Wednesday, May 19, 2010

ဂန်းဟွာ

အောက်က ကိုဝိုင်း တင်ထားတဲ့ ဂန်းဟွာ ယဉ်ကျေးမှုပွဲတော် သတင်းကို တွေ့တော့ ၂၀၀၇ ခုနှစ်က အဲသည် ပွဲတော်က အပြန်မှာ ရေးဖြစ်ခဲ့တဲ့ ကဗျာတပုဒ်ကို အမှတ်တရ တင်လိုက်ပါတယ်။

ဂန်းဟွာ ဆိုတာက ပင်လယ်ထဲကို ထိုးထွက်နေတဲ့ ကျွန်းတခုပါ။ ဒါပေမယ့် ကျွန်းပေါ်မှာ တောလည်း ရှိရဲ့။ တောင်လည်း ရှိရဲ့။ ဘုရားလည်း ရှိရဲ့။ ကျောင်းလည်း ရှိရဲ့။ ၁၃ ရာစု (ပုဂံခေတ်နှောင်း) လောက်က တည်ခဲ့တဲ့ လက်ရာတွေ ယခုတိုင် ပြုပြင်ထိန်းသိမ်း ထားတယ်။ သဘာဝ ရေမြေတောတောင်ကို မပျက်စီးအောင် စောင့်ရှောက်ထားတယ်။ ဆိတ်ငြိမ်အေးချမ်းပြီး ဓမ္မရနံ့လွှမ်းနေတဲ့ ဂန်းဟွာကို ရိုးရိုးရှင်းရှင်း ကဗျာလေးတပုဒ်နဲ့ ရင်ထဲမှာ သိမ်းထားခဲ့တာပါ။




ဂန်းဟွာ

တောလည်းတောစိမ်း
မြရည်လိမ်းသည်
ပိန်းပိန်းညိုရီ မှောင်လုနီး။

တောင်လည်းတောင်မြင့်
မားမားစွင့်သည်
ဆင့်ဆင့်မိုးယံ တက်လုနီး။

ကျွန်းလည်းကျွန်းမြေ
ရေပတ်ခွေသည်
တွေတွေလှိုင်းလဲ့ ပင်လယ်နီး။

ဖူးလည်းဖူးမြင်
ဂန်းဟွာရှင်ကို
ကြည်လင်သဒ္ဓါ ပူဇော်မိ။

ငြိမ်းလည်းငြိမ်းချမ်း
သည်စခန်းသို့
လွှမ်းပတ်ပါစေ ဆုတောင်း၏။

2007-5-6

No comments: