Thursday, January 21, 2010

စာရေးကောင်းသူ နဲ့ စာကောင်းရေးသူ


ရေးသားသူ — လူထုစိန်ဝင်း

“ စာကောင်းတွေရေးနိုင်ဖို့ အတွေ့အကြုံနဲ့ အတတ်ပညာက အဓိကကျသလား”

စာပေ၀ါသနာပါတဲ့ လူငယ်လေးတွေ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ “အတတ်ပညာ ပြည့်စုံရင်၊ အတွေ့အကြုံ ကြွယ်ဝရင် ကောင်းပါတယ်။ ဒါပေမဲ့ မရှိမဖြစ်လိုအပ်ချက်တော့ မဟုတ်ပါဘူး”

ဒီမေးခွန်းမျိုးကို အဲဒီလိုပဲ ခပ်တိုတို ဖြေဖြစ်ပါတယ်။

“မရှိမဖြစ် လိုအပ်တာ ဘာလဲ”

“ထက်သန်မှု ဖြစ်တယ်”

စိတ်အားထက်သန်မှုဟာ အလုပ်တစ်ခုခုကို ဇောက်ချလုပ်ဖို့ အဓိက အကျဆုံးလိုအပ်ချက် ဖြစ်ပါတယ်။ စာရေးဖို့သာ မဟုတ်ပါဘူး။ ဘယ်နေရာမှာဖြစ်ဖြစ် မရှိမဖြစ်ကို လိုအပ်ပါတယ်။ စိတ်အားထက်သန်မှု မရှိရင် ဘယ်အလုပ်မှ စွဲစွဲမြဲမြဲ ရေရှည်ဇောက်ချ မလုပ်နိုင်ပါဘူး။ အောင်မြင်မှုလည်း မရနိုင်ပါဘူး။ ၀ါသနာကြီးမှုက ပိုပြီးအဓိက မကျဘူးလားလို့ ထင်စရာရှိပါတယ်။ ၀ါသနာလည်း အရေးကြီးပါတယ်။ ၀ါသနာမပါဘဲနဲ့တော့ ဘာမှ လုပ်လို့ မရနိုင်ပါဘူး။ အထူးသဖြင့် စာရေးတဲ့အလုပ်လို အလုပ်မျိုးကို ၀ါသနာမပါဘဲ လုပ်လို့မရပါဘူး။ စာရေးချင်တယ်ဆိုကတည်းက စာပေ၀ါသနာပါလို့သာဖြစ်တာကြောင့် ထည့်မပြောတော့တာပါ။ ဒါပေမဲ့ ၀ါသနာပါရုံသက်သက်နဲ့ စာမရေးဖြစ်ပါဘူး။ စာရေးချင်စိတ် ထက်ထက်သန်သန်ကြီး ရှိမှ ရေးဖြစ်ပါတယ်။ ရေးနိုင်ပါတယ်။ ဘယ်လောက်ထိ ထက်သန်ရမလဲဆိုရင် မလုပ်ရရင် မနေနိုင်လောက်အောင်ကို ထက်သန်ပြင်းပြရပါမယ်။ ၀ါသနာပါရုံနဲ့ စာကောင်းထွက်မလာပါဘူး။ တအားကို ထက်သန်ပြင်းပြနေမှ စာကောင်းတွေ ထွက်လာနိုင်ပါတယ်။ သာဓကအနေနဲ့ နာမည်ကျော် စာရေးဆရာကြီးတွေနဲ့ သူတို့ရေးခဲ့တဲ့ စာတွေ၊ ကဗျာတွေကို ပြန်ကြည့်ပါလို့ ပြောချင်ပါတယ်။ ဆရာ၊ ဆရာမကြီးတွေရဲ့ စာကောင်း၊ ကဗျာကောင်းတွေဟာ အများအားဖြင့် စိတ်အားထက်သန်မှုအား အကြီးဆုံး ငယ်ရွယ်နုပျိုစဉ်က ရေးခဲ့တာတွေသာ ဖြစ်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဆရာဇော်ဂျီရဲ့ “ပိတောက်ပန်း”ကဗျာ၊ ဆရာမင်းသုဝဏ်ရဲ့ “သပြေညို”၊ “ပျဉ်းမငုတ်တို”ကဗျာတွေ၊ ဆရာဒဂုန်တာရာရဲ့ “တဟီတီ”ကဗျာ၊ “မေ”၀တ္ထု၊ ဆရာမကြည်အေးရဲ့ “နွမ်းလျအိမ်ပြန်” ၀တ္ထုနဲ့ ကဗျာတွေကို ကြည့်ပါ။ အားလုံးဟာ ငယ်ရွယ်နုပျိုစဉ်က ရေးခဲ့ကြတာချည်းဖြစ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ငယ်တုန်းဆိုတော့ စိတ်အားထက်သန်မှု အားကောင်းတယ်လေ။ ထက်သန်မှုရှိမှ ထက်မြက်ပါတယ်။ ထက်မြက်မှ စူးရှပါတယ်။ စူးရှမှ ထိရောက်ပါတယ်။ ခြွင်းချက်အနေနဲ့ အသက်အရွယ် ကြီးရင့်လာချိန်မှာရေးတဲ့ ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်း”ကဗျာမျိုးတွေ မရှိမဟုတ် ရှိပါတယ်။ ဒါပေမဲ့ နည်းပါတယ်။ ပြောစမှတ်ဖြစ်ကျန်ရစ်တဲ့ စာမှန်သမျှ ဆရာ၊ ဆရာမတွေ ငယ်ရွယ်နုပျိုစဉ် ထက်သန်မှု အားကောင်းနေချိန်က ရေးခဲ့တာချည်းပါပဲ။ ဆရာမဒေါ်ခင်ဆွေဦးရဲ့ အကောင်းဆုံးလက်ရာ “ဒို့တိုင်းဌာနီ”ကို ရေးတဲ့အချိန်က ဆရာမဟာ လူငယ်ဘ၀ပဲ ရှိပါသေးတယ်။ ဂျူးရဲ့ အကောင်းဆုံးလက်ရာ “အမှတ်တရ”ဟာလည်း ဂျူးရဲ့ ပထမဆုံးလုံးချင်းဝတ္ထုရှည်ပဲ မဟုတ်လား။ ဂျူးဟာ ၀တ္ထုရှည်ထက် ၀တ္ထုတိုရေး ပိုကောင်းသူပါ။ ခပ်ငယ်ငယ်ကရေးတဲ့ ၀တ္ထုတိုတွေ စုထုတ်တဲ့ ၀တ္ထုတိုပေါင်းချုပ် ဖတ်ကြည့်ပါ။ နောက် ပီမိုးနင်းရေးတဲ့ ၀တ္ထုတိုတွေဟာ ငယ်စဉ်လက်ရာတွေကို ကျော်လွန်မသွားဘူးဆိုတာ တွေ့နိုင်ပါတယ်။

ထက်သန်မှုဆိုတာ ငယ်ရွယ်နုပျိုစဉ်ကာလမှာသာ ရှိနိုင်တာမျိုးပါ။ အသက်ကြီးလာတာနဲ့အမျှ ထက်သန်မှု လျော့ကျသွားလေ့ ရှိပါတယ်။ ထက်သန်မှုလျော့ကျသွားတော့ ထက်မြက်စူးရှမှုလည်း နည်းပါးသွားပါတယ်။ လူဆိုတာ အတွေ့အကြုံတွေများလာတာနဲ့အမျှ ပြတ်သားမှုလျော့ပါးပြီး ဆင်ခြင်တုံတရား ကြီးမားလာလေ့ရှိပါတယ်။ ဆင်ခြင်တုံတရားကြီးမားတော့ ဘာပဲဖြစ်ဖြစ် လုပ်သင့်ရဲ့လား၊ လုပ်လို့ကောင်းပါ့မလား စတဲ့ တွေးဆမှုတွေလည်း များလာပါတယ်။ ဒီတော့ တော်ရုံနဲ့ အလုပ်မဖြစ်တော့ပါဘူး။

မြန်မာစာပေလောကကိုကြည့်ရင် ဖန်ဆင်းမှု(Create)လုပ်ရတဲ့ ရသစာပေမျိုးကို ဆရာကြီး၊ ဆရာမကြီးတွေ နုပျိုငယ်ရွယ်စဉ်က လုပ်ခဲ့တာများပြီး အသက်ကြီးရင့်လာတော့ ရသထက် သုတဘက်ကို ပိုပြီးများသွားတာကို သတိပြုမိကြမှာပါ။ သုတစာပေဟာ ရသစာပေလောက် မကောင်းဘူးလို့ ဆိုလိုတာမဟုတ်ကြောင်း သတိပြုစေချင်ပါတယ်။ သုတစာပေလည်း လိုအပ်ပါတယ်။ လူငယ်တွေက ၀တ္ထုရေးတာ၊ ကဗျာရေးတာ ပိုပြီးအားသန်လေ့ရှိတာကြောင့် သူတို့မေးတဲ့မေးခွန်းဟာ ရသစာပေရေးသားတာကို ရည်ရွယ်တာလို့ ယူဆတဲ့အတွက် ဖန်ဆင်းမှုရသစာပေ အရေးအသားနဲ့ ပတ်သက်ပြီး ပြောတာပါ။ သုတစာပေအတွက်ဆိုရင်တော့ အတွေ့အကြုံက အဓိကကျပါတယ်။

ကဗျာ၊ ၀တ္ထု စတဲ့ ဖန်ဆင်းမှုရသစာပေမှာတော့ အတွေ့အကြုံထက် ထက်သန်မှုက ပိုပြီးလိုအပ်ပါတယ်။ ဘယ်လိုထက်သန်မှုမျိုးလဲလို့ မေးလာခဲ့ရင် အကြောင်းကိစ္စတစ်ခု၊ အရာဝတ္ထုတစ်ခုကို တွေ့လိုက်၊ မြင်လိုက်ရတဲ့ခဏမှာ မှတ်သားမထားဘဲ မနေနိုင်လောက်အောင်ကို ထက်သန်ပြင်းပြတဲ့စိတ်မျိုး ပေါ်လာတာ၊ ဒါမှမဟုတ် ကိုယ်မြင်တဲ့၊တွေ့တဲ့အတိုင်း တခြားသူများကိုပါ သိစေချင်လွန်းတဲ့စိတ် ထက်သန်ပြင်းပြတာများ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒီ ဒုတိယထက်သန်မှုကို “စေတနာ”လို့ သတ်မှတ်ရင်လည်း ရနိုင်လိမ့်မယ်ထင်ပါတယ်။ ကိုယ်လို သိစေချင်၊ မြင်စေချင်၊ ခံစားစေချင်တဲ့ စေတနာမျိုးပါ။

ထက်သန်မှုအသီးသီးမှာ ဒီ“စေတနာ” ထက်သန်မှုက အရေးကြီးဆုံးဖြစ်ပါတယ်။ ၀ါသနာပါရင် အတတ်ပညာက လေ့လာသင်ယူလို့ ရပါတယ်။ “စေတနာ”ကို သင်ယူလို့ မရပါဘူး။ အတွေ့အကြုံကြောင့်လည်း “စေတနာ”ဖြစ်မလာပါဘူး။ စေတနာဆိုတာကတော့ မွေးရာပါဇာတိစိတ်မျိုး ဖြစ်ပါတယ်။ ဒီစေတနာမရှိဘဲ၊ ပါမလာဘဲနဲ့ စာရေးဆရာကောင်း ဖြစ်မလာနိုင်ပါဘူး။ ၀ါသနာနဲ့ အတတ်ပညာရှိရင် စာရေးကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ “စေတနာ” မရှိဘဲနဲ့ စာကောင်းရေးတဲ့ စာရေးဆရာကောင်း ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။

စာပေလောကမှာ မြန်မာကို ကြည့်ကြည့်၊ ကမ္ဘာကိုကြည့်ကြည့် စာရေးကောင်းသူတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ “စာရေးဆရာကောင်း” ရှားပါတယ်။ စာရေးဆရာကောင်းများရေးတဲ့ “စာကောင်း”တွေသာ စာပေသမိုင်းမှာ မှတ်တမ်းတင်ခံရတာပါ။ ကမ္ဘာမှာ “စာကောင်း”လို့ သတ်မှတ်ခံရတဲ့ ဘယ်စာပေအမျိုးအစားကိုပဲ ကြည့်ကြည့် “စေတနာ”တစ်ခုခုနဲ့ ရေးသားတဲ့ စာ၊ ကဗျာတွေ ဖြစ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။

“စေတနာ”ဆိုတာ သင်ယူလို့ရတဲ့အရာလည်း မဟုတ်၊ အတွေ့အကြုံက ပေါက်ဖွားလာတာလည်း မဟုတ်တဲ့အတွက် အတတ်ပညာနဲ့ အတွေ့အကြုံ ကြွယ်ကြွယ်၀၀ မရှိလည်း “စာကောင်းပေမွန်”ရေးတဲ့ စာရေးဆရာဖြစ်နိုင်စွမ်းပါတယ်။ အဲဒါကြောင့် အသက် ဘယ်လောက်ပင်ငယ်ငယ် စာကောင်းရေးတဲ့ စာရေးဆရာကောင်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးလို့ အတွေ့အကြုံ ကြွယ်ဝကောင်း ကြွယ်ဝနိုင်ပါတယ်။ အတတ်ပညာ ပြည့်ဝကောင်း ပြည့်ဝနိုင်ပါတယ်။ ဒါပေမဲ့ “စေတနာ”ဆိုတဲ့အရာ မရှိဘဲနဲ့တော့ စာရေးဆရာကောင်း မဖြစ်နိုင်ပါဘူး။ အသက်အရွယ်ငယ်လို့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ မဖြစ်ပါနဲ့။ “စေတနာ”ဆိုတဲ့ စိတ်လေးတစ်ခုရှိရင် အသက် ဘယ်လောက်ငယ်ငယ် စာကောင်းတွေရေးတဲ့ စာရေးဆရာကောင်း ဖြစ်နိုင်ပါတယ်။

၂၀၀၆ ခုနှစ်၊ သြဂုတ် ၂၂။

No comments: