Saturday, June 5, 2010

၂၀၁၀ ကိုရီးယားအထွေထွေရွေးကောက်ပွဲ ဒီမိုကရက်များ အနိုင်ရ

ဇွန် ၂ရက်နေ့က ၊ ကိုရီးယားနိုင်ငံအထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ရာ ၊ နိုင်ငံတော် ရွေးကောက်ပွဲကော်မရှင် ၏ ဇွန် ၃-ရက် နံနက် ၀ နာရီ ၁၅ မိနစ် အချိန် ထုတ်ပြန်ကြေညာချက်အရ ကိုရီးယားနိုင်ငံ ဒေသဆိုင်ရာ အစိုးရ (Local Government) များဖြစ်သည့် ပြည်နယ် (Province) နှင့် မြို့တော်ကြီး (Metropolitan City)များ စုစုပေါင်း ၁၆ ခုတွင် လက်ရှိ သမ္မတ လီမြောင်ဘတ်၏ ဟန်နာရာပါတီ (Grand National Party)က ၆ နေရာ ၊ မင်ဂျုပါတီ (Democratic Liberal Party) က ၇ နေရာ ၊ လွတ်လပ်ပြီးတိုးတက်သောပါတီ (자유선진당) က ၁ နေရာနှင့် တစ်သီးပုဂ္ဂလ (ပါတီမရှိ)က ၂နေရာတို့ အသီးသီး အနိုင်ရရှိသွားကြောင်းသိရသည် ။
ဟန်နာရာက အနိုင်ရရှိသွားသော ဒေသ ၅-ခု မှာ ဆောအူးလ်မြို့တော်နှင့်တကွ ကယောင်းဂီပြည်နယ် ၊ ဘူဆန်မြို့တော် ၊ ဒေဂုမြို့တော် ၊ အူးလ်ဆန်မြို့တော် နှင့် မြောက်ပိုင်း ဂယောင်းဆန်ပြည်နယ်တို့ဖြစ်ပြီး ၊ အင်ချောန် ၊ ဂန်ဝေါန် ၊ ချွန်ချောန်(မြောက်) ၊ ဂယောင်းဆန်(တောင်) ၊ ဂွါန်ဂျူး ၊ ဂျော်လာ(တောင်) ဂျော်လာ(မြောက်) တို့မင်ဂျုပါတီ အနိုင်ရရှိသွားကြောင်း ၊ ဒေဂျောန်တွင် လွတ်လပ်ပြီးတိုးတက်သောပါတီ က အနိုင်ရရှိသွားပြီး ၊ ဂျယ်ဂျူး နှင့် ချွန်ချောန်(တောင်) တို့တွင် တစ်သီးပုဂ္ဂလ ၂ ဦးတို့က အနိုင်ရရှိသွားကြောင်းသိရသည် ။
ဆောအူးလ်မြို့တော်အတွင်း မြို့နယ် ၂၅ ခုစလုံး ၊ ယခင် ဟန်နာရာက နေရာယူထားရာမှ ယခု မင်ဂျုပါတီက ၂၁ မြို့နယ်တွင် အနိုင်ရရှိသွားပြီး ၊ ဟန်နာရာက ၄ မြို့နယ်တွင်သာ အနိုင်ရရှိသည်ဟုဆိုသည် ။ မြို့တော်(City) ၊ ခရိုင်နှင့် နယ်မြို့စု (District and County) ၆၆ ခုတွင် ယခင်ဟန်နာရာက ၆၁ နေရာ ရယူထားရာမှ ယခုရွေးကောက်ပွဲတွင် ဟန်နာရာက ၁၈ ၊ မင်ဂျုက ၄၁ နှင့် မင်နိုပါတီ(ဒီမိုကရက်တစ် အလုပ်သမားပါတီ)က ၂နေရာရရှိသွားကြောင်း ၊ ယခင် သမ္မတ အိမ်တော် ပြောခွင့်ရ အရာရှိများဖြစ်ကြသော ကင်မန်ဆု (김만수)က ဘူချောန်းမြို့တော်ဝန် ဖြစ်လာပြီး ၊ ယောမ်ထေးယောင် (염태영) က ဆုဝမ်မြို့တော်ဝန်ဖြစ်လာသည်ဟုဆိုသည် ။
ကိုရီးယားနိုင်ငံလူဦးရေမှာ (49) သန်းခန့်ရှိပြီး ၊ အလုပ်သမားဦးရေမှာ (24.3) သန်းခန့်ရှိသဖြင့် နိုင်ငံလူဦးရေ၏ (49.6) ရာခိုင်နှုန်းဖြစ်ကြောင်း ၊ သို့ရာတွင် ယခုရွေးကောက်ပွဲတွင် အဆင့်နိမ့် ဒေသဆိုင်ရာ အာဏာပိုင် (Lower-level Local Governments) နေရာများအတွက် အလုပ်သမားပါတီမှ ၂ ဦးကိုသာ ရွေးချယ်နိုင်ခဲ့သည်ကို တွေ့ရကြောင်း ၊ အဓိပ္ပါယ်မှာ ကိုရီးယားအလုပ်သမားတို့သည် အလုပ်သမားလူတန်းစား စိတ်ဓါတ် ပျောက်ဆုံးနေပြီး ၊ အလုပ်သမားထုကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်များကို မရွေးချယ်နိုင်ကြသေးသလို ၊ အလုပ်သမားထုက အားကိုးအားထားပြုနိုင်မည့် ခေါင်းဆောင်များ အများအပြား ပေါ်ထွက်လာဖို့ လိုအပ်နေသေးသည်ကို ပြသနေကြောင်း ၊ ခေတ်သစ် ကိုရီးယား အရင်းရှင်စနစ်က ကိုရီးယား အလုပ်သမားများအား အရင်းရှင်တစ်ပိုင်း စိတ်ဓါတ်ကို ကျွမ်းကျင်စွာ ရိုက်သွင်းထားသဖြင့် ၊ အလုပ်သမားအတော်များများမှာ သူဌေးတစ်ပိုင်း စိတ်ဓါတ်ဝင်နေကြပြီး လူတန်းစားအသိ ပျောက်ဆုံးနေကြသည်ဟု ဆိုပါသည် ။



မှတ်ချက် ။ District(구) မှာ မြို့ပြဒေသ (Urban) အတွင်းကျရောက်သည့် ခရိုင်ဖြစ်ပြီး ၊ County (군) မှာ ကျေးလက်ဒေသ (Rural) များကိုစုစည်းထားသည့် ခရိုင်ဖြစ်ပါသည် ။ မြို့ပြဒေသခရိုင် District နှင့် ကွဲပြားမှုရှိစေရန်အတွက် County ကို နယ်မြို့စုဟု ဘာသာပြန်ထားခြင်းဖြစ်ပါသည် ။

No comments: