Thursday, September 16, 2010

မယူရဘူး ၊ မပူရဘူး ၊ မိဂျင်နီ

ပြောရဦးမယ် မိဂျင်နီ
မိဂျင်နီ ၊ မကြာခင် မိဂျင်နီတို့ ကိုရီးယားလာကြမယ်ဆိုတာ သိရလို့ ၊ အစ်ကိုကြီး ဝမ်းသာစွာနှင့် စောင့်မျှော်နေတယ် မိဂျင်နီ ။ ညီမလေး မိဂျင်နီ ကိုရီးယားရောက်လာတဲ့အခါ မယူသင့်မယူထိုက်တာတွေ မယူမိစေဖို့နှင့် မပူသင့်မပူထိုက်တာတွေ မပူရစေဖို့ အစ်ကိုကြီး ဒီစာကို ရေးလိုက်ရတာပါ မိဂျင်နီ ။
စကားမစပ် ပြောရဦးမယ် မိဂျင်နီရေ ။ အစ်ကိုကြီး ကိုရီးယားရောက်လာတုန်းက ၊ ကိုရီးယားနိုင်ငံရဲ့ အဓိက နိုင်ငံတကာလေဆိပ်က ကင်ပိုအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး (Kimp’o International Airport) ပါ မိဂျင်နီ ။ အခုမိဂျင်နီတို့ ဆင်းလာကြမယ့် လေဆိပ်ကြီးက ဆောက်လုပ်ဆဲပဲရှိသေး ၊ မဖွင့်သေးပါဘူး ။
ကင်ပို(Kimp’o) လေဆိပ် ရောက်ရောက်ချင်းပဲ ၊ အင်ချွန်း(Incho’n) မှာ နေတဲ့ အသိတစ်ယောက်က လာကြိုပေးပါတယ် ။ အစ်ကိုကြီးက ကျောင်းသားဗီဇာနှင့် ဝင်လာတာပါ ။ နေ့ဖက်ကို ကျောင်းတက်ပြီး ၊ ညဖက် အလုပ်လုပ်မယ်ဆိုပြီး ရည်ရွယ်ထားတာပေါ့ ။ ဒါနှင့် ညဆိုင်းချည်းပဲ လုပ်လို့ရမယ့် အလုပ်တွေ လိုက်ရှာပါတယ် ။ သူငယ်ချင်းရဲ့ အကူအညီနှင့်ပေါ့ ။
ယူဂျောင်ဘူမှာ သွားဗျူးခဲ့သေး
အဲဒီတုန်းက ယူဂျွန်ဘူလို့မြန်မာတွေနှုတ်ကျိုးနေတဲ့ ယူဂျောင်ဘူ(Euijeongbu)မှာ အလုပ်တစ်ခု ပေါ်ပါတယ် ။ အလုပ်သွားဗျူးခဲ့ပါတယ် ။ ယူဂျောင်ဘူမှာ ဆိုပေမယ့် ယူဂျောင်ဘူကနေ ဆက်သွားရတာအဝေးကြီး ၊ ခြေအိတ်စက်ရုံပါ ။ အလုပ်က သက်သာပါရဲ့ ။ ဒါပေမယ့် ခက်တာက တက်ရမယ့်ကျောင်းက ဆိုးလ်ထဲမှာ ဆိုတော့ ၊ မဖြစ်ပြန်ဘူး ။ အသွားအပြန် ကားပေါ်မှာတင် တစ်နေ့ ၄ နာရီလောက် အချိန်ကုန်မယ့် သဘော ။
ပူချွန်းမှာ လုပ်အားပေး ၂ ရက်
အဲဒီအချိန်မှာပဲ ။ ပူချွန်း(Puchon)က သူငယ်ချင်းတစ်ယောက်ဆီက သတင်းရတယ် ။ မြန်မာ (အို) တစ်ယောက် အဖမ်းခံသွားရလို့တဲ့ ။ ပလပ်စတစ် အင်ဂျက်ရှင် ။ ညဆိုင်းချည်းပဲလုပ်ရမှာတဲ့ ။ ဒါနှင့် ကိုယ်ကတော့ သွားမကြည့်ပါဘူး ။ ပူချွန်းဆိုတာ ၊ ကိုယ်တက်မယ့် ကျောင်းနှင့် ဘယ်လောက်ဝေးသလဲပဲလို့ အရင်စုံစမ်းကြည့်လိုက်ပါတယ် ။ ယူဂျောင်ဘူ နှင့် စာရင်တော့ သိတ်မဝေးတဲ့နေရာပါ ။ အဲဒီမှာ ဝင်လုပ်ဖြစ် ပါတယ် ။ နောက်တော့ ကျောင်းမှာ တွေ့ကြတဲ့ သူငယ်ချင်းရဲ့ အကူအညီနှင့် ကုရို (Kuro)မှာ အလုပ်ဝင်ဖြစ်ခဲ့ပါတယ် ။ ပူချွန်း(Puchon) မှာတော့ ၂ ရက်ပဲဆင်းပြီး ၊ လစာမယူပဲ ထွက်ခဲ့ပါတယ် ။
ကုရိုမှာ မြဲနေခဲ့တယ်
အဲဒီအချိန်က စပြီး ၊ အစ်ကိုကြီး ကုရို(Kuro)မှာ မြဲနေတော့တာပါပဲ ။ အစ်ကိုကြီးရဲ့ စက်ရုံရွှေခံက ပူဆန် (Pusan) သင်္ဘောဆိပ်က ခုန်ဆင်းလာတဲ့ သင်္ဘောသားတစ်ဦးပေါ့ ။ ကိုယ်တို့ကတော့ သင်္ဘောသီးကြီး ဆိုပြီး ၊ နာမည်ပြောင်ပေးထားကြတယ် ။ သူကိုရီးယားရောက်ရောက်ချင်း တေဂူးမြို့ (Taegu) မှာ ၆ လလောက် ၊ တေဂျွန်မြို့ (Taejon) မှာ ၂ လလောက် လုပ်လာသေးတယ်တဲ့ ။ သိပ်သဘောကောင်းတဲ့ လူကြီးပါ ။
ဆိုင်းဘုတ်တွေ ပြင်ကြပြီ
အဲ ။ ဒီလိုနှင့် ၂၀၀၀ ပြည့်နှစ် နှစ်ကုန်ပိုင်းလောက်ရောက်တော့ ၊ ကားလမ်း လမ်းညွှန်ဆိုင်းဘုတ်တွေ ၊ မြေအောက်ရထား ဘူတာဆိုင်းဘုတ်တွေ နာမည်ပြောင်းတာ သတိထားမိပါတယ် ။ ကျောင်းမှာ ဆရာမကို မေးကြည့်တော့ လက်ရှိသုံးနေတဲ့ ကိုရီးယားသုံး အင်္ဂလိပ်စာ (KorngLish) က အသံထွက်သင်္ကေတ (diacritics) တွေ ၊ အပိုစထရော်ဖီ (apostrophes) တွေ သုံးနေရတဲ့အကြောင်း ၊ အဓိကအားဖြင့် အခုပြင်ဆင်လိုက်တာတွေက ဂ (g), ခ (k) နှင့် က (kk) ၊ ဒ (d), ထ (t) နှင့် တ(tt) ၊ ဘ (b), ဖ (p) နှင့် ပ (pp) ၊ ဗျည်းများ ၊ အော (eo) သရ ၊ အု (u) သရ နှင့် အု (eu) (သွားစိပြီးဆိုရ) သရတို့ဖြစ်ကြောင်း အဲတာတွေကို ပြင်ဆင်တာဖြစ်ကြောင်း အကြမ်းဖြင်းရှင်းပြပါတယ် ။

၅-နှစ်ကြာ သုတေသနပြုခဲ့ကြသတဲ့
နောက်မှ ကိုယ့်အစီအစဉ်နှင့်ကိုယ်လေ့လာ သိရတာက ၊ ကိုရီးယားအစိုးရက အဲဒါတွေ လိုက်ပြောင်းတာ အမေရိကန်ဒေါ်လာ သန်း ၂၀ (US$ 20 million) ကုန်ခဲ့သတဲ့ ။ ဆိုင်းဘုတ်တွေ စရိတ်လို့ဆိုရမှာပေါ့လေ ။
အင်တာနက် သတင်းများအရသိရတာတွေကတော့ ၊ အဲဒီ၂၀၀၀ ပြည့်နှစ်မှာ ပြင်ဆင်လိုက်တာကို ကိုရီးယားဘာသာ ရောမသင်္ကေတ အသုံးစနစ်ပြန်လည်ပြင်ဆင်ခြင်း (Revised Romanization of Korean) လို့ ခေါ်သတဲ့ ။ ကိုရီးယားဘာသာ အမျိုးသားတက္ကသိုလ် (The National Academy of the Korean Language) က ၁၉၉၅ခုနှစ်ကစပြီး ၅ နှစ်ကြာ သုတေသနပြုပြီး ၊ ၂၀၀၀ ပြည့် ဇူလိုင်လ ၇ ရက်နေ့ရောက်မှ ကိုရီးယား ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန (Ministry of Culture and Tourism) က အမိန့်ကြော်ငြာစာအမှတ် ၂၀၀၀-၈ (Proclamation No. 2000-8) ထုတ်ပြန်ပြီး ပြဋ္ဌာန်းခဲ့တာ ။

ကုမ္ပဏီ အမည်ဟောင်းတွေ နေမြဲ
ပုဂ္ဂလိကအမည်တွေ ၊ ကုမ္ပဏီနာမည်တွေကလွဲပြီး ၊ ရပ်ကွက် ၊ မြို့ ၊ ခရိုင် ၊ ပြည်နယ် ၊ တိုင်း ၊ မြို့တော်အမည်တွေ အားလုံး အဲဒီပြဋ္ဌာန်းချက်အတိုင်း ရေးခဲ့ကြရသတဲ့ ။ ကျောင်းသုံးစာအုပ်တွေကိုတော့ ၂၀၀၂ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ရောက်မှ တရားဝင်ပြဋ္ဌာန်းခဲ့သတဲ့ ။ ကိုရီးယားနိုင်ငံက အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ သတင်းစာတွေကတော့ အစိုးရရဲ့ ကြေငြာချက်ကို အမျိုးမျိုးဝေဖန်ပြီး အန်တုခဲ့ကြသတဲ့ ။ နောက်ဆုံး ကိုရီးယားတိုင်း (The Korea Times) သတင်းစာကြီးကတော့ ၂၀၀၆ခုနှစ် မေလ ရောက်မှ ကိုရီးယားအစိုးရရဲ့ ရိုမင်အက္ခရာပြင်ဆင်ရေး (Revised Romanization) မူအတိုင်း လိုက်နာ ရေးသားလာခဲ့သတဲ့ဗျ ။

အရင်တုန်းက အမျိုးမျိုးရေးခဲ့ကြ
ကိုရီးယားတွေဟာ အင်္ဂလိပ်ဘာသာ အသံဖလှယ်ရေးစနစ်ကို ၁၉၃၃ ခုနှစ်မှစပြီး အမျိုးမျိုး သုံးလာခဲ့ကြသတဲ့ ၊ နောက်ဆုံး ၁၉၈၄ မှ ၂၀၀၀ပြည့်နှစ်အထိ သုံးလာတဲ့စနစ်ကိုတော့ McCune-Reischauer system လို့ခေါ်သတဲ့ ။
အဲဒီတော့ အစ်ကိုကြီးတို့ ကိုရီးယားရောက် ရှေးမြန်မာတွေ နှုတ်ကျိုးပြီး (တကယ်တော့ ကျိုးတယ်ဆိုတာ အကောင်းဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါ) ပြောနေကြတဲ့ ကုရို (Kuro) ၊ ပူဆန်း (Puson) ၊ ကင်ပိုလေဆိပ် (Kimp’o Airport) ၊ ပူချွန်း (Puchon) ၊ ယူဂျောင်ဘူ (Euijeongbu) ၊ တေဂျွန် (T’aejon) ၊ တေဂူး (T’aegu) ၊ အင်ချွန်းလေဆိပ် (Inchon Airport) ဆိုတာတွေလည်း အရင်စာလုံးပေါင်း မဟုတ်တော့ဘဲ ၊ အခုလို ဖြစ်သွားတော့သတဲ့ -
ကုရို (Guro) ၊
ပူဆန်း (Busan) ၊
ကင်ပိုလေဆိပ် (Gimpo Airport) ၊
ပူချွန်း (Bucheon) ၊
ယူဂျောင်ဘူ (Uijeongbu) ၊
တေဂျွန် (Daejeon) ၊
တေဂူး (Daegu) ၊
အင်ချွန်းလေဆိပ် (Incheon Airport)

လိုက်လျောညီထွေ ပြောင်းချင်ကြတဲ့သူတွေ
ဒီလိုဆိုတော့ ၊ ကိုရီးယား အမည်နှင့် အခေါ်အဝေါ်များကို ခေတ်နှင့်အညီပြောင်းလဲသွားတဲ့ အင်္ဂလိပ်စာလုံးပေါင်းများအရ လိုက်ပြောင်းပြီး ပြောကြ ရေးကြတဲ့ မြန်မာအချို့ ရှိလာကြပါတယ် ။ ဒီလိုမျိုးပေါ့ -
ကုရို (Guro) ကို ဂုရို
ပူဆန်း (Busan) ကို ဘူဆန်း
ကင်ပိုလေဆိပ် (Gimpo Airport) ကို ဂင်ဖိုလေဆိပ်
ပူချွန်း (Bucheon) ကို ဘူချောန်း
ယူဂျောင်ဘူ (Uijeongbu) ကို အွိဂျောင်ဘု
တေဂျွန် (Daejeon) ကို ဒေဂျောန်း
တေဂူး (Daegu) ကို ဒေဂူး
အင်ချွန်းလေဆိပ် (Incheon Airport) ကို အင်ချောန်းလေဆိပ်
အထူးသဖြင့်ကတော့ ကိုရီးယားဘာသာကို နားလည်ကြတဲ့ မြန်မာလူငယ်တွေအဖို့ ပြဿနာမရှိပေမယ့် ၊ အင်္ဂလိပ်ဘာသာကိုသာ အခြေပြုပြီး ကိုရီးယား အခေါ်အဝေါ်တွေကို ဖတ်ကြရေးကြတဲ့ မြန်မာတွေအဖို့ မှာတော့ ကိုရီးယားတိုင်း သတင်းစာကြီးက ကိုရီးယားအစိုးရကို အာခံခဲ့သလိုမျိုး ဖြစ်နေတာကို လေ့လာသိရှိရတယ် ။

ရေးထုံးမရှိဘူးလို့ ငြင်းးချင်ကြသလား
ညီမလေး အနေနှင့် ဂျောန်း တို့ ချောန်း တို့ကို ဖတ်ရခက်ချင် ခက်နေလိမ့်မယ် ။ သူ့ဖတ်နည်းက ဒီလိုပါ ။ ညီမလေး ငယ်ငယ်တုန်းက ကျူရှင် ပြန်လာပြီး စာကျက်တော့ Bear, Bore , Born ဆိုပြီး ကျက်တာကို မှတ်မိသေးတယ်မဟုတ်လား ။ အဲဒီ Born နေရာမှာ J ထည့်လိုက်တော့ Jorn (Jeon) ဖြစ်သွားပြီး Ch ထည့်လိုက်တော့ Chorn (Cheon) ဖြစ်ရော့ပေါ့ ။ မြန်မာတော်တော်များများက အဲဒီလိုရေးဖို့ ဝန်လေးနေကြပါတယ် ။ မြန်မာရေးထုံး မရှိဘူးဆိုပြီး ငြင်းချင်ကြတဲ့သဘောပေါ့ ။ မြန်မာရေးထုံးမရှိမဟုတ် ရှိပါတယ် ။ ပါဠိဘာသာသုံး မြန်မာစာမှာရှိပါတယ် ။ အဝေရာဟောန္တု ဆိုတာလေ ၊ ဖြန့်ပြီးရေးတော့ အဝေရာဟောန်တုပေါ့ ။ ဖတ်ထုံးကတော့ ဟွန်းတုပေါ့ ။ ဒါက ပါဠိသုံးလေ ။

မြန်မာအက္ခရာ အလုံအလောက်ရှိနေ
အခုခေတ်မှာ မြန်မာစာဟာ မြန်မာ နှင့် ပါဠိ နှစ်ဘာသာကို ကိုယ်စားပြုရေးနိုင်ရုံနှင့် လုံလောက်တဲ့ ခေတ်မဟုတ်တော့ဘူး ညီမလေး ။ နိုင်ငံတကာနှင့် ကူးလူးဆက်ဆံ ရေးသားပြောဆိုနေရတဲ့ ခေတ်ရောက်နေပြီလေ ။ ကမ္ဘာ့ မိသားစုဝင်ဘာသာစကားများကို မြန်မာစာနှင့် ကိုယ်စားပြုရေးနိုင်စွမ်းရှိပါတယ် ဆိုတာပြဖို့လိုလာပြီ မဟုတ်လား ။ မြန်မာစာမှာ အဲသလို ရေးနိုင်စွမ်းရှိတဲ့ ဗျည်း ၊ အက္ခရာ အစုံအလင်ရှိနေပါရက်နှင့် ဟိုးအရင် နှစ်ပေါင်း ရာထောင်ချီပြီး ကြာလာပြီဖြစ်တဲ့ ပညာရှင်အချို့ ကန့်သတ်ထားတယ်လို့ ထင်တဲ့ ဘောင်အတွင်း ပိတ်လှောင်ထားသလိုမျိုး ၊ ကိုယ့်အစီအစဉ် နှင့် ကိုယ် မွမ်းကျပ်နေဖို့ မလိုတော့ဘူးလို့ အစ်ကိုကြီးထင်တယ် ။ ရှေးခေတ် ပညာရှိတွေကို စော်ကားခြင်း ၊ တော်လှန်ခြင်း ယှဉ်ပြိုင်ခြင်း သဘော မဟုတ်ပါဘူး ။

အသစ်တွေနှင့် အားဖြည့်ကြရအောင်
နှောင်းခေတ် လူငယ်တွေက ရှေးခေတ်လူတွေရဲ့ တီထွင်မှုကို ချဲ့ထွင် ၊ အားဖြည့်နေသင့်တယ်လို့ အစ်ကိုကြီး ထင်တယ် ။ မြန်မာစကား ရော ၊ မြန်မာစာပါ နိုင်ငံတကာသုံး ဘာသာစားများနှင့်ထပ်တူ လိုက်လျောညီထွေ ၊ စည်ပင် ဖွံ့ဖြိုး နေသင့်တယ်လို့ ၊ အစ်ကိုကြီး ထင်တယ် ။ စည်ပင်ဖွံ့ဖြိုးလာခြင်းနှင့် ရှုပ်ထွေးခြင်းကို သပ်သပ်စီခွဲခြားမြင်သင့်တယ်လို့ ကိုကြီးပြောချင်တယ် ။

ဤဟာဤ ကျွဲဟာကျွဲ
ဘယ်သူတွေ ဘာပဲပြောပြော အစ်ကိုကြီးကတော့ “ အများညီညီ မညီညီ ၊ ဤဟာဤ ကျွဲဟာကျွဲ” ဆိုတဲ့ စကားပုံအတိုင်း “ဟောန် ဟာ ဟောန် ၊ ဟွန်း ဟာဟွန်း” ၊ “ချောန်ဟာချောန် ချွန်းဟာ ချွန်း” လို့ပဲ ဆိုချင်ပါတယ် ။ ယဉ်ကျေးမှုဆိုတာ အသေမဟုတ်ဘူး ။ ခေတ်စနစ်နှင့် အညီ လိုက်လျောညီထွေ ပြောင်းလဲနေတဲ့ အရာသာဖြစ်တယ် လို့ မှတ်သားရဖူးပါတယ် ။ ခေတ် လူနေမှုစနစ်မှာ အံမဝင်တဲ့ ယဉ်ကျေးမှု ၊ ခေတ်နှင့်အညီ မလိုက်နိုင်တဲ့ ယဉ်ကျေးမှုဟာ ပြတ်ကျန်နေလိမ့်မယ်လို့ အစ်ကိုကြီး ယုံကြည်တယ် ။
ညီမလေးရဲ့ အက ကို အစ်ကိုကြီး ကြိုက်တယ် ။ မြန်မာလူကြီးအချို့က မြန်မာအကလည်းမဟုတ် ၊ အနောက်တိုင်းအကလည်း မဟုတ်ဆိုပြီး ဝေဖန်သံတွေကိုတော့ ကြားမိပါရဲ့ ။ ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးကတော့ ညီမလေးရဲ့ အကတွေဟာ ခေတ်မီတဲ့ အကလို့ မြင်ပါတယ် ။

ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်စကား ကိုယ်ပိုင်စာ ဆိုတာရှိလို့လား
ယဉ်ကျေးမှုဆိုရာမှာ ကိုယ်ပိုင် မရှိဘူးတဲ့ ။ စာပေလည်း အပါအဝင်ပေါ့ ။ အင်္ဂလိပ်တွေက မြန်မာစကား မြန်မာစာကို ကြိုက်တော့ ယူရေးကြလိမ့်မပေါ့ ။ မြန်မာအပိုင်ပါ ယူမရေးပါနှင့်လို့ ဘယ်တားလို့ရလိမ့်မလဲနော် ။ အင်္ဂလိပ်တွေဟာကို တို့ မြန်မာတွေ ကြိုက်တော့ရော ယူလိုက်ကြတာပဲ မဟုတ်လား ။ ဘတ်စ် ကား တို့ ၊ ရေဒီယိုတို့လိုမျိုးပေါ့ ။ ကိုရီးယားတွေကတော့ ဘော့စု ၊ ရာဒီအို လို့ ဆိုကြလေရဲ့ ။

နားလည်ပေးပါ
ပြောရင်း ၊ ဘယ်ရောက်ကုန်မှန်း မသိတော့ပါဘူး ။
အဓိက အစ်ကိုကြီး ပြောချင်တာကတော့ ၊ ညီမလေး ကိုရီးယားရောက်လာရင် ၊ ညီမလေးနှင့် မိတ်ဆက်ဖို့ လာကြတဲ့ သူတွေ အများကြီး ရှိပါလိမ့်မယ် ။ ခုတောင် အစ်ကိုကြီးဆီ စာရင်းပေးထားသူတွေ တော်တော်ရှိနေပြီ ။ သူတို့ စကားပြောကြတဲ့အခါ ၊ အစ်ကိုကြီး ပြောခဲ့သလို ယူဂျောင်ဘူ ဘက်ကသူတွေလည်း ရှိမယ် ။ ပူချွန်း တို့ ပူဆန်းတို့ တေဂျွန်တို့ဖက်ကလူ တွေလည်းရှိမယ် ။ အဲသလိုလေသံမျိုးပြောလာရင် အော် ၊ သူတို့ပြောနေတဲ့ -
ယူဂျောင်ဘူ ဆိုတာကို အွိဂျောင်ဘူ (Uijeongbu) လို့ နားလည်ပေးပါ။
ပူဆန်းတို့ ၊ ပူချွန်းတို့ဆိုတာကို ဘူဆန် (Busan) ၊ ဘူချောန်း(Bucheon) ဆိုပြီး နားလည်ပေးပါ ။
တေဂျွန်းဆိုတာကိုတော့ ဒေဂျောန်း(Daejon) လို့ နားလည်ပေးပါ ။
အင်ချွန်း(Inchon) ဆိုတာ အင်ချောန်း (Incheon) နှင့် အတူတူပါပဲဆိုတာကိုနားလည်ပေးပါ ။
ညီမလေး မိဂျင်နီကိုယ်တိုင်ကတော့ ၊ ယူဂျောင်ဘူ လို့ ပြောဖို့လိုလာတဲ့အခါ အွိဂျောင်ဘူလို့ ပီပီသသပြောပါ ။ ယူလို့ မပြောမိပါစေနှင့် ၊ မယူမိစေနှင့် ပေါ့ ။ ပူချွန်းတို့ ပူစန်းတို့နှင့် ပတ်သက်ပြီး ပြောဖို့ဆိုဖို့ လိုလာတဲ့အခါ ဘူချောန်း ၊ ဘူဆန်း ဆိုပြီးပြောပါ ။ ပူလို့မပြောမိစေနှင့် ၊ မပူစေနှင့်ပေါ့ ။ ညီမတို့ သီချင်းဆိုရမယ့်နေရာက ဘူချောန်းမြို့ မှာရှိတာပါ ။

ယူချင်သလိုသာ ယူပါမေရေ
အခုအစ်ကိုကြီးက ညီမလေးကို တားဆီးနေတာ ၊ အမိန့်ပေးနေတာ မဟုတ်ပါဘူး ။ အဲဒီလို လုပ်ပိုင်ခွင့်လည်းအ စ်ကိုကြီးမှာမရှိပါဘူး ။ ဆိုင်သာဆိုင် မပိုင်တဲ့ အစ်ကိုကြီးပါ ။ ဒီတော့ ၊ ကိုကြီးရေ မီးကတော့ ယူမှဖြစ်မယ် ၊ ပူမှဖြစ်မယ် ဆိုလည်း ၊ မယ်မင်းကြီးမ သဘောတော်အတိုင်း ယူချင်သလိုသာ ယူ ၊ ပူချင်သလိုသာ ပူတော်မူပါ ။
ဘာဖြစ်လို့လည်း ဆိုတော့ ၊ ၂၀၀၀ ပြည့်နှစ်က အမေရိကန်ဒေါ်လာ သန်း ၂၀ အကုန်အကျခံပြီး ၊ ပြင်ထားတာတွေဟာ မဟန်သေးဘူးလို့ဆိုပြီး ၊ လီမြောင်ဘတ်အစိုးရက ကိုရီးယားသုံး အင်္ဂလိပ်စာလုံးများကို လာမယ့် ၂၀၁၁ ခုနှစ် မှာ ထပ်ပြင်ဦးမလို့တဲ့ ။ နိုင်ငံတကာမှာ လက်စောင်းထက်နေတဲ့ ကိုရီးယား စာရေးဆရာအချို့က ရေးသားနေတဲ့ ကိုရီးယားသုံးအင်္ဂလိပ်က တစ်မျိုးဖြစ်နေပြီး ၊ နိုင်ငံတကာက လက်ရှိအသုံးပြုနေတဲ့ ကိုရီးယားသုံး အင်္ဂလိပ်စာအပေါ် နားလည်မှုလွှဲနေကြတာဟာ နိုင်ငံတော်ရဲ့ နိုင်ငံတကာ ယှဉ်ပြိုင်စွမ်းအား (country's global competitiveness) ကို လျော့နည်းစေလို့ဖြစ်ပါသတဲ့ ညီမလေးရေ ။

ဆီဂျောင်းမဟုတ်ကြောင်းပြောပေးပါ
အော် ၊ စကားမစပ် ပြောစရာ ပေါ်လာလို့ ပြောလိုက်ရဦးမယ် ။ ပြည်တွင်းကထုတ်တဲ့ မီဒီယာတွေမှာ ၊ တည်ဆောက်နေဆဲ ကိုရီးယားနိုင်ငံမြို့တော် အသစ် Sejong ကို ဆီဂျောင်း ဆိုပြီး ရေးနေကြတာတွေ့တယ် ။ အဲဒီ ကိုရီးယားအသံ(စကား) အမှန်က ဆီဂျောင်း မဟုတ်ဘူး ၊ ဆယ်ဂျုံ ဖြစ်မှ အနီးစပ်ဆုံးမှန်တယ် ။ ညီမလေးတို့ တတ်နိုင်မယ်ဆိုရင် အဲဒီကိစ္စလေးလည်း အမှန်အတိုင်း ဖြစ်အောင်လုပ်ကြဦး ။ တော်ကြာ အဲဒီ ဆီဂျောင်းကြီး အတည်ဖြစ်သွားဦးမယ် ။ နောက်မှ လိုက်ပြင်ရတာ ခက်တတ်တယ် ။

စာလည်း အတော်ရှည်သွားပြီ ။ နားလိုက်ဦးမယ်။
၁၉ ရက်နေ့ အင်ချောန်းလေဆိပ်မှာ အစ်ကိုကြီး လာစောင့်နေမယ် ။ အဲဒီတော့မှ မမြင်ရတာကြာပြီဖြစ်တဲ့ ညီမလေးကို တဝကြီး ကြည့်ရဦးမယ် ။

အစ်ကိုကြီးပြောတာတွေ စိတ်ဝင်စားတယ်ဆိုရင်တော့ ၊ အောက်မှာ ဖော်ပြထားတဲ့ လိပ်စာတွေမှာ အသေးစိတ် ဆက်ပြီး လေ့လာလို့ရပါတယ် -

- http://en.wikipedia.org/wiki/Revised_Romanization_of_Korean
- http://en.wikipedia.org/wiki/Category:Korean_romanization
- http://www.koreatimes.co.kr/www/news/nation/2009/06/116_47389.html


ဘိုင့်ဘိုင်ပါ ။


1 comment:

ကိုကြီးပေါ် said...

အရေးရယ်ပြင်
ခေတ်မီအောင် သူတီထွင်သတဲ့
အောသံတွင် နငယ်သတ်ကို
အွန်းမှတ်လို့ ရွတ်ကြပါ။

ကောင်းပါပေ့ဗျာ
ဉာဏ်ဝိဇ္ဇာ သမ္ပယုတ်ရယ်နဲ့
မဟဂ္ဂုတ် စိတ္တုပ္ပါ-
သြ၀ါဒ ဆိုလေတိုင်း။

ကိုရီးယား တုတ်ချောင်းစာ
ရေးထုံးမှာ စာမြှောင်ကပ်လို့
အာအီအော် ယိုယူယဲမှာဖြင့်
ဂါနာဒါ ဗျည်းသတ်လို့ ရေးမတဲ့
ဖတ်စရာ ရေးနည်းသစ်ကိုလ
များသူငါ အသံ မထစ်ရအောင်
ညွှန်းစရာ အဘိဓာန် လှစ်ပါဦးကွဲ့
ခေတ်ရှေ့မီ မြန်မာစာ ရေးထုံးကြီးကို
ပုဒ်မပါ ကျုံး၍ အာဂုံဆောင်ဖို့
ခါးတောင်းမြှောင် ကျိုက်ကာ စောင့်မယ်ဗျ
ရေးပါ့ မောင်ဝိုင်း။