Saturday, July 31, 2010

သမီးထံသို့ပေးစားများ(၃)

ရေးသားသူ — မောင်ဘမောင်(ဘုန်းစိုး)
သမီးရေ
ပြီးခဲ့တဲ့အပတ်က ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ လိုအပ်ချက်နဲ့ ဗုဒ္ဓကိုယ်တော်တိုင်တားမြစ်ထားတဲ့ အခြေခံ ငါးပါးသီလအကြောင်းပြောခဲ့တယ်နော်။ ဒီနေရာမှာ ဗုဒ္ဓဘာသာဆိုတာ ထေရ၀ါဒ ဗုဒ္ဓဘာသာကိုဆိုလိုတာနော်၊ ထေရ၀ါဒဆိုတာ ဘုရားရှင်ဟောကြားတဲ့တရားတော်တွေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်းမရှိပဲ အမှားအယွင်းမရှိရအောင် သံဂါယနာ အဆင့်ဆင့်တင်ပြီး သံဃာတော်အရှင်မြတ်များ လက်ဆင့်ကမ်း သယ်ဆောင်လာတဲ့ ဗုဒ္ဓတရားတော် အဆုံးအမအတိုင်း လိုက်နာကျင့်သုံးတဲ့ ၀ါဒကို ရည်ညွန်းတာဖြစ်တယ်။
ထေရ၀ါဒရဲ့ အဓိပ္ပာယ်ကို ဗုဒ္ဓဒေသနာတော် ဝေါဟာရအဘိဓာန်ကျမ်းမှာ “မထေအဆက်ဆက်တို့ မပျောက်မပျက်ရအောင် ဆောင်ထားအပ်သော ထိန်းသိမ်းအပ်သော ဘုရားစကားတော် အယူစကားအစဉ်” “ အရှင်မဟာကဿပအစရှိသော မထေရ်အဆက်ဆက်တို့ မူရင်းမပျက် သံဂါယနာတင်လျက် ထိန်းသိမ်းစောင့်ရှောက်ထားအပ်သော ဘုရားစကားပါဠိတော်အတိုင်း ကျင့်ကြံနေထိုင်သော အယူဝါဒကို ထေရ၀ါဒ ဟု ခေါ်သည် “ ဒီလိုဖွင့်ပြထားတယ်။
ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ တရားတော်ကို သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်အစစ်ဖြစ်ဖို့ စံပြုသတ်မှတ်ထားတဲ့မူ- ၅ချက် ရှိသေးတယ်သမီး။ ဒါတွေကတော့…
(၁) ယုံကြည်မှု သဒ္ဒါတရား ရှိရမည်။
(၂) စောင့်ထိန်းမှု သီလ ရှိရမည်။
(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ။
(၄) ကံကိုသာ ယုံကြည်သူ ဖြစ်ရမည်။
(၅) သာသနာတော် ပြင်ပကိုးကွယ်မှုကို မရှာမှီးရ။ တို့ပဲဖြစ်တယ်။

ယုံကြည်မှုသဒ္ဒါတရားဆိုတာက ဗုဒ္ဓ၊ ဓမ္မ၊ သံဃ တို့အပေါ်မှာအပြည့်အ၀ယုံကြည်သူကိုဆိုလိုတယ်။
စောင့်ထိန်းမှု သီလဆိုတာကတော့ ဗုဒ္ဓဘာသာကသတ်မှတ်ထားတဲ့ ကိုယ်ကျင့်သီလကို စောင့်ထိန်းသူဖြစ်ရမယ်။(ငါးပါး၊ ရှစ်ပါး၊ ၁၀ပါး)စသဖြင့်ပေါ့။
ကောတုဟလမင်္ဂလာဆိုတာ ရက်ရာဇာ၊ ပြဿဒါး၊ နေကြတ်၊ လကြတ်၊ စတဲ့စိတ်ကူးယဉ်အတွေးတွေနဲ့ ယုံကြည်နေကြတာကို ဆိုလိုတယ်။
ကံကိုသာယုံကြည်ခြင်းဆိုတာကတော့ ဒသ၀တ္ထုက ကမ္မဿကတာ သမ္မာဒိဋ္ဌိအမြင်နဲ့ ပြည့်စုံရမယ်။ မိမိရဲ့ကံနဲ့ ကံရဲ့အကျိုးဆက်ကိုသာ ယုံကြည်ရမယ်။ အခြားယုံကြည်မှုများကို မယုံကြည်ရလို့ ဆိုလိုတယ်။
သာသနာတော်မှအပဖြစ်တဲ့ ကိုးကွယ်မှုတွေ၊ သာသနာ့ပြင်ပက အလှူခံပုဂ္ဂိုလ်တွေကို ရှာဖွေပြီး မဆည်းကပ်ရဘူး။ နတ်၊ သကြား၊ ဗြဟ္မာ၊ ဂြိုလ်နတ်၊ ထွက်ရပ်ပေါက်၊ ဘိုးတော်၊ မယ်တော်၊ ၀ိဇ္ဇာ စတဲ့ သာသနာ့ပြင်ပကိုးကွယ်မှုတွေကို ရှောင်ရမယ်လို့ ဆိုလိုတာဖြစ်တယ်။

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ အထက်က မူ-၅ချက်နဲ့ ကိုက်ညီအောင် မနေနိုင်သေးဘူး ဆိုရင်တော့ ဗုဒ္ဓအလိုကျ ဂုဏ်မြောက်တဲ့ ဥပသကာ(ယောင်္ကျား)၊ ဥပါသိကာ(မိန်းမ) အစစ်ဖြစ်ပြီလို့ ပြောလို့မရသေးတာ သေချာတယ်။

မြတ်ဗုဒ္ဓက ဘာသာအယူဝါဒတစ်ခုကို ကိုးကွယ်ဆည်းကပ်တော့မယ်ဆိုရင် စံပြုစရာ ဒေသနာတစ်ပုဒ်ကိုလည်း ကာလမသုတ်မှာ ဟောတော်မူခဲ့တယ်။
ဗုဒ္ဓဘုရားလက်ထက်က ဘာသာဝါဒကို ထူထောင်နေကြတဲ့ ဂိုဏ်းဆရာကြီးတွေ အတော်များများ ပေါ်ပေါက်နေတယ်။ ဒီဆရာကြီးတွေက သူတို့ရဲ့တရားသာ အမှန်ဖြစ်တယ်ဆိုပြီး ကြွေးကြော်အော်ဟစ် ဟောာပြောနေကြတယ်။ အိန္ဒိယပြည်သူတွေအနေနဲ့ ၀ါဒတွေကြားမှာ ဗျာများနေရသူတွေလည်းရှိနေတယ်။ ဘယ်ဝါဒက မှန်တယ်/မှားတယ်ဆိုတာကို ဝေခွဲမရဖြစ်နေကြရတယ်။ အဲ့ဒီအထဲမှာ ကေသမုတ္တနိဂုံးရွာသား ကာလာမမင်းသားတို့လည်း ပါဝင်တယ်။ ဒီတော့ကာလမမင်းသားတို့က မြတ်စွာဘုရားရှင်ကို “ မြတ်စွာဘုရား၊ ကေသမုတ္တနိဂုံးရွာသို့ ရောက်ရှိလာကြသည့် ရဟန်း၊ ပုဏ္ဏား၊ ဂိုဏ်းဆရာများက မိမိတို့၏ အယူဝါဒသာမှန်သည်။ အခြားအယူဝါဒများ မှားသည်ဟု ရှုတ်ချကဲ့ရဲ့ပြီး ပြောဆိုကြပါသည်။ တပည့်တော်တို့မှာ ဘယ်အယူဝါဒက အမှန်ဖြစ်သည်ဟု မဝေခွဲနိုင်အောင် ဖြစ်နေရပါသည်။ အယူဝါဒတွေအပေါ်မှာ သံသယဖြစ်နေရပါသည်ဘုရား၊ ၀ါဒမှန်ရမည့်နည်းလမ်းကို ဟောပြတော်မူပါဘုရား။ ” လို့လျှောက်ထားတယ်။ ဒီအခါ ဗုဒ္ဓဘုရားရှင်က အယူဝါဒရေးရာနဲ့ပတ်သက်ပြီး စံထားစရာ ဒေသနာ၁၀- ချက်ကို ဟောပြတော်မူတယ်။

“ အို-ကာလာမမင်းသားတို့၊ သင်တို့သည် အယူဝါဒတစ်ရပ်ကို …
(၁) တစ်ဆင့်စကား ကြားရုံဖြင့်လည်း လက်မခံကြနှင့်၊
(၂) ဘေးဘိုးစဉ်လာ အယူဝါဒဖြစ်၍လည်း လက်မခံကြနှင့်၊
(၃) ‘ဒီအရာက ဒီလိုဖြစ်သတဲ့’ ဟူသော ကောလာဟလစကားကိုလည်း လက်မခံကြနှင့်၊
(၄) မိမိတို့ လေ့လာထားသော ကျမ်းစာနှင့် ညီညွတ်သည်ဟူ၍လည်း လက်မခံကြနှင့်၊
(၅) မိမိတို့ တွေးခေါ်ကြံဆမှုနှင့် ကိုက်ညီရုံမျှဖြစ်လည်း လက်မခံကြနှင့်၊
(၆) ‘ဒီအရာက ယုတ်တ္တိရှိသည်’ဟု နည်းမှီထောက်ဆ၍ ရရုံမျှဖြင့်လည်း လက်မခံကြနှင့်၊
(၇) ‘ဒီအရာဟာ မှန်ကန်ပြီ’ဟု မိမိဘာသာ ဆင်ခြင်သုံးသပ်၍ ရရုံမျှဖြင့်လည်း လက်မခံကြနှင့်၊
(၈) မိမိတို့ စဉ်းစားတွေးကြံ လက်ခံထားသော အယူဝါဒနှင့် ကိုက်ညီပြီဟူ၍လည်း လက်မခံကြနှင့်၊
(၉) မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်ကြီးက ပြောသောစကားဖြစ်၍လည်း လက်မခံကြနှင့်၊
(၁၀) မိမိတို့ လေးစားသော ဆရာသမား၏ စကားဖြစ်၍လည်း လက်မခံကြနှင့်။ ”
ဆိုပြီးညွှန်ပြတော်မူတယ်။

ဒီအချက်တွေကို ထောက်ရှုခြင်းအားဖြင့် ဗုဒ္ဓဘုရားက လူမှုအကျိုးတရားကို ဖော်ဆောင်နိုင်မဲ့ သစ္စာဝါဒကိုရရှိဖို့အတွက် ဥာဏချိန်ခွင်မှာတင်ပြီး ဆုံးဖြတ်ခိုင်းထားတာဖြစ်တယ်။ ဗုဒ္ဓဘုရားက ကိုယ်တိုင် လက်တွေ့စမ်းသပ်ရမဲ့ ဒေသနာဓမ္မကိုလည်း ဆက်ပြီးဟောပြတော်မူတယ်။
“ အို…ကာလာမမင်းသားတို့၊ သင်တို့သည် ‘ ဒီတရားကမကောင်းမှုအကုသိုလ်တရားပဲ၊ ဒီတရားက အပြစ်ရှိတဲ့ တရားဖြစ်တယ်၊ ပညာရှိတို့ကဲ့ရဲ့အပ်တဲ့တရားဖြစ်တယ်။ ဒီတရားကိုကျင့်သုံးရင် အကျိုးမဲ့ဖြစ်မယ်၊ ဆင်းရဲဒုက္ခရောက်စေမယ်’ ဟု သင်တို့ကိုယ်တိုင် သိရှိလာမည်ဆိုလျှင် ထိုတရားကိုဖယ်ရှားကြရမည်။ ”
“ သင်တို့ကိုယ်တိုင် ဤအရာသည်ကုသိုလ်ဖြစ်၏။ ကောင်း၏။ မိမိကိုသော်လည်း၊ သူတစ်ပါးကိုသော် လည်းကောင်း အကျင့်သီလ တိုးတက်ဖွံ့ဖြိုးခြင်းငှာဖြစ်၏။ အကျိုးစီးပွားဖြစ်၏။ ဆင်ခြင်တုံတရားနှင့်လည်း ကိုက်ညီ၏။ ပညာရှိတို့ ချီးမွမ်းခြင်းငှာလည်းဖြစ်၏။ ထိုသို့ဖြစ်မူကား ထိုအရာကိုသာ အမှန်လို့လက်ခံရမယ်လို့ ညွှန်ပြတော်မူခဲ့တယ်။ ”
ဒီတရားတွေအရ ဗုဒ္ဓ၀ါဒဆိုတာ ဆင်ခြင်တုံတရားပဓာန၀ါဒဖြစ်တယ်၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို လွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀၀ကျော် ကတည်းက ကျင့်သုံးခဲ့တယ်ဆိုတာ ထင်ရှားတယ်။ လွတ်လပ်တဲ့ ဘာသာ လည်းဖြစ်တယ်။
ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်တွေ၊ ဗုဒ္ဒလမ်းစဉ်ကိုမပြောခင် ဗုဒ္ဓဘာသာရဲ့ လွတ်လပ်ခွင့် သဘောတရားတွေကိုလည်း သိထားသင့်သေးတယ်။

ဗုဒ္ဓဘာသာက ဘယ်သူ့ကိုမှ တခြားဘာသာတွေမှာ ဟောကြားထားတဲ့ တရားတွေကို မလေ့လာရဘူးလို့ မတားဆီးဘူး။ မတားရုံတင်မက မြတ်ဗုဒ္ဓက တခြားဘာသာတွေရဲ့ သင်ကြားချက်တွေ ဒေသနာတွေကို လေ့လာပြီး သူ့ဘာသာမှာဟောကြားထားတဲ့ တရားတွေနဲ့ နှိုင်းယှဉ်လေ့လာပါလို့တောင် အားပေးပါသေးတယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားက တခြားဘာသာစာပေထဲမှာ ယုတ္တိရှိတဲ့တရားတွေ ပညာပါတဲ့ သင်ကြားချက်တွေပါလို့ရှိရင် အဲ့ဒီတရားတွေကို ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ လွတ်လပ်စွာ လေ့လာဆည်းပူး နိုင်တယ်လို့ ဟောတော်မူပါတယ်။
ဗုဒ္ဓရှင်တော်မြတ်ဘုရားက ဘာသာရေးဟာ လူတစ်ယောက်ရဲ့ လွတ်လပ်စွာ ရွေးချင်ပိုင်ခွင့်အပေါ်မှာ တည်ရှိစေရမယ်လို့ သဘောထားတော်မူတယ်။ ဘာသာရေးဟာ အစိုးရမင်းများချမှတ်တဲ့ ဥပဒေမဟုတ်ဘူး။ ဒါက ဥာဏ်ပညာနဲ့တိုင်းထွာပြီးမှ လက်ခံနိုင်တဲ့ ကိုယ်ကျင့်သီလ စည်းကမ်းနည်းလမ်းတွေပဲ ဖြစ်တယ်လို့ ယူဆတော်မူတယ်။ ဗုဒ္ဓဘာသာဝင်များအတွက်မှာတော့ ဘာသာရေးမူဝါဒ သဘောထားတွေ စည်းမျဉ်း စည်းကမ်းတွေဟာ ထာဝရဘုရားဆီကကျလာတဲ့ ကောင်းကင်ကျတရားတွေလည်းမဟုတ်။ လူတွေလုပ်ထားတဲ့ တရားဥပဒေတွေလည်းမဟုတ်ကြဘူး။ ဒါက သဘာဝဥပဒေသတွေ လောက၀ဇ္ဇတရားတွေပဲ ဖြစ်တယ်။
ဗုဒ္ဓဘာသာဝင်တွေဟာ တခြားဘာသာဝင်တွေကို လောကီစည်းစိမ်ချမ်းသာတွေကို ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိမိတို့ဘာသာထဲကိုဝင်လာအောင် ဘယ်တော့မှမလုပ်ပါဘူး။ ဆင်းရဲတာတို့၊ နာမကျန်း ဖြစ်တာတို့၊ စာမတတ်တာတို့၊ မသိနားမလည်တာတို့ကို အမြတ်ထုတ်ခေါင်းပုံဖြတ်ပြီး ဗုဒ္ဓဘာဝင်လူဦးရေ တိုးပွားလာအောင်လည်း ဗုဒ္ဓဘာသာဝင်တွေဟာ ဘယ်တော့မှမလုပ်ဘူး။ ဗုဒ္ဓရှင်တော်မြတ်ဘုရားက သူ့ထံမှာ ဥပသကာအဖြစ် ခံယူချင်တဲ့ အရိပ်အရောင်ပြလာတဲ့လူကို တွေ့ရင်တောင်မှ မိမိရဲ့ဒေသနာတော်တွေကို အရင်စလို လက်ခံခြင်းမပြုဖို့ ဆုံးမတော်မူတယ်။ ဒီလူတွေကို မြတ်ဗုဒ္ဓက ဂရုတစိုက်စဉ်းစားကြဖို့ အချိန်ပေးတယ်။ ပြီးမှ ဒီဘာသာကိုကိုးကွယ်လို့ လက်တွေ့အကျိုးရှိ /မရှိကို ဆုံးဖြတ်ဖို့ခိုင်းတော်မူတယ်။
ဗုဒ္ဓဘာသာက အပြင်ပန်းအားဖြင့် ပူဇော်သက္ကာရတို့ ဗုဒ္ဓဘာသာဝင်ပါလို့ ပါးစပ်ပြောခံယူတာတို့ဟာ မဂ်ဥာဏ်ဖိုလ်ဥာဏ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးကိစ္စမှာ လုံလောက်ခြင်းမရှိဘူးလို့ သဘောထားတယ်။ ဒီသဘောအရကြည့်ရင် ငါဗုဒ္ဓဘာသာဝင်ဖြစ်ပြီလို့ ပြောရုံသက်သက်ကဖြင့် ဘာမှအဓိပ္ပာယ်မရှိတာ ထင်ရှားတယ်။ ဗုဒ္ဓဘာသာဝင် အစစ်တစ်ယောက်အနေနဲ့ လူတွေက ကိုယ့်ကို ဗုဒ္ဓဘာသာဝင်လို့ ပြောတာ မပြောတာဟာ ဘာမှအရေးကြီးတဲ့ကိစ္စမဟုတ်ဘူး။ ဗုဒ္ဓဘာသာဝင်တိုင်းသိတာက ဗုဒ္ဓဘာသာဟာ နာမည်ခံတာမဟုတ်ဘဲ ပွားများအားထုတ်ခြင်းအားဖြင့်သာ သစ္စာဥာဏ်ရှိပြီး ဘုရားဟောတဲ့ နိဗ္ဗာန်ပန်းတိုင်ကို ရောက်နိုင်တယ်ဆိုတာပဲ ဖြစ်တယ်။ လွတ်လပ်ခွင့်ရှိတဲ့သဘောပြောရင်းနဲ့ တခါတည်း သစ္စာလေးပါး ရောက်သွားတော့မယ်၊ ခဏထားဦး အစပြန်ကောက်ကြဦးစို့။
ကောင်းပြီ, ရှေ့မှာပြောခဲ့တဲ့ ကာလာမဒေသနာအရဆိုရင် ကောင်းမှု/မကောင်းမှုသဘောကိုလည်း ခွဲခြားနားလည်ထားရလိမ့်မယ်။ မြတ်ဗုဒ္ဓက “သုစရိုက်တရား၁၀ပါးနဲ့ ဒုစရိုက်တရား၁၀ပါး” ကို ဟောဖော်ညွှန်ပြခဲ့တယ်။ ဒီအကြောင်း ရှေ့အပတ်မှဆက်ကြရအောင်၊ ဒီတပတ်တော့နားကြဦးစို့။ ။

၂၀၁၀ခုနှစ်၊ ဇူလိုင်လ(၂၈)ရက်၊ နံနက် ၁၁နာရီ၃၅မိနစ်။

No comments: