“တဆင်းတက်သော် တတောင်ကျော်
တမှော်ငုပ်လျှိုး တချုံတိုး
တမိုးသောက်လျှင် တနေ၀င်
တပင်မြိုင်ကြီး ဂနိုင်ဆီး”
(မြ၀တီမင်းကြီး ဦးစ)
တမှော်ငုပ်လျှိုး တချုံတိုး
တမိုးသောက်လျှင် တနေ၀င်
တပင်မြိုင်ကြီး ဂနိုင်ဆီး”
(မြ၀တီမင်းကြီး ဦးစ)
အောင်မြေသာစံ ပတ်ပျိုးထဲက စာပိုဒ်ကလေး တစကို စိတ်ထဲက ရွတ်မိနေတဲ့ အချိန်မှာ ကျနော်ဟာ ဂန်းဟွာကျွန်းပေါ်က ဟဲမြောင်တောင် (해명산) ပေါ်မှာ လျှောက်လှမ်းလျက် ရှိနေပါပြီ။ တောင်ရိုးတခွင်ဟာ မင်းကြီးဦးစရဲ့ အဖွဲ့အနွဲ့လို တောကြီး အထပ်ထပ် တောင်မြင့် အသွယ်သွယ် သိပ်သည်း နေတာမျိုးတော့ မဟုတ်။ သို့ပေမင့် တောရိပ် တောတန်း တောင်ကုန်း တောင်ဆင်း ကလေးတွေက အဆင့်ဆင့် အစီစီ။ လူသွားလမ်းကလေးက မြင့်လိုက် နိမ့်လိုက် ကွေ့လိုက် ဖြောင့်လိုက်။ လမ်းလျှောက်နေရင်း ဆောင်းဦး လေညင်းကိုလည်း ရှူရရှိုက်ရ။ ဟိုအဝေး ရှုခင်းကိုလည်း အပေါ်စီးက မြင်ရရှုရမို့ တောတောင်ရဲ့ ရသက ရင်ထဲကို စိမ့်ဝင်လာတာ ဖြစ်ပါတယ်။
မွန်းလွဲ နှစ်နာရီရဲ့ နေရောင်ခြည်က တောင်ပေါ်ကို ခပ်ကျဲကျဲ ကျလျက် ရှိနေဆဲ။ နေရောင်ခြည် ပူနွေးနွေးဟာ ကျောက်တုံးပေါ် အတက်မှာ ဖြုန်းခနဲ ပေါ်လာလိုက်။ နောက် လေးငါးဆယ်လှမ်း အကွာ သစ်ပင်အောက် ရောက်တော့ ရုတ်ခနဲ ပျောက်သွားလိုက်။ နွေးခနဲ အေးခနဲ အထိအတွေ့ဟာ ခပ်ပြင်းပြင်း အသက်ရှုချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ချွေးစေးထဲမှာ နူးညံ့ နေပါတော့တယ်။
တောင်ပေါ်တက်လာတာ နာရီဝက် နီးပါး ရှိပါပြီ။ ကျနော်တို့နဲ့ မျက်နှာချင်းဆိုင် ဖြတ်သွားတဲ့ နှစ်ဖွဲ့ကလွဲလို့ အခြား တောင်တက်သူတွေကို မတွေ့ရပါ။ ကျနော်တို့ အဖွဲ့ဝင် ခြောက်ယောက်က ရှေ့နောက် တယောက်စီ ခပ်ကျဲကျဲ တက်လာတာမို့ ပတ်ဝန်းကျင်မှာ ကျနော်တို့ အသံချည်းပဲ လွှမ်းနေပါတယ်။ တောင်ထွတ်တနေရာ အရောက်မှာ တော်တော်ကြီးတဲ့ ကျောက်တုံးတခုပေါ် တက်ပြီး အောက်ခြေ ၀န်းကျင်ကို ကျနော် ကြည့်ပါတယ်။ ဟိုး တောင်ဖက်အဝေး မြူတွေကြားထဲမှာ ပင်လယ်က ခပ်ဝါးဝါး။ ပြီးတော့ တောင်ပတ်ကားလမ်းနဲ့ နီတကွက် စိမ်းတကွက် လယ်ကွင်းတွေ။ မြောက်ဖက်မှာတော့ ဂန်းဟွာ ကျွန်းမကြီးကို မှုန်ပျပျ မြင်ရပြီး၊ ကျန်တဲ့ ဖက်တွေကတော့ တောင်ရိုးနဲ့ ကွယ်နေလို့ မမြင်ရပါ။
ကျနော် မြေပုံစာရွက်ကို ထုတ်ကြည့် လိုက်ပါတယ်။ ဒီအချိန်မှာပဲ ကင်မရာ ကိုင်ထားတဲ့ ကိုလွင်က ဖျပ်ခနဲ ရိုက်လိုက်ပါတယ်။ ပုံကိုမြင်ရင်တော့ အတော် ခက်ခဲတဲ့ လမ်းကို မြေပုံကြည့်ပြီး သွားနေရတာပါလားလို့ ထင်စရာပါပဲ။ တကယ်တော့ အဲသလို မဟုတ်ပါ။ အားလပ်ရက်မှာ အများပြည်သူ မည်သူမဆို အလွယ်တကူ တက်နေကြတဲ့ ကိုရီးယားနိုင်ငံရဲ့ တောင်ပေါင်း များစွာထဲက တောင်တခုကို တက်နေကြခြင်းသာ ဖြစ်ပါတယ်။
စထွက်လာတုန်းက ဒီတောင်ကို တက်ဖို့ မရည်ရွယ်ခဲ့။ ဂန်းဟွာ (강화) သွားမယ်, တောင်တက်မယ် ဆိုတဲ့ ယေဘုယျ သဘောတူချက်နဲ့ ကျနော်တို့တတွေ ဂန်းဟွာ ကားစုံစခန်းကို ရောက်လာခဲ့ကြတာပါ။ ပူချွန်းက လာရတဲ့ သူတို့ ငါးယောက်က အင်ချွန်းမြို့ကြီးကို အရှေ့ကနေ အနောက်မြောက် ရောက်အောင် တပတ်ကြီး ဖြတ်လာရတာမို့ နံနက် ၈း၃၀ ကျမှ ကားစုံစခန်းကို ရောက်ပါတယ်။ ကျနော်က ကင်ဖိုကနေ လာရတာမို့ ၇း၃၀ ကတည်းက ရောက်နှင့်နေပါတယ်။ ဂန်းဟွာနယ်က တဖက်မှာ အင်ချွန်းနဲ့ ကင်ဖိုကို ထိစပ်နေပြီး၊ ဟိုတဖက်မှာတော့ ပင်လယ်ထဲ ကျရောက်နေပါတယ်။ တောင်ကိုရီးယားရဲ့ အနောက်မြောက် စူးစူးမှာ ရှိတဲ့ ကျွန်းစုဒေသပါ။
အောက်တိုဘာ ၁၇ ရက်နေ့ဟာ ဆောင်းဦးရဲ့ အလှပဆုံး ကာလကို ပိုင်ဆိုင်ထားပါတယ်။ နေလည်း မပူ, ဆောင်းလည်း မအေး။ မိုးလည်း မရွာ, နှင်းလည်း မကျ။ ၀န်းကျင်တခုလုံးဟာ ကြည်ကြည်လင်လင် အေးအေးမြမြ။ သစ်ပင်တွေမှာ အရွက်တွေ စိမ်းနေဆဲ။ အချို့ကတော့ အနီ အ၀ါဖက်ကို ကူးလုကူးခင်။ လေညင်းကတော့ တသုန်သုန် တနွဲ့နွဲ့။ ကျနော်တို့ လူစုံတော့ ဘယ်သွားမလဲလို့ အချင်းချင်း မေးကြပါတယ်။ ကိုအောင်မြင့်ဆွေက တောင်လည်း တက်, ပင်လယ်လည်း ကြည့်ရအောင် ကျွန်းတခုခုကို သွားကြရင် ကောင်းမယ်လို့ အကြံပြုပါတယ်။ ဒါနဲ့ပဲ ဂယိုဒုံကျွန်း (교동도) သွားမယ်၊ ဟွာဂဲတောင် (화개산) တက်မယ်လို့ အစီအစဉ် ဆွဲလိုက်ကြပါတယ်။
ဂန်းဟွာ ကားစုံစခန်းကနေ ဘတ်စကားစီးပြီး ဂန်းဟွာကျွန်းမကြီးရဲ့ မြောက်ဖက်ကို ထွက်လာခဲ့ကြပါတယ်။ ဂယိုဒုံကျွန်းကို ဟာဂျုံရွာ (하점면) ကနေ တဆင့် ဇက်စီးပြီး သွားရမှာ မဟုတ်လား။ ခရီးတော်တော် ရောက်လာတော့ ကိုအောင်ခိုင်က ညာဖက်မှာတွေ့တဲ့ တောင်ကို ကြည့်ပြီး - “ကဲ ဒီတောင်ကြီးပဲ တက်လိုက်ကြပါစို့” - လို့ ပြောလိုက်ပါတယ်။ ကိုလွင်က - “အပေါ်မှာ ဆက်သွယ်ရေးတိုင်တွေ တွေ့တယ်။ စစ်တပ်နယ်မြေ ဖြစ်လိမ့်မယ်ဗျ” - လို့ ပြန်ပြောပါတယ်။ ကျနော်လည်း အပြင်ကို သေချာကြည့်ပြီး - သြော် ငါတို့လာနေတာ တောင်မြောက်နယ်စပ်နဲ့ အလွန်နီးကပ်တဲ့ နေရာပါလား - လို့ သတိ ပြုလိုက်မိပါတယ်။
တနာရီလောက် ကြာတော့ ဇက်ဆိပ်ကို ရောက်ပါပြီ။ ကျနော်တို့တွေ သွက်လက် တက်ကြွစွာနဲ့ ကားပေါ်က ဆင်းဆင်းချင်းပဲ ကိုကျော်ကျော်ဦးက ဇက်ကူးတို့ လက်မှတ်ဝယ်ဖို့ ကောင်တာမှာ ၀င်တန်းစီပါတယ်။ အဆောက်အအုံ ခပ်ကျဉ်းကျဉ်းလေးထဲမှာ လူသုံးဆယ်လောက် လက်မှတ်ဝယ်သူ ၀ယ်, စာရွက်ကလေးတွေမှာ ဖောင်ဖြည့်သူ ဖြည့်နဲ့ တွေ့ရပါတယ်။ ကျနော်က ဘာတွေများ ရေးနေကြတာပါလိမ့်လို့ စပ်စုနေတုန်းမှာ ဘေးနားက ကိုလွင်က - “ဟေ့ လက်မှတ် မ၀ယ်နဲ့ဦး၊ ခဏ” လို့ လှမ်းပြောပါတယ်။ အားလုံးရဲ့ မျက်လုံးတွေ သူ့ဆီကို ရောက်သွားချိန်မှာ သူ့ရဲ့ဘေးမှာ လက်နက် အပြည့်အစုံနဲ့ စစ်သားလေး တယောက်ကို တွေ့လိုက်ရပါတယ်။ ကိုလွင်က - “နိုင်ငံခြားသားတွေ သွားလို့ မရဘူးလို့ ပြောနေတယ်” လို့ စစ်သားလေးကို ညွှန်ပြပြီး ပြောပါတယ်။
ဂယိုဒုံကျွန်းဟာ မြောက်ကိုးရီးယား နယ်စပ်နဲ့ အလွန် နီးကပ်တာကြောင့် စစ်ဧရိယာ အဖြစ် သတ်မှတ် ထားပါသတဲ့။ သွားချင်ရင် အဲဒီ ကျွန်းပေါ်မှာနေတဲ့ ကိုယ်နဲ့ သိကျွမ်းသူ တဦးဦးက တာဝန်ခံမှ သွားလို့ ရပါတယ်တဲ့။ ကိုရီးယား နိုင်ငံသားတွေလည်း ဒီသတ်မှတ်ချက် အတိုင်း လိုက်နာရပါသတဲ့။ အခု ကူးတို့ဆိပ်ဟာ စစ်တပ် အပိုင်ပါတဲ့။ သြော်… ဒါကြောင့် သူတို့ စာရွက်ကလေးတွေ ဖြည့်နေကြရတာကိုး။
ကျနော်တို့တတွေ အောင်မြင်စွာ တပ်ဆုတ်ခဲ့ကြပါတယ်။ လူကော ကားကော ကြပ်ကြပ်မတ်မတ် စစ်ဆေးနေတာကို ခပ်လှမ်းလှမ်းကနေ မြင်နေရပါတယ်။ ဂယိုဒုံကျွန်းကိုတော့ ဒီဖက်ကနေပဲ ခပ်ဆွေးဆွေး ငေးကြည့် လိုက်ရပါတော့တယ်။ ကျွန်းကတော့ ဆိတ်ငြိမ်စွာ လဲလျောင်းလို့။ မြေပုံတခုထဲမှာတော့ ဒီကျွန်းဆီကို တံတားထိုးနေတယ်လို့ ပြထားပါတယ်။ တံတားပြီးရင်ကော…။ လုံခြုံ ငြိမ်းချမ်းမှု မရရင် ဒီတံတားက အသက်ဝင်ပါ့မလား…။
“တော်သေးတယ်ဗျာ၊ ဘယ်နိုင်ငံသားလဲလို့ မမေးလို့။ ဗမာမှန်းသိရင် မင်းတို့ မြောက်ကိုရီးယားနဲ့ စစ်ရေး အဆက်အသွယ် ရှိတယ်။ မသင်္ကာဘူး ဆိုပြီး ဖမ်းထားရင် အခက်ပဲ” လို့ ကျနော်က အရွှမ်းဖောက်လိုက်ပါတယ်။
“ဟုတ်ပ ကိုပေါ်ရေ၊ ဒီကောင်လေး သိပ်မလျင်တာဘဲ ကျေးဇူးတင်ရမယ်ဗျ” လို့ ကိုကျော်ထွတ်က စကား ထောက်ပေးပါတယ်။
ကဲ ဘာလုပ်ကြမလဲ။ ပုံမှန် လမ်းကြောင်းအရ ကျနော်တို့ဟာ စစီးလာတဲ့ ကားစုံစခန်းဆီကို ပြန်သွားရမယ်။ ဂန်းဟွာဒေသရဲ့ ခရီးလမ်း ဖွဲ့စည်းပုံက ထီးလိုပါပဲ။ ကားစုံစခန်းကို ဗဟိုထားပြီး ကျန်ဒေသတွေက ကားမှန်သမျှ ဒီစခန်းမှာ စုကြတယ်။ အဲဒီမှာပဲ ကားပြောင်းစီးကြရတယ်။ မြေပုံထုတ်ပြီး ဘယ်သွားမလဲ, အချိန် ဘယ်လောက်ရမလဲ တွက်ကြရတော့တယ်။ နောက်ဆုံး စိတ်ချလက်ချ ဆော့မိုကျွန်း (석모도) ကျွန်းကို သွားကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။
နေဦး။ ဒီနေရာကို အမြန်ဆုံး ဘယ်လိုသွားနိုင်မလဲ စုံစမ်းဦးစို့။ မြေပုံထဲမှာတော့ ရောက်နေတဲ့ နေရာနဲ့ သွားချင်တဲ့ နေရာကို ကားလမ်း တောက်လျှောက် ရှိကြောင်း ပြထားတယ်။ ဘတ်စကား ရှိမရှိ မသိ။ ရှိမယ်ဆိုရင် ကားစခန်းအထိ သွားစရာ မလိုတော့။ စုံစမ်းလိုက်တော့ ကားရှိတယ်။ ဒီမှာတော့ မဟုတ်။ လမ်းဆုံမှာ။ လမ်းဆုံက ကျနော်တို့ အလာတုန်းက ဖြတ်လာတဲ့ နေရာ။ ဒီကနေ လေးငါးမိုင်လောက် ဝေးလိမ့်မယ်။ ဒီကနေ အပြန်ကားကို စီးပြီး လမ်းဆုံအထိ သွားရမယ်။ အပြန်ကားချိန်ကို ကြည့်တော့ ၁၁း၃၀ တဲ့။ အခု အချိန်က ၁၀း၀၀ နာရီ။
ကဲ ထိုင်တော့ စောင့်မနေတော့ဘူး။ လမ်းဆုံရောက်အောင် လမ်းလျှောက်မယ်။ ရဲဘော်… ချီတက်။ ဘယ် ညာ ဘယ်…။ တောင်မတက်ရရင် လမ်းလျှောက်ပေါ့။ ဒါမှ ခြေလျင်နဲ့ တောင်တက် စစ်စစ် ဖြစ်သပေါ့။ ကိုရီးယား တောင်မြောက်နယ်စပ်မှာ ချီတက် လမ်းလျှောက်ဖို့ တကူးတက စီစဉ်ရင်တောင် ဖြစ်ချင်မှ ဖြစ်မှာ။ အချင်းချင်း ရယ်ကာမောကာနဲ့ လျှောက်ခဲ့ကြပါတယ်။ ကားလမ်းက ကျဉ်းတယ်။ ကားလာရင် သတိထားရတယ်။ ဘယ်ဖက်မှာတော့ တောင်ကမ္ဘား မြင့်မြင့်ကြီးက ကာရံလို့။ ညာဖက်မှာ ပင်လယ်က နီးလိုက် ဝေးလိုက်။
မိနစ် လေးဆယ်လောက် ကြာတော့ ခရီးလည်း အတော် ရောက်လာခဲ့ပြီ။ ဗိုက်လည်း နည်းနည်း ဆာလာပြီ။ လေ့ကျင့်ခန်း ကောင်းကောင်းရလိုက်လို့ တကိုယ်လုံး ပေါ့ပါးပြီး ချွေးရွဲနေပြီ။ အဆင်သင့်စွာပဲ ဒီလမ်းတလျှောက်လုံးမှာ အခုမှ ပထမ တွေ့တဲ့ အိမ်ဆိုင်ကလေးကို မြင်တော့ အားလုံး မတိုင်ပင်ရဘဲ ခဏနားဖို့ ရပ်လိုက်ကြပါတယ်။ ဆိုင်မှာ ကိုရီးယား အဖိုးအိုတဦး တဦးတည်း ရှိတယ်။ မာကောလီနဲ့ ဆိုဂျူးဝယ်ပြီး ဆိုင်ရှေ့ သစ်တုံးလေးတွေမှာ ကျနော်တို့ ၀ိုင်းဖွဲ့လိုက်တယ်။ ကိုယ်စီပါလာတဲ့ ပန်းသီး, သစ်တော်သီးတွေ ချကြတယ်။ အဲဒီကျမှ ကိုကျော်ကျော်ဦးရဲ့ ကျောပိုးအိတ်ထဲက ကြက်အမြစ်ကြော်, ကြက်ဥပြုတ်ကြော်နဲ့ ထမင်းကြော်တွေကို ကျနော် တအံ့တသြ တွေ့လိုက်ရပါတယ်။ ညကတည်းက ကြော်ချက်ပြီး ယူလာတာတဲ့လေ။
ဆိုင်ရှင် အဘဟာ မာကောလီလေး တလုံး ဆွဲပြီး ကျနော်တို့နဲ့ ၀ိုင်းပါတယ်။ သူ့ကို အလာတုန်းက ကျနော် ကားပေါ်က မြင်လိုက်တယ်။ ဆိုင်ရဲ့ တဖက်ခြမ်းကို ပြင်ဆင်နေတာ။ နယ်ဖက်က လူကြီးတွေဟာ အလုပ်နဲ့လက် မပြတ်ပါလားလို့ စိတ်ထဲမှာ ပေါ်လိုက်မိသေးရဲ့။ အဘက သူဟာ လက်သမားတဦး ဖြစ်ကြောင်း၊ ယီမင်, ကာတာနဲ့ ဟာဝိုင်ယီမှာ သွားရောက် အလုပ်လုပ်ဖူးကြောင်း စပြောပါတယ်။ ကိုယ့်အိမ်ကို အနည်းအပါး ပြင်ဆင် နေချိန်မှာတောင် လက်သမားဝတ်စုံကို အပြည့်ဝတ်ထားတဲ့ အဘကို ကြည့်ရတာဟာ လွန်ခဲ့တဲ့ နှစ်လေးငါးဆယ်က ကိုရီးယားသမိုင်းကို ဖတ်နေရသလိုပါပဲ။ ဇရာနဲ့ ရင့်ရော်မှုတွေ လွှမ်းထားတဲ့ အဘရဲ့ ခန္ဓာကိုယ်မှာ သန်စွမ်းခြင်းနဲ့ တည်ငြိမ်ခြင်းတွေကိုလည်း ရှာတွေ့နိုင်ပါသေးတယ်။ အရွယ်ရောက်တဲ့ သားသမီးတွေက အဝေးမှာ။ ဇနီးသည်က ဆေးရုံမှာ။ အဘကတော့ ဖြတ်သွားဖြတ်လာ ခရီးသွားတွေလာရင် ဈေးရောင်း၊ ကျန်အချိန်မှာ တောက်တိုမယ်ရ လုပ်ရင်း ရှေးအိမ်ကလေးမှာ။
အရှေ့တိုင်းသားတို့ စရိုက် သဘာဝအတိုင်း အဘနဲ့ ကျနော်တို့ဟာ ခဏချင်းမှာပဲ ရင်းနှီးသွားပါတယ်။ ကျနော်တို့ ဂယိုဒုံကျွန်းကို မရောက်ဘဲ လှည့်ပြန်လာရတယ် ဆိုတာ ပြောတော့၊ နောက်တခါ လာမယ်ဆိုရင် ဖုန်းကြိုဆက်လိုက်၊ သူ လိုက်ပို့ပေးမယ်လို့ ပြောပါတယ်။ ထိုစဉ်မှာပဲ ဘတ်စကား ရောက်လာလို့ လမ်းဆုံဆီ ကားနဲ့ ခရီးဆက်ကြပါတယ်။ တကယ်တော့ လမ်းဆုံက မဝေးတော့ပါဘူး။ ဆော့မိုကျွန်းဆီ သွားတဲ့ လမ်းကြောင်းကို သိချင်လို့ ကားတက်စီးကြတာပါ။ ကားပေါ်ရောက်တော့ ကိုအောင်ခိုင်က ကားသမားကို လမ်းကြောင်း မေးပါတယ်။ ကားသမားက ကားတွေ့ရင် ရပ်ပေးမယ်။ မတွေ့ရင်တော့ ကားစခန်းအထိ သွားရမယ်လို့ ပြောပါတယ်။
ကံကောင်းချင်တော့ မကြာခင် ကားတွေ့လို့ ပြောင်းစီးကြပါတယ်။ ဒီကားနဲ့ ဟာဂျုံရွာ, နယ်ဂါရွာ (내가면), ဂုတ်စုတောင် (국수산) တို့ကို ဖြတ်ပြီး၊ ဟွာဖိုရီငါးဈေး/ရွာ (외포리할어회마을) အထိ သွားရမှာပါ။ အဲဒီကမှ ဇက်ကူးပြီး ဆော့မိုကျွန်းဆီ သွားကြရမှာပါ။ ဆော့မိုကျွန်းပေါ်မှာ တောင်မြောက်တန်းနေတဲ့ အဓိက တောင်တန်းကြီး တခုရှိပြီး၊ အဲဒီမှာ ဆောင်ဗုံတောင် (상봉산), နတ်ဂါတောင် (낙가산), နဲ့ ဟဲမြောင်တောင်တို့ ရှိကြပါတယ်။ ဒီတောင်တွေထက် ပိုမို ထင်ရှားတာကတော့ ဘိုမွန်ဆာ (보문사) ခေါ် ဗုဒ္ဓဘုရားကျောင်းကြီးဟာ ဒီတောင်တန်းပေါ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။
တောင်ခြေတခုလုံးကို ကားပတ်လမ်း ဖောက်ထားတာမို့ ကြိုက်ရာဖက်က တက်နိုင်ပြီး ကြိုက်တဲ့ဖက်က ပြန်ဆင်းနိုင်ပါတယ်။ ကျနော်တို့က တောင်ဖက် ဟဲမြောင်တောင်ကနေ စတက်ဖို့ ရွေးလိုက်ပါတယ်။
ဟဲမြောင်တောင်ပေါ်က ကုန်းဆင်းကုန်းတက် ကလေးတွေပေါ် လျှောက်မိတော့ “တဆင်းတက်သော် တတောင်ကျော် တမှော်ငုပ်လျှိုး တချုံတိုး…” ဆိုတဲ့ စာက ရင်ထဲမှာ ပေါ်လာတော့တာပါ။ တောင်ပေါ် တက်နေရင်း ကျနော့်ရဲ့ တောင်တက်ခရီးကို ပြန်သတိရနေမိပါတယ်။
ကျနော်ဟာ မြေပြန့်သားဖြစ်တာရယ်, ကိုယ့်ပတ်ဝန်းကျင်မှာ တောင်တက်တဲ့ ဓလေ့ မရှိတာရယ်ကြောင့် ဘယ်တုန်းကမှ တောင်တက်ဖို့ စိတ်ကူး မရှိခဲ့ပါဘူး။ ကျောင်းသားဘ၀ တုန်းကလည်း ခြေလျင်နဲ့ တောင်တက်အသင်းကို ကပ်ကျော် လုပ်ခဲ့ပါတယ်။ ကျိုက်ထီးရိုးနဲ့ မြန်မာပြည်အနှံ့က တောင်ပေါ်ဘုရားတွေကို ရောက်တော့လည်း တောင်တက်တဲ့ အရသာကို မတွေ့ရှိခဲ့ပါဘူး။ တက်လိုက်သမျှ လှေခါးထစ်တွေနဲ့ချည်း တိုးနေရတာကလည်း အကြောင်းတခု ဖြစ်ပါလိမ့်မယ်။
ကိုရီးယား ရောက်တော့လည်း တောင်တက်တာကို သိပ်စိတ်မ၀င်စားခဲ့သေးပါ။ ဒီလိုနဲ့ နှစ်နည်းနည်း ကြာလာတော့ ကျန်းမာရေးအရ ကိုယ်လက်လှုပ်ရှား တခုခုကို လုပ်ဖို့ လိုအပ်လာတာ သတိထားမိပါတယ်။ ငယ်စဉ်က လုပ်ခဲ့တဲ့ အားကစားနဲ့ လေ့ကျင့်ခန်းမျိုးတွေကို ပြန်လုပ်ဖို့လည်း စိတ်မပါပြန်ဘူး။ ပိုဆိုးတာက အိမ်တွင်း မြို့တွင်းမှာ လုပ်ရမှာဆိုရင် စိတ်က အလိုလို ငြီးငွေ့နေတော့တယ်။ ဘ၀က အချိန်ပြည့် ဆိုသလို အိမ်တွင်း မြို့တွင်းမှာပဲ နေနေရတာ မဟုတ်လား။ မြို့ပြင် ခပ်ဝေးဝေးမှာ အပမ်းပြေ ဂေါက်ရိုက်ဖို့ ဆိုတာကျတော့ စိတ်ကူးကြည့်လို့တောင် မရ။ ဒီတော့ ကျန်းမာရေး အတွက်လည်း ဖြစ်, စိတ်အပန်းလည်း ပြေစေမယ့် တောင်တက်ဖို့ကို စတင် စိတ်ဝင်စား လာခဲ့ပါတော့တယ်။
လူဟာ အဆုတ်အားကောင်းဖို့ လေသန့်သန့်ကို အားရပါးရ ဆယ်ကြိမ်လောက် နေ့စဉ် ရှူသင့်တယ်လို့ ဆိုပါတယ်။ ကျနော်တို့ အဲသလို ရှူမိပါရဲ့လား။ သာမန် နေစဉ်အတွင်းမှာ တခါမှ အဲသလို ရှူမိမယ် မဟုတ်ပါ။ တကယ်လို့ သတိတရနဲ့ ရှူမယ် ဆိုပါတော့။ ရှူမယ့် လေက သန့်ပါရဲ့လား။ စက်မှုမြို့ပြ၀န်းကျင်က လေဟာ မသန့်နိုင်ကြောင်း အလွယ်တကူ သိနိုင်ပါတယ်။ တောင်ပေါ် တက်တဲ့အခါ မောလို့ အသက်ပြင်းပြင်း ရှူရတာကြောင့် အဆုတ်အတွက် ကောင်းကောင်း အလုပ်လုပ်ပြီးသား ဖြစ်သွားစေပါတယ်။ ပြီးတော့ တောင်ပေါ်က လေဟာ မြို့ထဲက လေထက်တော့ သန့်တာ သေချာပါတယ်။
အမြဲတမ်း တွေ့နေရတဲ့ မြင်ကွင်းထဲက ခဏ ဖဲခွာပြီး သဘာဝ တောရိပ်တောင်ရိပ်မှာ အနားယူရတာဟာ စိတ်လန်းဆန်းစေတယ်။ ကိုယ်လက် လှုပ်ရှားမှုကြောင့် အညောင်းအညာ ပြေလျော့တယ်။ လေ့ကျင့်ခန်း သီးသန့် လုပ်နေစရာ မလိုဘဲ တောင်တက် လမ်းလျှောက်ရုံနဲ့ ခန္ဓာကိုယ် ကြွက်သားနဲ့ အကြောအခြင်တွေကို လှုပ်ရှား နိုးကြားစေပြီး ဖြစ်စေတယ်။ ဒီလိုနဲ့ ပထမဆုံးအကြိမ် တောင်တတောင်ကို တက်ပြီးတဲ့နောက် ကျနော့် ခြေဖ၀ါးတွေဟာ တောင်တွေဆီကိုပဲ ဦးတည်နေပါတော့တယ်။
ဟဲမြောင်တောင်တန်း အပေါ်တနေရာမှာ ခရီးတထောက်နားပြီး အဆာပြေ စားသောက်ကြပါသေးတယ်။ တောကြမ်းခရီး မဟုတ်တဲ့ တောနုခရီးက ပျော်စရာ ချစ်စရာ တမျိုးတဘာသာပါပဲ။ ကမ်းခြေ ပြန်ရောက်တော့ ညနေ ၅း၀၀ နာရီ ရှိပါပြီ။ အဲဒီ ကမ်းခြေမှာ ပုစွန်ငပေါင်းကြော် အလွန်ကောင်းတယ်လို့ အရင်တခေါက် ရောက်ဖူးတဲ့ ကိုလွင်တို့က ညွှန်းပါတယ်။ ဟုတ်ပါတယ်။ မြန်မာအကြိုက် ပုံစံပါပဲ။ အရွက်စိမ်း ကလေးတွေကို မုန့်နှစ်နဲ့ ကပ်ကြော်ထားတာကလည်း အလွန်ကောင်းပါတယ်။
“ကဲ ကျနော်တို့ - မြန်မာတောင်တက်ကလာပ် - ကို အခုက စပြီး အဖွဲ့ဝင် ခြောက်ယောက်နဲ့ ဖွဲ့လိုက်ပြီဗျာ” လို့ ကျနော်က ပြောလိုက်ပါတယ်။
မိတ်ဆွေများ အားလုံး ညာလက် ကိုယ်စီမြှောက်ပြီး “၀ီ အာ ရော” လို့ ကိုရီးယားလို ဟစ်ကြွေးလိုက်ကြပါတယ်။
မြန်မာဆန်ဆန် ပုစွန်ငပေါင်းကြော် စားရင်း မြန်မာတောင်တက်ကလာပ်ကို ဖွဲ့လိုက်တာပါပဲ။ ကျနော့် တောင်တက်ခရီးတွေမှာ မြန်မာမိတ်ဆွေ နှစ်ယောက် သုံးယောက်ထက် မပိုခဲ့ပါဘူး။ တခါတရံ တယောက်တည်းပါ။ ဒီတခေါက် ခြောက်ယောက်ဆိုတာ အများဆုံး စံချိန်ပါ။ ဒါကြောင့် နောင်ကိုလည်း အမြဲတက်နေဖြစ်ဖို့ ကလာပ် ဖွဲ့လိုက်တာပါပဲ။ ကျနော်တို့ တလကို တခေါက် တက်ကြဖို့ သဘောတူလိုက်ကြပါတယ်။
အပြန် ဇက်စီးတော့ နေ အတော်ကျနေပါပြီ။ ၀ဲပျံလာနေတဲ့ စင်ရော်ကလေးတွေကို ကြည့်ပြီး ကျနော် မြို့မငြိမ်းရဲ့ ငွေစင်ရော်သီချင်းကို ဆိုပါတယ်။ “သို့ပေမယ့် ၀ဲလက် ကိုယ့်ကိုယ်ကိုယ်ရည်…၊ ယာလက်ဖြင့် သူ့ကိုယ်စား ရည်ရွယ်ကျွေးလိုက်မည်…” တဲ့။ သီချင်းသာ ဆိုပေမယ့် ကျနော် မကျွေးခဲ့ပါ။
ဂန်းဟွာ ကားစုံစခန်းကို ပြန်ရောက်တော့ မိုးချုပ်စပြုပြီ။ ကျနော့်လို မြို့ပြထဲ ပြန်သွားမယ့် သူတွေကို နေရာအနှံ့ တွေ့ရပါတယ်။ အင်း… အပြန်လမ်းကတော့ ယာဉ်ကြော ပိတ်တော့မှာပဲ။ ကျနော် ကားပေါ်တက်ပြီး နောက်နားတနေရာမှာ အကျအနထိုင်ကာ မျက်လုံးကို စုံမှိတ် ပစ်လိုက်ပါတော့တယ်။ ကြာချင်သလောက် ကြာပစေရော့။ တကယ်ပါပဲ။ ပုံမှန်ထက် နှစ်ဆလောက် ပိုကြာပါတယ်။ တပတ်လုံးလုံး မြို့ပြထဲမှာ လူးလိမ့်နေရတာကြောင့် အားရက်ကလေးမှာ မြို့စွန်တောရပ်ကို အတင်း ထွက်ပြေးသွားသူတွေ ဘယ်လောက် များသလဲ ဆိုတာ ဒီယာဉ်ကြောတွေက သက်သေပြနေပါတယ်။ မြို့ပြထဲမှာ မွန်းကြပ်လာလေလေ အားရက်မှာ တောတွေ တောင်တွေ လူစည်လေလေပါပဲ။ ဘတ်စကားပေါ်မှာလည်း ခရီးသည် အားလုံးနီးနီးက တောင်တက်သူတွေ ချည်းပါပဲ။
ကျနော် ကိုယ်တိုင်လည်း မွန်းကြပ်မှုတွေကို တောင်ပေါ်မှာ သွန်ချခဲ့ပြီပဲ။ တောင်တက်နေစဉ် ကိုယ်ထဲက ထွက်လာတဲ့ အခိုးတွေထဲမှာ လောဘအပူငွေ့တွေများ ရောပါသွားခဲ့သလား။ ချွေးစေးတွေထဲမှာကော ဒေါသမျက်ရည်တွေများ ရောပါသွားခဲ့သလား။ အသက်၀၀ ရှူရှိုက်ရခိုက်မှာ မောဟအညစ်တွေများ လျော့ပါးသွားခဲ့သလား။ ပသို့ပဲဖြစ်ဖြစ် လွတ်လပ် ငြိမ်းချမ်းခြင်းနဲ့ လန်းဆန်းမှု တခုကိုတော့ တနေ့တာအတွက် ရရှိခဲ့တာ အသေအချာပင်။
(ဓာတ်ပုံများ - ကိုလွင်၊ ကိုကျော်ကျော်ဦး)
ဝင်းပေါ်မောင်
No comments:
Post a Comment