းအကြပ်ဖမ်းဆီးပြန်ပို့ ခြင်းများအားရပ်တန့်ရန် တောင်းဆိုသည့် ထုတ်ပြန်ကြေညာချက်များဖြင့်လည်းကောင်း၊ ၁၄ရက်နေ့ နံနက် ၁၁နာရီတွင် ဆိုးလ်လ၀ကရုံးရှေ့တွင် သတင်း စာရှင်းလင်းပွဲပြုလုပ်၍ လည်းကောင်း၊ အင်တာနက်အွန်လိုင်း လက်မှတ်ထိုးကင်းပိန်းဖြင့်လည်းကောင်း၊ အင်တာနက်ဝက်ဘ်ကဖေး http://cafe.daum.net/free-minuဖြင့် ထောက်ခံအားပေးခြင်းဖြင့် လည်းကောင်း အမျိုးမျိုးသောလှုပ်ရှားမှုများအား လုပ်ဆောင်သွားကြရန် ပြင်ဆင်နေကြသည်။
မီနူးနှင့်ပတ်သက်သည့် အခြေအနေများကြောင့် ကိုရီးယားနိုင်ငံတွင် နှစ်ရှည်နေထိုင်ခဲ့ပြီး ကိုရီးယားလူ့အသိုင်းအ၀ိုင်းအား အကူအညီပေးသည့် နိုင်ငံခြားသား အလုပ်သမားများအား ကိုရီးယားနိုင်ငံတွင်း လက်ခံ နေထိုင်ခွင့်ပေးရန် ဂယောင်းနမ်း ဒေသရှိ ထင်ရှားသည့် အလုပ်သမားအခွင့်အရေး ခေါင်းဆောင်ဖြစ်သူမှ ကိုရီးယားအစိုးရထံသို့ ဥပဒေတရပ် ဦးဆောင် တင်သွင်းရန် ပြင်ဆင်လျှက်ရှိသည်။
နိုင်ငံခြားသားအလုပ်သမားများအပေါ် ပိုမိုဖိနှိပ်မှုများပြုလုပ်လာသည့် အီမြောင်ဘာ့ဂ်အစိုးရသည် မီနူးကိစ္စအား မည်ကဲ့သို့ကိုင်တွယ်မည် နှင့် တင်သွင်းမည့် ဥပဒေအပေါ် မည်မျှအရေးစိုက်မည်မှာ ကိုရီးယားနိုင်ငံတွင်း လူ့အခွင့်အရေးတန်ဘိုး အဆင့်အတန်းပင်ဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများမှ သုံးသတ်နေကြသည်။
Tuesday, October 13, 2009
FREE MINU!!
Subscribe to:
Post Comments (Atom)
No comments:
Post a Comment