Monday, September 27, 2010

ဂုဏ်ယူပါတယ် အဖြူရောင်မေတ္တာ…………


၁၂-နှစ်ကြာခဲ့ပြီ
၁၂ ကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော် ကို စက်တဘ်ာ ၂၂ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပါပြီ ။ မိုးလေဝသ မကောင်းတဲ့ကြားက လာရောက် အားပေးခဲ့ကြတာပါ ။ တိလောကမုနိဗုဒ္ဓ ပူဇနိယပွဲတော်ကို နှစ်စဉ် ကျင်းပလာကြတာ ဆိုတော့ ဒီနှစ်ဟာ တိလောမုနိဗုဒ္ဓရုပ်ပွါးတော်မြတ်ကို ကိုရီးယားနိုင်ငံရောက် မြန်မာတွေ ပင့်ဆောင်ပူဇော်လာတာ (၁၂) နှစ်ရှိခဲ့ပါပြီဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ် ။
အဖြူရောင်လူငယ်များ
ဒီပွဲတော်ကို အကြောင်းပြုပြီး ကိုရီးယားနိုင်ငံရဲ့ အထင်ကရ နိုင်ငံတော် ရုံးပိတ်ရက်ရှည်ကာလမှာ ကိုရီးယားနိုင်ငံရောက် မြန်မာတွေ ပြန်လည်ဆုံစည်းကြရတဲ့ ပွဲတော်လည်း ဖြစ်ပါတယ် ။
ဒီနှစ်ပွဲတော် စတာဒိသာ မဏ္ဍပ်များမှာ ထူးထူးခြားခြား ကျနော်သတိပြုမိတာတစ်ခုကတော့ ၊ အဖြူရောင်မေတ္တာလူငယ်များ(ကိုရီးယား) ။
စတုဒီသာ အလှူလုပ်ကြတယ် ။
မြန်မာ့ရိုးရာ တရုတ်ဝက်သားဒုတ်ထိုးကြွေးကြတယ် ။
အမှတ်တရလက်ဆောင်ပစ္စည်းရောင်းကြတယ် ။ ရောင်းရငွေကို ဧရာဝတီတိုင်း နာဂစ်ဒေသ တွဲဖက်မူလတန်းကျောင်းတစ်ကျောင်းကိုလှူကြမလို့တဲ့ ။
ဖျော်ဖြေရေးအစီအစဉ်တွေမှာ ပါဝင်ဖျော်ဖြေကြတယ် ။
သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုခဲ့ကြတယ် ။ ဆုတွေတောင်ရလိုက်သေး ။
မြန်မာအတော်များများ အခြားနည်းတွေနှင့် ပျော်ပါးနေကြတဲ့အချိန် ။
အခန်းအောင်းပြီး ပိုက်ဆံစုနေကြတဲ့အချိန် ။ လုပ်အားခ ၁၅ မိနစ်စာလောက် (ဝမ် ၂၀၀၀လောက်) ကို လှူဖို့ လက်တွန့်နေကြချိန်မှာ သူတို့ဟာ မွန်မြတ်တဲ့ အလှူတစ်ခုကို လှူဖို့လုပ်နေကြတယ် ။
နောက်ထပ်လည်း လှူဖို့ အစီအစဉ်တွေ ရှိသေးသတဲ့ ။
ဒါတွေဆက်လုပ်ကြဦးမယ်
ဒီလူငယ်တွေ အကြောင်း စိတ်ဝင်စားလို့ သူတို့အဖွဲ့ရဲ့ အင်တာနက် စာမျက်နှာကို ကျနော်ဝင်ကြည့်ဖြစ်တယ် ။ အလှူရှင် အမည်များ နှင့် အသေးစိတ်အစီအစဉ်များကိုတွေ့ခဲ့ရတယ် ။ လှူခဲ့ကြတာတွေလည်း မနည်းတော့ဘူး ။ နောက်ထပ်လည်း လှူဖို့အစီအစဉ်တွေ ရှိသေးသတဲ့ ။
အင်တာနက်စာမျက်နှာ -
http://whiteloveforpeople.ning.com/
မှာ ကြည့်ရှုနိုင်ကြပါတယ် ။
ပေါ်လာတဲ့အတွေးစများ
သူတို့ရဲ့ လုပ်ဆောင်ချက်များကို ဖတ်ရှုမိရာက ကျနော်အတွေးတစ်စ ဝင်လာတယ် ။
ယနေ့ ကျနော်တို့ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ ပြဿတွေ ။
ဆင်းရဲ ချမ်းသာ ကွာဟမှုပြဿနာ ။
တကယ်ဆို ဓနဥစ္စာ ခွဲဝေမှုမညီမျှတဲ့ ပြဿနာ ။ ပညာပြဿနာ ။ အင်အားပြဿနာ ။
ဓနဥစ္စတွေ အပြိုင်ရှာနေကြတယ် ။ ဘယ်သူတေတေ ငတေမာရင်ပြီးရော့ပဲ ။
တစ်သီးပုဂ္ဂလအဆင့် ။ နောက်တစ်ဆင့် ကုမ္ပဏီကြီးများ အုပ်စုဖွဲ့ ။ အဆင့်တက်လာ ၊ နိုင်ငံများအုပ်စုဖွဲ့ နိုင်ငံအကျိုးစီးပွါးခြင်း ယှဉ်ပြိုင် ။ လက်နက်အပြိုင်တပ်ဆင် ။ ဝါဒချင်းပြိုင် ။ ဝါဒမတူ တို့ရန်သူ ။ စစ်အင်အား ပြိုင် ။ နည်းပညာပြိုင် ။ ကုန်ပစ္စည်း အပြိုင်ထုတ် ။ လေထုညစ်ညမ်း ၊ ရေထုညစ်ညမ်း ။ ဓါတ်သတ္တု နှင့် သယံဇာတ ပစ္စည်းများ အပြိုင်ထုတ် ။ ဂေဟစနစ် (ecosystem) ပျက် ။ ရာသီဥတု ဖောက်ပြန် ။ မုန်တိုင်း ၊ ရေကြီး ၊ အပူလှိုင်း ။ ဆင်းရဲသူများ ဆင်းရဲသည်ထက် ဆင်းရဲ ။ ချမ်းသာသူများ ချမ်းသာသည်ထက်ချမ်းသာ ။
ယနေ့ကမ္ဘာမှာ လူသားသန်းတစ်ထောင် ဆင်းရဲတွင်းနက်နေသတဲ့ ။
ဆင်းရဲတွင်းသူတွေနက်ပေမယ် ချမ်းသာသူများဆထက်ပွါး
အမေရိကန်တို့ အီရတ်ကို ဆင်နွှဲတဲ့ စစ်ပွဲအတွက် ဒေါ်လာ ၁၃၄ ဘီလီယံ ကုန်ခဲ့ပြီး၊ ယခုအထိ အီရတ်နှင့် အာဖဂန်နစ္စတန်မှာ တစ်ရက်လျှင် နှစ်ဘီလီယံ သုံးနေသတဲ့ ။ (တစ်ဘီလီယံဟာ သန်းတစ်ထောင် ပါ ။)
အက်ဖ် - ၁၁၇ ဗုံးကြဲတိုက်လေယာဉ်တစ်စီးရဲ့ တန်ဖိုးဟာ ဒေါ်လာ ၄၅-သန်း
လေယာဉ်တင်စစ်သင်္ဘောကြီးတစ်စီးရဲ့ တန်ဖိုးက ၄.၅ ဘီလီယံ၊
အပါချီရဟတ်ယာဉ်တစ်စီးရဲ့ တန်ဖိုးဟာ ဒေါ်လာ ၄-သန်း၊
အဘရမ်းတင့်ကားတစ်စီးရဲ့ တန်ဖိုးက ဒေါ်လာ ၄.၃ သန်း ။
ချမ်းသာတဲ့ နိုင်ငံတွေက အဲဒီလက်နက်တွေကို အပြိုင်အဆိုင် တပ်ဆင်နေချိန်မှာ ကမ္ဘာပေါ်မှာ ဆင်းရဲ ငတ်မွတ်နေသူ သန်း ၁၀၀၀ ရှိနေပြီး ၊ အဲဒီ ဆင်းရဲသားတွေဟာ တစ်ဦးလျှင် ဒေါ်လာ ၅၀-ရရင် အသက်ရှင် နိုင်သတဲ့ ။
နည်းနည်းလေးလောက်မျှလိုက်ပါလား
လာမယ့် ၁၅-နှစ်အတွင်း ဆင်းရဲသူတွေကို ထောက်ပံ့ဖို့ဒေါ်လာဘီလီယံ ၆၀-ရှိရင် လုံလောက်ပြီး ၊ ငတ်နေသူ တစ်ယောက်ကို တစ်နှစ်လုံး အစားအစာကျွေးဖို့ ၃၂-ဒေါ်လာသာ လိုပါသတဲ့ ။ ကလေးတစ်ယောက် ကို ရောဂါမျိုးစုံ ကာကွယ်ဆေးထိုးပေးဖို့ ၁၅-ဒေါ်လာသာ လိုပြီး ၊ နေအိမ်တစ်လုံး ဆောက်ပေးဖို့ ဒေါ်လာ ၅၀၀-သာလိုသတဲ့ ။ ကမ္ဘာ့လူသားတွေ ကောင်းမွန်တဲ့ သောက်သုံးရေရဖို့ တစ်နှစ်လျှင် ဒေါ်လာ ၁၀-ဘီလီယံသာ လိုပါသတဲ့ ။
ငါးရာ ညီမျှခြင်း သန်းလေးရာ
ကမ္ဘာဟာ လူကြောင့်ဖြစ်တဲ့ ဆင်းရဲချမ်းသာကွာ ဟမှု (ဘယ်လောက်ကွာသဲဆိုရင်) အချမ်းသားဆုံး လူ ၅၀၀ ရဲ့ ဝင်ငွေဟာ အဆင်းရဲဆုံး လူသန်း ၄၀၀ (သန်း လေးရာ) ရဲ့ ဝင်ငွေလောက်ရှိတယ်တဲ့။ မိုက်ခရိုဆော့ဖ် သူဌေးကြီး ဘီလ်ဂိတ်ဟာ ဒေါ်လာ ၅၆ ဘီလီယံ ချမ်း သာပြီး သူဌေးကြီးဘတ်ဖက်ကတော့ ဒေါ်လာ ၅၃ ဘီလီယံ ချမ်းသာသတဲ့ ။ အာရှိတိုက်မှာလည်း ဘီလီယံနာ (သန်းထောင်ချီ) သူဌေးကြီးတွေ တိုးနေပြီး ၊ စင်ကာပူမှာ ၄၀၊ အိန္ဒိယမှာ ၃၆ ယောက်၊ ဂျပန်မှာ ၂၄ ယောက်၊ ဟောင်ကောင်မှာ ၂၁ ယောက်၊ တရုတ်မှာ ၂၀ ရှိသတဲ့ ။ တစ်ကမ္ဘာလုံးမှာ သန်းချီချမ်းသာတဲ့ မီလီယံနာကတော့ ၉.၅ သန်း ရှိတယ်ဆိုတာပဲ။ အဲဒီအချိန်မှာ ကမ္ဘာပေါ်မှာ လူသန်း ၁၀၀၀ လောက်ဟာ တစ်နေ့ကို တစ်ဒေါ်လာလောက်ပဲ ဝင်ငွေရှိတယ် ။ (ဟဲ ၊ ဟဲ တစ်နေ့ကို ဝင်ငွေ တစ်ပြားမှ မရှိတဲ့ သူတွေရဲ့ စာရင်း မပါသေးဘူးထင်တာပဲဗျ။)
ကမ္ဘာပျက်နိုင်တယ်
ရောဂါမျိုးစုံဖြစ်ပွားမှု ၊ တီဘီ အဆုတ်ရောဂါ၊ သွေးတိုး၊ ဆီးချိုသွေးချို၊ နှလုံး၊ ငှက်ဖျား၊ အေအိုင်ဒီ အက်စ်၊ ကြက်ငှက်တုပ်ကွေး အစရှိတာတွေ၊ အဆုတ်ရောဂါကြောင့် တစ်နေ့ကို လူပေါင်း လေးထောင့်လေးရာ သေနေရသတဲ့ ။ ဒီရောဂါပျောက်အောင် ကုဖို့တော့ လူတစ်ယောက်အတွက် ဒေါ်လာ ၂၀ သာလိုပါတယ်။ ဒါပေမဲ့ အဲဒီငွေလောက်ကို မတတ်နိုင်ကြဘူး၊ ငှက်ဖျားကြောင့် တစ်နေ့ကို လူသုံးထောင် သေနေပြီး ၊ အေအိုင်ဒီအက်စ်ရောဂါကတော့ တစ်နေ့မှာ လူပေါင်း ၁၁၀၀၀ ကို ကူးစက်ပြီး တစ်ရက်ကို လူရှစ်ထောင် သေ စေသတဲ့ ။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်က ဒီရောဂါကြောင့် ကမ္ဘာပျက်နိုင်တယ်လို့ ပြောခဲ့သတဲ့။
အမီလိုက်နေကြသတဲ့
အာရှတိုက်နိုင်ငံတွေကတော့ ဘာသာရေး၊ ဝါဒရေးတွေထက် ဒေသတွင်း တည်ငြိမ်အေးချမ်းဖို့၊ စီးပွား ဖြစ်ထွန်းဖို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်ဆံရေး အဆင်ပြေဖို့ကိုပဲ ဦးတည်နေပါသတဲ့ ။ အာရှတိုက်ဟာ လူနေမှု အဆင့်အတန်းလည်းတိုးတက်နေပြီး ၊ အေးအေးချမ်းချမ်းနဲ့ စီးပွားရေးလုပ်ဖို့ ကမ္ဘာကို အမီလိုက်ဖို့ ပဲ အဓိကအားဖြင့် အားသန်ကြသတဲ့ ။
အမေရိကန်ပြည်ထောင်စုမှာ တရုတ်နိုင်ငံသို့ နှစ်စဉ်ကုန်တင်ပို့မှု တန်ဖိုး ဒေါ်လာ သန်း ၅ သောင်းသာ ရှိပြီး တရုတ်မှ အမေရိကန်ပြည်ထောင်စုသို့ တင်ပို့မှုက နှစ်စဉ်သန်း ၂ သိန်း၊ ၅ သောင်းရှိပြီး ၊ ယနေ့ ကမ္ဘာ့ နိုင်ငံများရဲ့ စီးပွားရေးမှာ တရုတ်ဟာ နံပါတ် ၆ နေရာမှာ ရှိသတဲ့ ။ ၂၀၅၀ ပြည့်နှစ်မှာ နံပါတ် ၃ နေရာကို ရောက်မယ် ဆိုပဲ ။ နောင်ခေတ်တွေမှာ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ဖြစ်လာကြမယ် တဲ့ ။ တရုတ်က လူဦးရေ သန်း ၁၃၀၀ ကျော်ရှိပြီး၊ အိန္ဒိယကတော့ သန်း ၁၁၀၀ ကျော် ။ မိုဘိုင်းဖုန်းသုံးသူ တစ်စက္ကန့်တစ်ယောက်နှုန်း တိုးနေပြီး ၊ တရုတ်မှာ ဆဲလ်ဖုန်းသုံးသူ ၂၀၁၀ ပြည့်နှစ်ကုန်မှာ သန်း ၆၀၀ ကျော်ရှိမယ် တဲ့ ။
စီးပွါးရေးတိုးနေသလို ညစ်ပတ်တာလည်း လွန်ရောပဲ
အဲဒီလို တစ်ဖက်က စီးပွားရေးတိုးတက်လို့ လူချမ်းသာတွေ တိုးတက်လာသလိုပဲ တစ်ဖက်မှာလည်း ဆင်းရဲသာတွေက တိုးနေတာပဲတဲ့ ။ အိန္ဒိယနိုင်ငံမှာ သန်း ၂၀၀၊ တရုတ်နိုင်ငံမှာ သန်း ၆၀၀ ဟာ ဆင်းရဲတွင်း နက်နေသတဲ့ ။ တရုတ်ရဲ့ စီးပွားရေးနှစ်စဉ် ၁၀ ရာခိုင်နှုန်း တိုးတက်နေသလိုပဲ ပတ်ဝန်းကျင်ပျက်စီးမှုက ၈ ရာခိုင်နှုန်း ရှိနေတယ်။ ကမ္ဘာ့အညစ်ပေဆုံးမြို့ ၂၀ မြို့အနက် ၁၇ မြို့က တရုတ်ပြည်မှာ ရှိတယ်။
လူသားရဲ့ အလှ
ယနေ့ မြို့ပြခေတ်ဟာ အပေါင်းလက္ခဏရှိသလို အနုတ်ပြတာတွေလည်း မနည်းဘူး။ ဘာပဲဖြစ်ဖြစ် လူတို့ရဲ့ သမိုင်းဟာ ဒီလိုပဲ အပေါင်းအနုတ်တွေ ပြည့်နှက်ခဲ့ရာမှ လူ့လောကဟာ ရှေ့ကို တိုးလာခဲ့တာပဲ ။ အရာရာမှာ အကောင်းနဲ့အဆိုး ဘက်နှစ်ဖက်ရှိစမြဲမို့ ရှိနေတဲ့အခြေအနေကို အကောင်းဘက်ရောက်အောင် ပြုပြင် ဖန်တီးခြင်းဟာ လူသားရဲ့အလှဖြစ်ပေတယ် လို့ ဆရာ ဦးသန်းထွန်း(ရွှေဘို) ရဲ့ မြို့ပြယဉ်ကျေးမှု အပေါင်းအနှုတ်မှာ ဖတ်ရှုရပါတယ် ။
တစ်ပိုင်တစ်နိုင် အလှဆင်နေကြသူများ
ထိုနည်းတူစွာ ၊ ကိုရီးယားနိုင်ငံရောက် အဖြူရောင်မေတ္တာ လူငယ်များရဲ့ ဆောင်ရွက်ချက်များဟာလည်း ဒေါ်လာ သန်းထောင်ချီပြီး လှူဒါန်းမှု မဟုတ်သော်ငြား ၊ မိမိတို့ တစ်ပိုင်တစ်နိုင် လှူဒါန်းနေကြခြင်း ၊ ဝေးမြေရပ်ခြားမှာ မြန်မာ့ လူမှုအသိုက်အဝန်းတစ်ခုကို ထူထောင်နေခြင်းဟာဖြင့် လောကအလှတရားများထွန်းကားဖို့ အခြေခံကျတဲ့ ခြေလှမ်းများအဖြစ် မှတ်ယူမိပါတယ် ။
ဒါကြောင့် အဖြူရောင်မေတ္တာလူငယ်များရဲ့ ဆောင်ရွက်ချက်များကို လှိုက်လှဲစွာကြိုဆိုလိုက်ပြီး ၊ ဤဆောင်းပါးဖြင့် ဝမ်းမြောက်ဝမ်းသာစွာ ဂုဏ်ပြုလိုက်ပါတယ် ။

လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)

No comments: