Wednesday, January 20, 2010

ဒီတခါလည်း ပြောရဦးတော့မယ်

ဟန်းဂုရွာ ဘလော့ကို ကိုရီးယားမှ မြန်မာနိုင်ငံသားတွေရဲ့ ဖြစ်, ပျက်, လှုပ်ရှား, တွေးမြင်, ဖန်တီးမှုများကို တင်ပြနိုင်ဖို့ တည်ထားတာပါ။ ရွာလယ်ခေါင်က ကြော်ငြာသင်ပုန်းလို့ ဆိုပါစို့။ ဒီသင်ပုန်းမှာ တော်လှန်ရေးက အစ မွေးနေ့ပွဲဖိတ်စာ အထိ၊ ၀တ္ထု ကဗျာက အစ ရင်ဖွင့်သံ အထိ၊ ကမ္ဘာ့သမိုင်းက အစ အလုပ်ကြော်ငြာ အထိ ပါဝင်နေပါတယ်။ စုံစီနဖာ ဟင်းလေးအိုးကြီးပေါ့။ သတင်း အချက်အလက်တွေ ဖလှယ်မယ်၊အတွေးအမြင်တွေ ဝေမျှမယ်၊ ခံစားမှုတွေ ကူးလူးမယ်။ စာဖတ်သူတွေ ကိုယ်လိုရာ ယူသွားပေါ့။ မလိုတာ ကျော်သွားပေါ့။

တခါတရံ သတင်းတွေ အလုအယက် တက်နေတာ ဖြစ်ချင်ဖြစ်မယ်။ တခါတရံ ဘာမှ အသစ်မတက်တာမျိုး ဖြစ်ချင်ဖြစ်မယ်။ ရေးနေသူတွေက အချိန်ပိုင်းလုပ်ကြရတာ ဆိုတော့ ဟန်ချက် လွဲတဲ့အခါလည်း လွဲပေမပေါ့။ ရေးသူတွေ အနေနဲ့ အသစ်အသစ်တွေ ဖော်ပြနိုင်ဖို့ကို အမြဲရှာဖွေ နေကြတာပါ။ အွန်လိုင်း သဘာဝက ရေးသူနဲ့ ဖတ်သူ တိုက်ရိုက် ထိတွေ့နိုင်တာမို့ ဖတ်သူတွေရဲ့ တုံ့ပြန်မှုကလည်း ရေးသူတွေအတွက် တွန်းအား တခုပါပဲ။ အသစ်တွေ များများတက်လာဖို့ ဖတ်သူတွေကလည်း နည်းနည်းတော့ တွန်းပေးကြပေါ့။ ဒါဆိုရင် ပိုပြီး ပျော်စရာ ကောင်းလာပါလိမ့်မယ်။

ဟန်းဂုရွာမှာ ဖတ်သူတွေရဲ့ “အသံ” ထွက်လာစေချင်လို့ စီဘောက်ကို တပ်ပေးထားပါတယ်။ ပို့စ်တခုစီမှာ မှတ်ချက် ရေးနိုင်သလို စီဘောက်မှာလည်း ရေးနိုင်ပါတယ်။ စီဘောက်မှာ ထွေရာလေးပါး ပေါ့ပေါ့ပါးပါး ရေးနိုင်ပါတယ်။ ကိုယ့်အမြင်ကို ယဉ်ကျေး ပွင့်လင်းစွာ ပြောတာ, ဝေဖန်တာ, ငြင်းခုံတာ, သတင်းပေးတာ, စကားရည်လုတာမျိုးဟာ နှစ်သက်စရာပါ။ ဒါမျိုးကို လူတိုင်း လက်ခံ နှစ်လိုကြပါတယ်။

ဒါပေမယ့် ဒီအခွင့်အရေးကို တလွဲအသုံးချတဲ့ သူတချို့ကြောင့် တချီတမောင်း ပွဲကြမ်းတာတွေ မကြာခဏ ဖြစ်လာတာ တွေ့ရပါတယ်။ ပွဲကြမ်းတာတွေထဲမှာ အောက်ပါ သုံးမျိုးကို အဓိက တွေ့ရပါတယ်။

(၁) ကိုရီးယားအခြေစိုက် နိုင်ငံရေး, လူမှုရေး, ဘာသာရေး အသင်းအဖွဲ့တွေကို ဝေဖန် ပြစ်တင်တာတွေ
(၂) ကိုရီးယားက လူသိများသူတွေကို တဦးချင်း စွပ်စွဲ ရှုတ်ချ ဆဲရေးတာတွေ
(၃) ဘာသာရေး လူမျိုးရေး ဆိုင်ရာ ထိပါး ပုတ်ခတ်တာတွေ

လောကသဘာဝ အတိုင်း အကောင်းမြင်သူ ရှိသလို အဆိုးမြင်သူလည်း ရှိမှာပါပဲ။ ဘယ်အမြင်ပဲ ဖြစ်ဖြစ် ယဉ်ယဉ်ကျေးကျေး လူလိုသူလို ပြောတာကို ဘယ်သူကမှ ဗွေမယူပါဘူး။ ဒါပေမယ့် ဆဲရေးတာ, ကျိုးကြောင်းမဲ့ တိုက်ခိုက်တာမျိုးကျတော့ ခံရသူမှာ ဒေါသ အညှောင့်ကလေး လွန့်လာတတ်ပါတယ်။ ဒီအခါ မျက်နှာနီလာသူတွေက ရေးတဲ့လက်သည် ရှာမရတော့ ဟန်းဂုရွာ သူကြီးကို မျက်စောင်းထိုးပါတော့တယ်။ ခုကျတော့ စီဘောက် ပိတ်ပါ, ဟန်းဂုရွာ ဖျက်ပါ ဆိုတဲ့အထိ အော်လာကြတော့တယ်။

စိတ်မကောင်းပါဘူး။ သို့ပေမယ့် မတတ်နိုင်ပါဘူး။ ကျနော်တို့ဟာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးဖို့ ဒီလို အခြေအနေတွေကို မလွဲမသွေ ကျော်ဖြတ်ရဦးမယ် ဆိုတာ လက်တွေ့ဘ၀က သက်သေပြနေတာပါလို့ ပြောပါရစေ။

စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို စိတ်ဓာတ်ခိုင်မာမှုနဲ့ပဲ အနိုင်ယူနိုင်ပါတယ်။ နှလုံးသား သိမ်ငယ်သူတွေကို နှလုံးသား ကြီးမြင့်သူတွေကပဲ အနိုင်ယူနိုင်ပါတယ်။ ခိုးကြောင်ခိုးဝှက် နည်းနာတွေကို ရိုးသားပွင့်လင်းခြင်းကသာ အနိုင်ယူနိုင်ပါတယ်။

အရေးကြီးဆုံး အချက် သုံးချက်ကို ပြောပါ့မယ်။ ဂရုတစိုက် မှတ်သားထားကြပါ။

(၁) ဒီလို တိုက်ခိုက်မှုတွေ ဖြစ်ပေါ်စေဖို့ ဟန်းဂုရွာ သူကြီးနဲ့တကွ ပါဝင်ရေးသားသူတွေရဲ့ ပယောဂ လုံးဝ မပါပါ။ ဖြစ်ပေါ်စေလိုတဲ့ ဆန္ဒ အလျဉ်းမရှိပါ။ ဒီလို ဖြစ်တာဟာ ဘေးထွက်ပြဿနာ တခုသာ ဖြစ်ပါတယ်။ ဟန်းဂုရွာ အပေါ် သံသယရှင်းစွာ ထားပြီး မိမိတို့ရဲ့ သည်းခံမှု နှလုံးသား ကြီးမားလေးနက် နိုင်ကြပါစေ။

(၂) အပျက်ကို ရှေ့ရှု ရေးသားသူများအတွက် လူ့အဖွဲ့အစည်းမှာ နေရာမရှိပါ။ တကမ္ဘာလုံးမှာ ရင်ဆိုင်နေရတဲ့ အွန်လိုင်း လွတ်လပ်မှု-အကြပ်အတည်းကြောင့် အခိုက်အတန့် ရရှိနေတဲ့ အခွင့်အရေးသာ ဖြစ်ပါတယ်။ မကြာခင်မှာ ခင်ဗျားတို့အတွက် ကျက်စားစရာ နယ်မြေ ရှိမှာမဟုတ်ဘူးလို့ ကြိုတင် သတိပေးလိုက်ပါရစေ။


(၃) ဟန်းဂုရွာ နဲ့ စီဘောက်ကို ဘယ်တော့မှ ပိတ်မည် မဟုတ်ပါ။ အွန်လိုင်း တိုက်ခိုက်မှုတွေကြောင့် ခဏတဖြုတ် ရပ်ချင်ရပ်သွားမယ်။ ဒါပေမယ့် ရန်သူတွေကို ရင်ဘတ်နဲ့ ရင်ဆိုင်ရင်း၊ မိတ်ဆွေတွေကို နှလုံးသားနဲ့ ဖက်တွယ်ရင်း ခရီးဆက်နေမှာ ဖြစ်ပါတယ်။

1 comment:

Unknown said...

ကိုးရီးယားရောက်ရွှေမြန်မာများအားသိသင့် သိထိုက်သည်များကိုတင်ပြပေးနေသည့် ဟန်းဂူးရွာအရှည်တည်တံ့ ပါစေကြောင်းမေတ္တာပို့ သအပ်ပါသည်ခင်ဗျား.....