Friday, January 1, 2010

ချောင်းကြည့်သူရဲ့ အမှား အမှတ် ၁၉

ရေးသားသူ — ကိုကြီးပေါ်

ဘာလိုလိုနဲ့ နှစ်တနှစ်ကုန်လို့ နောက်တနှစ်ရောက်ပြန်ပြီ။ လက်ခမောင်းတွေ ခတ်, ခြေခမောင်းတွေ ကြွ, အာဘောင်အာရင်းတွေ ပူခြစ်အောင် အော်နေတဲ့ “နှစ်ထောင့်တစ်ဆယ်” ဆိုတာကြီးထဲ ရောက်တော့မှာပါလား။ အပြောင်းအလဲတို့ မျှော်လင့်ချက်တို့ ဆိုတဲ့ ဘာဘာညာညာတွေနဲ့ သကာဖုံးထားတဲ့ နှစ်ထောင့်တစ်ဆယ်ကို နဖူးပြဲ ဒူးပြဲ တကယ်ကြုံရတော့မှာ ဆိုတော့ ကိုကြီးပေါ်တောင် ရင်ခုန်လာချင်သလိုလို။ အနာဂတ်ကို ရင်မခုန်ခင် လတ်တလောမှာ ဘာတွေများ ဖြစ်နေသလဲလို့ ရွှေပြည်တော်ကြီးကို မျှော်ငေးကာ ချောင်းကြည့်လိုက်တော့…

ထူးမခြားနား - အရင်အတိုင်း

ဒါက သီချင်းခေါင်းစဉ် နှစ်ပုဒ်ပါ။ ထူးမခြားနား ဆိုတာက မဟာဂီတ။ အရင်အတိုင်းက ထူးအိမ်သင်ရဲ့ သီချင်း။ ဟုတ်ကဲ့။ တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီး အကြောင်းပြောရင် ဒီသီချင်းခေါင်းစဉ် နှစ်ခုနဲ့တင် ပြည့်စုံပါတယ်လို့ ဆိုရမှာပါ။ ရွှေပြည်တော်ကြီးမှာ ဘာမှ မထူးပါဘူး။ အရာ အားလုံးဟာ အရင်အတိုင်း မခြားမနား ဆက်လက်တည်နေဆဲပါ။

အခုတလောမှာ ရွှေပြည်တော်ရဲ့ အကြီးအချုပ် ဗိုလ်ချုပ်မင်းကြီးဟာ ပုဂံရွှေမြို့တော်သို့ တိုင်းခန်းလှည့်လည်တော် မူပါတယ်။ စေတီပုထိုးတွေကို ထိုင်လျက်တမျိုး မတ်တပ်တဖုံ ကုန်းလျက်တနည်း ယီးတီးယောင်တ ဦးတော်ချပါတယ်။ အနှီ ဗိုလ်ချုပ်မင်းကြီးရဲ့ အပါးမှာ မျက်တောင်မခတ် နားရွက်မလှုပ် ငြိမ်ကုပ်၍ လိုက်ပါလာကြတဲ့ နောက်တော်ပါ ဗိုလ်ကြီး ဗိုလ်သေး ဗိုလ်ပေမှေး တို့ကလည်း ထိုအမူအရာအတိုင်း တသဝေမတိမ်း ယိမ်းတိုက်လျက် လိုက်လုပ်ကြပါတယ်။ ဤကား အနှစ်နှစ်ဆယ်ကျော် တနေ့မပျက် ကပြလာခဲ့သော နိုင်ငံတော် ဒေ၀ါလီဇာတ်အဖွဲ့ကြီးရဲ့ ပဏာမ အော်ပရာ အခန်း ဖြစ်လေသတည်း။

ဆက်လက်ပြီး ဗိုလ်ချုပ်မင်းကြီးဟာ ထိုထိုဤဤသော သင်တန်းဆင်းပွဲတွေကို တက်ရောက်ပြီး အလေးပြုခံလျက် မိန့်ခွန်းခြွေပါတယ်။ ဒီသင်တန်းတွေ ဆိုတာက ဒေ၀ါလီဇာတ်အဖွဲ့ကြီးရဲ့ မျိုးဆက်သစ်ကလေးတွေ ဖြစ်ပါတယ်။ ဒေ၀ါလီရဲ့ မျိုးဆက်သစ်ဆိုတော့ “ကူလီ”ကလေးတွေပေါ့။ ရှေးအခေါ်အဝေါ်နဲ့ဆိုရင် “ကျွန်”ပေါ့။ ဒါမှမဟုတ် “သဘောက်”။ သို့မဟုတ် “အစေခံ”။ ဒါမှမကြိုက်သေးရင် “ခိုင်းဖတ်”။ ကဲပါလေ စကားလုံးတွေ ရှုပ်ကုန်ပါ့မယ်။ ခပ်လွယ်လွယ် “နွား”လို့ပဲ ဆိုလိုက်ကြပါစို့။

နွားဆိုတာက နွားဖြစ်ရုံနဲ့ ခိုင်းလို့ရတာ မဟုတ်သေးဘူး။ ခိုင်းနွား ဖြစ်ဖို့ “ထမ်းပိုးကျင့်” ပေးရပါသေးတယ်။ နွားကလေးတွေကို သုံးလေးနှစ် ထမ်းပိုးကျင့်ပြီးပြီ ဆိုတော့ ထမ်းပိုးတင်ပွဲကို မြက်ခင်းထဲမှာ ဘယ်ညာနင်းပြီး ကျင်းပပါတယ်။ ဒေ၀ါလီဇာတ်အဖွဲ့ရဲ့ မျိုးဆက်သစ်မိတ်ဆက် နွားရှုသဘင် သို့မဟုတ် မျက်နှာသစ်ယိမ်း ဆိုပါတော့။

ဒီလို မျိုးဆက်သစ်ကလေးတွေကို မိန့်ခွန်းခြွေတာက ဒေ၀ါလီဇာတ်အဖွဲ့ရဲ့ “ပြည်တည်ခန်း”လို့ ပြောရင် ရပါတယ်။ ဘုရင်တို့ ၀န်မင်းတို့ ပြည်တည်ခန်းမှာ ပြောကြဟောကြတဲ့ စကားဆိုတာ ပျားရည်ကို သကြားအုပ်ပြီး ဘုတ်အုပ်ထဲကအတိုင်း ရွတ်တာ မဟုတ်လား။ ကောင်းပေး ညွန့်ပေ့ လှပေ့ ခန့်ပေ့ ဆိုတဲ့ မစားရ ၀ခမန်းတွေပေါ့။ သို့သော်လည်း အဲဒီစကားတွေဟာ တကယ်ကတဲ့ ဇာတ်လမ်းနဲ့ သိပ်မဆိုင်လှတာလည်း အစဉ်အလာ တခုပါပဲ။

နှစ်ပါးသွား ရောက်ပါပြီ။ အမှန်တကယ်ကို ဗိုလ်ချုပ်မင်းကြီးနဲ့ မင်းကြီးကတော်တို့က သူတို့နှစ်ဦးတည်း လမ်းလျှောက်ပြ, စားသောက်ပြ, စကားပြောပြ, ထိုင်ပြ, မဲ့ပြ, ခေါင်းညိတ်ပြ ကြပါတယ်။ လောလောဆယ်တော့ မြိုင်ထခန်းပဲ ရှိပါသေးတယ်။ လွမ်းခန်း မရောက်သေးပါဘူး။ တကယ်လွမ်းရင်လည်း လွမ်းလောက်မယ် မထင်ပါဘူး။

ဒေ၀ါလီဇာတ်အဖွဲ့ကြီးရဲ့ အခြားဇာတ်ဝင်ခန်းတွေမှာတော့ ၀န်ကြီး, မှူးမတ်, စစ်သူကြီး, လက်စွဲတော်, ပုဏ္ဏား, အာဏာပါးကွက်သား, လက်မရွံ, ကြာကူလီ, ကုန်းရုပ်, သူဌေး, မိန်းမစိုး, သူကြီး, လူမိုက်, အမူးသမား, ဖော်လံဖား အစရှိတဲ့ ရောင်မျိုးစုံ ဇာတ်ရုပ်တွေဟာ ဇာတ်ညွှန်းအတိုင်း ကပြ အသုံးတော်ခံ နေကြပါတယ်။ တနှစ်ပတ်လုံးကတာ ဒီဇာတ်သွား တခုတည်းပါပဲ။ သူဌေးက သူဌေး ဆက်ဖြစ်ပြီး သူဆင်းရဲက သူဆင်းရဲ ဆက်ဖြစ်ပါတယ်။ လူမိုက်က လူမိုက် ဆက်ဖြစ်ပြီး အဖမ်းခံရသူတွေက အဖမ်းခံရသူတွေ ဆက်ဖြစ်ပါတယ်။ စစ်သားက စစ်သား ဆက်ဖြစ်ပြီး စစ်ပြေးက စစ်ပြေး ဆက်ဖြစ်ပါတယ်။ ဇာတ်လမ်းမပြောင်း။ ဇာတ်ရုပ်မပြောင်း။ တီးလုံးမပြောင်း။

၂၀၀၉ ခုနှစ် ဇာတ်ရာသီမှာ ကပြခဲ့တဲ့ ပြဇာတ်တိုလေး တပုဒ်ကတော့ လူကြိုက် အတော်များပါတယ်။ “အရူးယက်တော” တဲ့။ ဘွားခနဲ ပေါ်လာပြီး ရုတ်ခနဲ ပျောက်သွားတဲ့ ဒီဇာတ်လမ်းမှာ မင်းသမီးကတော့ ပရိသတ်ရဲ့ ကရုဏာကို ဆက်လက်ယူသွားနိုင်ပါတယ်။ နှစ်အကုန်မှာတော့ ဒီဇာတ်လမ်းက မေ့တေ့တေ့တောင် ဖြစ်လုနေပါပြီ။

မှော်ဆရာကြီးရဲ့ ဇာတ်လမ်းတပုဒ်လည်း ကမယ်ကမယ်နဲ့ ပြင်ဆင်ပြီးကာမှ ရုံရက်မရလို့ ဆိုင်းထားရပါတယ်။ အိုဘားမားနဲ့ ကလင်တန်တို့ရဲ့ စမတ်ပါဝါဆိုတဲ့ ပေါ်လစီ အပြောင်းအလဲမှာ ထိပ်သီးချင်း စိန်ခေါ်ပွဲကို ၀ါရှင်တန်နဲ့ ကြပ်ပြေးမှာ အပြန်အလှန်ထိုးကြဖို့ ပွဲသွင်းသူတွေက စီစဉ်ပြီးပါပြီ။ ကတော့ မကရသေးပါ။ မျှော်…။

မနေ့တနေ့ကတော့ ကမ္ဘာကျော် နိုဗဲလ်ဆုရှင် စီးပွားရေးပညာရှင် စတစ်ဂလစ် ဆိုသူကြီး ရွှေပြည်တော် သွားပါတယ်။ စီးပွားရေးဆိုင်ရာ ဟောပြော အကြံပြုဖို့လို့ ဆိုပါတယ်။ သူဘာတွေ ပြောတယ်လို့ ကိုကြီးပေါ် အသေးစိတ် မသိပါ။ သူ့ကို ဒေ၀ါလီဇာတ်အဖွဲ့မှာ ပါဝင်ကပြဖို့ ငှားတယ်လို့တော့ ကြားမိပါတယ်။ သူက စီးပွားရေးနဲ့ နိုင်ငံရေးကို တွဲလျက်ကမှ ဖြစ်မယ်ပြောတာနဲ့ ဈေးမတည့် ဖြစ်ပြီး ပြန်သွားရတယ်လို့ ကြားပါတယ်။ သူပြန်တော့ ရွှေပြည်တော်ကြီးကနေ လက်ဆောင်တထုပ် ပေးလိုက်ပါတယ်။ အိမ်ရောက်လို့ ဖြည်ကြည့်လိုက်တော့ စာရွက်တရွက်မှာ စာတတန်းရေးထားတယ်။ “ကျွဲပါး စောင်းတီး” တဲ့။

နှစ်ကုန်မယ့် နောက်ဆုံးရက်သတ္တပတ် မှာတော့ ဗိုလ်ချုပ်မင်းကြီးက ၂၀၁၀ ကို ကြိုဆိုတဲ့အနေနဲ့ ရုရှားက အမ်အိုင်ဂျီ ၂၉ တိုက်လေယာဉ် အစီး ၂၀ ၀ယ်လိုက်ပါတယ်။ ဒေါ်လာ သန်း ၅၇၀ တန်ပါသတဲ့။ ကိုကြီးပေါ် အထင်တော့ ဒီ ပိုက်ဆံတွေဟာ ဒေ၀ါလီဇာတ်အဖွဲ့ကြီးရဲ့ နှစ်ချုပ်အမြတ်တွေ ဖြစ်မယ် ထင်တာပါပဲ။ ဒါမှမဟုတ် ရွေးကောက်ပွဲ အပြီးမှာ ပေါ်လာမယ့် လွှတ်တော်ဆိုတာကြီးကို လက်ဆောင်ပေးဖို့ ကြိုဝယ်ထားတာ ဖြစ်နိုင်ပါတယ်။

လာမယ့် နှစ်ဆန်းတစ်ရက်နေ့ကျရင် ဒေ၀ါလီဇာတ်အဖွဲ့ကြီးက အထူးတင်ဆက်မှုတခု လုပ်ဖို့ ရှိပါတယ်။ ကမ္ဘာပေါ်က အရေးအကြီးဆုံး ပုဂ္ဂိုလ်များကို အထူးဧည့်သည်တော်များ အဖြစ် ရွေးဖိတ်ထားပါတယ်။ ကိုကြီးပေါ်လည်း ဖိတ်စာရထားလို့ ရွှေပြည်တော် နှစ်သစ်ကူးပွဲကို သွားဖို့ အစီအစဉ် ရှိပါတယ်။

အဲဒီပွဲရဲ့ အထူးအစီအစဉ်ကတော့ လွန်ခဲ့သော နှစ်ပေါင်း ထောင့်ကိုးရာခန့်က ကျော်ကြားထင်ရှားခဲ့သော ရောမ နီရိုးဘုရင်ကြီးရဲ့ “တိုင်းပင်လယ်မီး” သီချင်းကို ဗိုလ်ချုပ်မင်းကြီးက သီဆိုပြီး သူရဲ့ မိဖုရားနဲ့ သမီးတော်များက စောင်းတီးလျက် သံပြိုင်လိုက်မယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဆက်လက်ရှုစားတော် မူကြပါကုန်။

ကိုကြီးပေါ်

No comments: