ခုတလောမှာ ကိုကြီးပေါ် တယောက်ဖြင့် “မပြောဘဲနဲ့ ကြားကြားမိတယ် မကြည့်ဘဲနဲ့ကို မြင်မိပါတော့တယ်...” လို့ အုံ့ပုန်းချစ် သီချင်းထဲကလို ဆိုနေဖြစ်ရတာကတော့ ဒီလအတွင်းမှာ ပေါ်ထွက်လာတဲ့ “ဥပဒေ” တွေကြောင့်ပါပဲ။
တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ အာဏာသစ်ငုတ် ဗိုလ်ချုပ်မင်းကြီးများရဲ့ ၀မ်းတော်နှလုံးက လေပုန်းမြူးသလို ယိုကျလာတဲ့ အနှီ ဥပဒေတော်ကြီးများက နာဂစ်မုန်းတိုင်းထက် အဆရာထောင် သာလွန် ပြင်းထန်လှပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဥပဒေမုန်တိုင်း တချက်တိုက် အပြီးမှာ ဘယ့်နှယ် ညာ့နှယ် သို့လော သို့လော လေမုန်တိုင်းများက တကမ္ဘာလုံးမှာ ဆက်တိုက် ဆက်လက် တိုက်ခတ်နေလို့ပဲ ဖြစ်ပါတယ်။ ဒီမုန်တိုင်းတွေကြားမှာ ကိုကြီးပေါ် တယောက် ချာလည်ချာလည်နဲ့ မူးနောက်နေရာက မှန်ပြောင်းနဲ့ မျက်စိ တည့်တည့်တိုးမိလို့ ချောင်းကြည့်လိုက်တော့မှ...
ပါတီကင်ပေတိုင် နဲ့ ကောက်ရွေးပွဲ
ဒီမိုကရေစီ နတ်ပြည်ကြီးကို ဖန်ဆင်းတည်ဆောက်နေတဲ့ ဗိုလ်ချုပ်မင်းကြီးများက ၂၀၁၀ မှာ ကောက်ရွေးပွဲ လုပ်ပေးမယ် ဆိုတဲ့ ကတိကို ပေးထားခဲ့တာ အတော်ကြာနေပါပြီ။ ဘယ်တော့ လုပ်မယ်မှန်း မသိရပေမယ့် ဒီကောက်ရွေးပွဲသည်သာလျှင် ဒီမိုကရေစီ နတ်ပြည်သို့ သွားရာ နတ်စောင်းတန်း ဖြစ်ပေတယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူဆိုသည့် ပုဏ္ဏားဖြူညိုတွေက ဟောမိန့်တော်မူကြပါတယ်။ ဟပေးထားတဲ့ တံခါးပေါက်ကနေ တိုးဝင်ရမယ်လို့ ဆိုတဲ့သူများကလည်း ပါတီထောင်ပြီး အရံသင့်စောင့်နေကြပါတယ်။ ငါ, ငါ့မယား, ငါ့ညီ, ငါ့ယောက်ဖ, ငါ့ခယ်မ တို့နဲ့ ထူထောင်တဲ့ ပါတီတွေ ဆိုတော့ ပြည်သူများ အားကိုးလောက်မယ် ထင်ပါရဲ့။
ထိုထိုသော ပုဂ္ဂိုလ်များ မျှော်လင့်နေတဲ့ ဥပဒေတော်ကြီးများဟာ ဒီလမှာတော့ ရှူးခနဲ ရှဲခနဲ ပေါ်ထွက်လို့ လာပါပြီ။ ရှူးခနဲ ရှခနဲ ဖြစ်ရတဲ့ အကြောင်းကတော့ အလွန် စပ်လို့ပါ။ ကုလားအော်ငြုတ်ထက် စပ်တဲ့ ကမ္ဘာအော်ငြုတ်ပေါ့။ အမှန်ပဲ... တကမ္ဘာလုံးက ၀ိုင်းအော်လိုက်ကြတာ စီစီညံလို့။ ပါတီ ပါတီနဲ့ တတီတီ လုပ်နေသူတွေတောင် တီလို့ တွန့်သွားကြရသေးသပ။
ကမ္ဘာပေါ်မှာ ပုဒ်မ အများဆုံး ပါရှိတဲ့ ၂၀၀၈ နာဂစ် အခြေခံဥပဒေ အရ ဖွဲ့စည်းမယ့် လွှတ်တော်များ ပေါ်ပေါက်လာဖို့ အတွက် ဒီ ကောက်ရွေးပွဲတွေကနေ အစပြုရမှာပါတဲ့။ အနှီ လွှတ်တော်ကြီးများကို ဘယ်နည်း ဘယ်ပုံ ဖွဲ့စည်းမယ်ဆိုတာတွေ ကိုကြီးပေါ် မပြောတတ်ပါဘူး။ အလွန် ရှုပ်ထွေး ပွေလီလှတာမို့ ဖတ်မိလေတိုင်း အမယ်ဘုတ်ရဲ့ သူချည်ခင် ဖြစ်လို့ချည်း နေတော့တာ။ ကိုကြီးပေါ်က ခပ်ညံ့ညံ့ပေကိုး။ ဘယ်နားလည်ပါ့မလဲ။ သူ့ဥပဒေမှာက သမ္မတရယ်, စစ်ဦးစီးချုပ်ရယ်, ကာကွယ်ရေးဝန်ကြီးရယ် “ဗိုလ် ကျား သေနတ်” ပတ်လည်ရိုက်နေတာ။ ကလေးဘ၀တုန်းက ကျားဗိုလ်ဆွဲတန်း ကစားရတာ ပျော်စရာ အလွန်ကောင်း မဟုတ်လား။ နိုင်ငံတော် လူကြီးမင်းများလည်း ကျားဗိုလ်ဆွဲတန်း ကစားရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ တိုင်းပြည်အုပ်ချုပ်နိုင်အောင် ဗိုလ်ချုပ်မင်းကြီးများက စဉ်းစားစီစဉ်ထားပုံ ရပါတယ်။
ထားပါတော့။ ဒါက လွှတ်တော်ကြီး ပေါ်လာမှ ဒန် ဒန့် ဒန်... ရမှာ။ ကနဦး လုပ်ရမှာက ကောက်ရွေးပွဲ။ ဒီနေရာမှာ ကိုကြီးပေါ်က “ကောက်ရွေးပွဲ” လို့ ရေးတာ စာမှားရိုက်တာ မဟုတ်ပါဘူး။ အမှန်တကယ် ကောက်ရွေးပွဲမို့ ရေးတာပါ။ နို့ စကားအမှန်က “ရွေးကောက်ပွဲ” ပါ။ မင်းက ဘယ့်နှယ် ကောက်ရွေးပွဲ ရယ်လို့ ဖြစ်ရတာတုန်းလို့ စောဒက တက်ချင်မယ် ထင်ပ။ ကိုကြီးပေါ်မှာလည်း ဖြေစရာ အဆင်သင့် ရှိသပ။ မြန်မာစကားမှာ ရွေးကောက်ပွဲနဲ့ ကောက်ရွေးပွဲ အဓိပ္ပာယ်ချင်း လုံးဝ မတူပါဘူး။
ဟိုးရှေး ရှင်ဘုရင်ခေတ်တုန်းက “ကောက်” “တော်ကောက်” “ကောက်စား” ဆိုတဲ့ စကားတွေ ရှိခဲ့တယ် မဟုတ်လား။ ချောချောလှလှ မိန်းကလေးတွေကို ရှင်ဘုရင်က သဘောကျရင် မယားအဖြစ် သိမ်းပိုက်လိုက်တာကို “ကောက်”တယ် “တော်ကောက်”တယ်လို့ ခေါ်တာပါ။ အမှုထမ်း တယောက်ယောက်ကို အခွင့်အရေးတွေ အများကြီး ပေးလိုက်တာကို ရှင်ဘုရင်က “ကောက်စား”တယ်လို့ ခေါ်တာပါ။ အရှင်ကောက်စားလို့ တောက်ကြွားတယ် ဆိုတဲ့စကား ကြားဖူးတယ် ဟုတ်။ အခုလည်းပဲ ဗိုလ်ချုပ်မင်းကြီးက သူသဘောကျတဲ့သူတွေကို လွှတ်တော်ထဲ ၀င်စေ ဆိုပြီး “ကောက်”တော်မူမှာ ဖြစ်ပါတယ်။
လွှတ်တော်မှာ အမတ် ၂၅ ရာနှုန်းက ဗိုလ်ချုပ်မင်းကြီးက ခန့်အပ်စေလွှတ်မယ့် စစ်သားတွေ။ ကျန်တဲ့ အမတ် နေရာတွေအတွက် ဘယ်သူက ဘယ်ကနေ ၀င်ရောက် အရွေးခံလို့ ဗိုလ်ချုပ်မင်းကြီးက နေရာချထား စီစဉ်နေတာ အားလုံး သိကြားနေရတယ် မဟုတ်လား။ သူ ကောက်ပြီး နေရာချပေးထားတဲ့ သူကိုပဲ ပြည်သူတွေက ရွေးပေး ရမှာ မဟုတ်လား။ အခြားသူကို ရွေးခဲ့ရင်ကော ဗိုလ်ချုပ်မင်းကြီးက အသာ ကြည့်နေတော် မူမတဲ့လား။
“ရွေးကောက်”လို့ ပြောရင် ရွေးတာက အရင်။ အများထဲက တယောက်ကို ရွေးပြီး ဒီလူပဲလို့ ကောက်ပေးရမှာ။ “ကောက်ရွေး”လို့ ပြောရင် ကောက်တာက အရင်။ ကောက်ပြီးသားကိုပဲ ရွေးပေးရမှာ။ ဒါကြောင့် ကိုကြီးပေါ်က ကောက်ရွေးပွဲလို့ ရေးတာ ဖြစ်ပါတယ်။
ကိုကြီးပေါ်ကတော့ ဗိုလ်ချုပ်မင်းကြီးရဲ့ ကောက်ရွေးပွဲကို နဂိုကတည်းက သိပ်အာရုံမကျတော့ ကောက်ရွေးပွဲဥပဒေ ဆိုတာကြီးကိုလည်း သိပ်စိတ်မ၀င်စားပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကိုကြီးပေါ်ကို ဗိုလ်ချုပ်မင်းကြီးက ကောက်မှာ မဟုတ်တာ သေချာနေတာကိုး။ သူသဘောကျမယ့် အရည်အချင်းမျိုး ကိုကြီးပေါ်မှာ ဘာမှ မရှိဘူးလေ။ တကယ်လို့ မျက်စိလည်ပြီး ကောက်မယ်သာဆို အဟဲ... ကိုကြီးပေါ်လည်း ယားကျိကျိ ဖြစ်မိမှာ အသေအချာ။
အဲ စိတ်ဝင်စားမိတာကတော့ ရွှေပြည်တော်ကြီးမှာ “ပါတီကင်ပေတိုင်”ကြီး ပေါ်လာတာကိုပါ။ ဥပဒေ ၁/၂၀၁၀ နိဒါန်းမှာ ဟောသလို ရေးထားပါတယ်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ နိုင်ငံသားတိုင်းသည် လွှတ်တော်များသို့ ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်တို့ကို ကျင့်သုံးကြရာတွင် ကြီးကြပ်ပေးရန်နှင့် နိုင်ငံရေးပါတီများကိုလည်း ကြီးကြပ်ပေးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တရပ်ကို ဖွဲ့စည်းနိုင်ရေးအတွက် ... အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
ဒီဥပဒေရဲ့ အခန်း (၃) တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ပုဒ်မ ၈ (ဋ) မှာ -
နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်း, ကြီးကြပ်စေခြင်းနှင့် လမ်းညွှန်ခြင်း - လို့ ပါပါတယ်။
ပြီးတော့ ပုဒ်မ ၉ မှာ - ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် ဖြစ်စေရမည် - တဲ့။
ကဲ... အဲဒါကြီးကို ပါတီကင်ပေတိုင် မခေါ်လို့ ဘာခေါ်ရမလဲ။
နောက်တခုက ဥပဒေ ၂/၂၀၁၀ မှာ ပါတီမှတ်ပုံတင်မယ် ဆိုရင် ပုဒ်မ ၆ အရ ၀န်ခံချက် ပေးရမယ်။ ၀န်ခံချက် ခြောက်ချက်အနက် (ဂ) မှာ - ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး - လို့ ပါပါတယ်။
နိဂုံးချုပ်လိုက်တော့ ဗိုလ်ချုပ်မင်းကြီးက သူ့ကိုယ်စား ပါတီတွေကို နှိမ်နင်းဖို့ ကင်ပေတိုင်ကြီးကို ပေါ်တင် ဖွဲ့စည်းလိုက်တာပါပဲ။
ကဲ ဒီတော့လည်း လွှတ်တော်ထဲကနေ ဥပဒေကို တဖြည်းဖြည်း ပြင်ယူမယ်ဆိုပြီး စိတ်ကူးတယဉ်ယဉ် ဘ၀င်တလှပ်လှပ်နဲ့ ခေါင်းပေါင်း ဖုန်ခါနေတဲ့, ဆံတုံး ပန်းပန်နေတဲ့ နတ်စောင်းတန်း ခြေတော်ရင်းမှာ ဖ၀ါးတကြွကြွ ဖင်တကွကွ ဖြစ်နေသူများ ပါတီကင်ပေတိုင်ကြီးကို မည်သို့ရင်ဆိုင်ကြမည့်အကြောင်း ဆက်လက်၍ ချောင်းကြည့်ဦးမည် ဖြစ်ပါကြောင်း...။
Sunday, April 4, 2010
ချောင်းကြည့်သူရဲ့ အမှား (အမှတ် ၂၁)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment