Sunday, September 19, 2010

အလုပ်ရှင်နှင့်အလုပ်သမား အလုပ်စာချုပ်သက်တမ်း အငြင်းပွါးသည့် ပြဿနာ

အဓိပ္ပါယ် မရှင်းလင်းတဲ့ စာချုပ်လေးကြည့်ပေးပါ
ညီငယ်တစ်ယောက်က သူ့အလုပ်စာချုပ်မိတ္တူ ပေးပို့ပြီး အကြံတောင်းခံလာပါတယ် ။ စာချုပ်သက်တမ်း ပြည့်မပြည့် သူ့သူဌေးနှင့် အငြင်းပွါးနေရလို့ပါတဲ့ ။ သူ့သူဌေးက စက်ရုံဝင်တဲ့နေ့မှ ၁ နှစ်ပြည့်မယ် ။ ၁ နှစ်ပြည့်မှ လုပ်သက်ဆုကြေးရမယ်လို့ ပြောနေတယ် ။ ပြည်ဝင်ရက်နှင့် အလုပ်ဝင်ရက်က ၁၂ ရက်ကွာနေတယ် ။ ဗီဇာသက်တမ်းပဲ ထပ်တိုးရမလား ။ ဗီဇာကုန်ရက်က ချူးဆောက်ပိတ်ရက်အတွင်းဖြစ်နေတယ် ။ ဗီဇာကြိုတိုးလို့ရမလား ။ နောက်ပြီး စာချုပ်မှာပါတဲ့ “ အလုပ်စာချုပ်မှ လစာငွေပေးသည့်နေ့အား ဆိုက်ရောက်နေ့အဖြစ် ပြောင်းလဲသတ်မှတ်ကာ ၊ အလုပ်စာချုပ်သက်တမ်းကာလအား ကိုရီးယားသို့ ဆိုက်ရောက်သည့်နေ့မှ စ၍ တစ်နှစ်ဖြစ်သည် ။” ဆိုတာ ကျနော် မရှင်းဘူး ။ လစာပေးတဲ့နေ့ဟာ ဆိုက်ရောက်နေ့အဖြစ်ပြောင်းရမယ်ဆိုရင် ၊ ကျနော်တို့ ဆိုက်ရောက်နေ့ဟာ ၁ နှစ်မပြည့်သေးတဲ့သဘော ဖြစ်နေတယ် ။ နောက် “အလုပ်စာချုပ်သက်တမ်းကာလအား ကိုရီးယားသို့ ဆိုက်ရောက်သည့်နေ့မှ စ၍ တစ်နှစ်ဖြစ်သည်” လို့လည်း ဆိုထားပြန်တော့ စာချုပ်က ဆိုက်ရောက်နေ့မှာ ၁ နှစ်ပြည့်ရမှာ မဟုတ်ဘူးလား ။ အဲဒါ ဘယ်လို လုပ်ရမလဲဆိုပြီး အကြံအိုက်နေလို့ အကူအညီတောင်းရတာပါတဲ့ ။
အီးပီစာချုပ်ပါ မရှင်းလင်းသော ဘာသာပြန်ချက်
သူ့စာချုပ်ကိုလည်း ဖက်စ်နှင့် ပို့ပေးလိုက်ပါတယ် ။ ကျနော်ယူ ကြည့်လိုက်တော့ ၊ ဒီလိုတွေ့ရတယ် -
အလုပ်စာချုပ်သက်တမ်း
 ------ ခုနှစ် ------------လ ---------ရက် မှစ၍ ------ ခုနှစ် ------------လ ---------ရက် ထိ။
 -------- 년----------월----------일부터-------년------- 월------- 일 까지.
 အလုပ်သင်ကာလ ( ) ပါဝင် ။/(ကိုရီးယားသို့ ဆိုက်ရောက်သည့်နေ့မှစ၍ ( ) ၁လတာ ၊ ( ) ၂လတာ၊ ( ) ၃လတာ) ။ /( ) မပါဝင် ။
 ကိုရီးယားသို့ ပထမဆုံးအကြိမ် လာရောက်သူ ဖြစ်ပါက ၊ အလုပ်စာချုပ်မှ လစာငွေပေးသည့်နေ့အား ဆိုက်ရောက်နေ့အဖြစ် ပြောင်းလဲသတ်မှတ်ကာ ၊ အလုပ်စာချုပ်သက်တမ်းကာလအား ကိုရီးယားသို့ ဆိုက်ရောက်သည့်နေ့မှ စ၍ တစ်နှစ်ဖြစ်သည် ။
 수습기간 ( ) 활용/입국일로부터 ( ) 1개월, ( ) 2개월, ( ) 3개월)/, ( ) 미활용.
 최초 입국자의 경우 근로계약기간의 기산일은 입국일 이며 근로계약기간은 입국일부터 1 연임.
အဲဒီ စာပိုဒ်ကို ကျနော်က ဒီလို ဘာသာပြန်ချင်တယ် ။ “ ကိုရီးယားသို့ ပထမဆုံးအကြိမ် လာရောက်သူ ဖြစ်ပါက ၊ အလုပ်စာချုပ်သက်တမ်း စတင် တွက်ချက် (အသက်ဝင်) သည့်နေ့သည် ပြည်ဝင်နေ့ဖြစ်ပြီး ၊ အလုပ်စာချုပ်သက်တမ်းမှာ ကိုရီးယားသို့ ဆိုက်ရောက်သည့် နေ့မှ စ၍ ၁ နှစ်ဖြစ်သည် ။”
“근로계약기간의 기산일은” ဆိုတာကို “အလုပ်စာချုပ်မှ လစာငွေပေးသည့်နေ့အား”ဆိုပြီး ဘာသာ ပြန်ထားတာကို တွေ့ရပါတယ် ။ အမှန်က “အလုပ်စာချုပ်သက်တမ်း စတင် တွက်ချက်သည့်နေ့သည်” ဆိုပြီး ပြန်ရမှာပါ ။
ဒီလိုဘာသာပြန်မှ ပိုရှင်းမယ်ထင်တယ်
ကျနော့် သဘောအတိုင်း အဲ ဒီ အလုပ်စာချုပ်ကို ပြန်ပြင်ရေးရရင်တော့ ၊ “ ကိုရီးယားသို့ ပထမဆုံးအကြိမ် လာရောက်သူ ဖြစ်ပါက ၊ ကိုရီးယားသို့ စတင်ရောက်ရှိသည့် နေ့တွင် အလုပ်စာချုပ် စတင် အသက်ဝင်ပြီး ၊ အလုပ်စာချုပ်သက်တမ်းမှာလည်း ကိုရီးယားသို့ ဆိုက်ရောက်သည့် နေ့မှ စ၍ ၁ နှစ်ဖြစ်သည် ။” လို့ ပြင်ပြီး ရေးလိုက်ချင်ပါတယ် ။
စာချုပ်သက်တမ်းသည် ပြည်ဝင်ရက်မှ ၁ နှစ်ပြည့်လျင်ကုန်၏
ဒုတိယ စာပိုဒ်အရ ၊ ကိုရီးယားသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်လာသူများ (ရောက်လာသူများအဖြစ် မှတ်ယူရမည့် သူများ) ဟာ စာချုပ်မှာပါတဲ့ အလုပ်သင်ကာလ “ပါဝင်” ၊ “မပါဝင် ” ကိစ္စ ပြဿနာ မရှိတော့ဘဲ ၊ မည်သို့ပင်ဆိုစေကာမူ အလုပ်စာချုပ်သက်တမ်း ဟာ ပြည်ဝင်ရက်မှာ အသက်ဝင်လာပြီး ၊ စာချုပ်သက်တမ်းကိုလည်း (ပြည်ဝင်ရက်မှ) ၁ နှစ် သတ်မှတ်ထားတာ ကို တွေ့ရပါတယ် ။
အတည်ပြုချက် ယူလိုက်ပါ
စာချုပ်သက်တမ်း ကုန်မကုန် သက်ဆိုင်ရာ အလုပ်သမားရုံး (고용지원센터) မှာ သွားရောက်ပြီး အတည်ပြုချက် ယူလိုက်စေလိုကြောင်း အကြံပြုလိုက်ပါတယ် ။
အလုပ်သမားရုံးက နေပြီး သူ့သူဌေးဆီကို စာတိုလေးရေးပေးလိုက်တယ် ။ ဘာတွေရေးထားမှန်းမသိလို့ ၊ သူဌေးကို မပြရဲသေးဘူးတဲ့ ။ အစ်ကိုကြီး ဘာသာပြန်ပေးပါဦး ဆိုပြီး ၊ ဖက်စ်နှင့်ပို့လိုက်ပါတယ် ။ စာတိုလေးက ဒီလိုပါ -
“ 21일까지 이분이 1년 되는 날인데 20일 까지 일하고 추석때문에, 21 일자로 고용변동 처리 해주시길 바랍니다.
구미 고용센터
김경모”
// ဒီပုဂ္ဂိုလ်ဟာ ၂၁ ရက်နေ့မှာ ၁ နှစ်ပြည့်တဲ့ နေ့ဖြစ်တာမို့ ၊ ၂၀ ရက်နေ့အထိ အလုပ်လုပ်ပြီး ၊ ချူးဆောက် (ပိတ်ရက်) ကြောင့် ၊ ၂၁ ရက်နေ့မှာ အလုပ်ရုံပြောင်းရွှေ့ဖို့ လုပ်ပေးပါလို့ မေတ္တာရပ်ခံပါတယ် ။
ဂုမီ အလုပ်သမား ဆင်တာ
ကင် ကယောင်းမို ”// တဲ့ ဗျ ။
ဒါကြောင့် အီးပီ ညီငယ်များကို အကြံပြုချင်တာက ၊ ကိုယ့်အလုပ်ရှင် ကိုယ့်သူဌေးနှင့် အလုပ်စာချုပ် သက်တမ်း ကိစ္စဖြစ်ဖြစ် ဘာကိစ္စဖြစ်ဖြစ် မရှင်းမရှင်း အငြင်းပွါးရမယ့် ပြဿနာ ပေါ်လာရင် ၊ မိမိတို့နှင့် သက်ဆိုင်ရာ အလုပ်သမားဆင်တာ (고용지원센터) သို့ အရောက်သွားပြီး အတည်ပြုချက် (ဆုံးဖြတ်ချက်) ရယူကြစေလိုကြောင်း အကြံပြုလိုက်ရပါတယ် ။
အားလုံး အဆင်ပြကြပါစေ ။

လေးစားမှုဖြင့် -
ကိုဝိုင်း (မိုးညှင်း)


No comments: