တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုး၏ အရေးကြီးဆုံး ယဉ်ကျေးမှုပစ္စည်းမှာ ယင်းတိုင်းပြည်၊ ယင်းလူမျိုးတို့၏ ဘာသာစကားပင် ဖြစ်လေသည်။ တိုင်းပြည်တစ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိုနိုင်ငံ၏ စာပေအဆင့်အတန်းဖြင့်သာ တိုင်းတာနိုင်ပေသည်။ စာပေသည် ဉာဏ်ပညာသို့ သွားရာ တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ မိမိတို့ နိုင်ငံသူနိုင်ငံသား အားလုံး အသိဉာဏ်
ဖွံ့ ဖြိုး တိုးတက်စေရန် စာပေဖြင့်သာ စွမ်းဆောင်နိုင်ပေသည်။ ထို့ကြောင့် စာပေ ဖွံ့ဖြိုးတိုးတက်မှုသည် လွန်စွာ အရေးကြီးလှပေသည်။
စာပေဖွံ့ဖြိုးလျှင် တိုင်းပြည် ကြီးပွားတိုးတက်၍၊ တိုင်းပြည် ကြီးပွားတိုးတက်လျှင် စာပေသည်လည်း ဖွံ့ဖြိုးတိုးတက်ရလေသည်။ စာပေကို ရေကန်နှင့် နှိုင်းသော် တိုင်းပြည်သည် ကြာပွင့်ဟု ဆိုရပေမည်။ ရေမြင့်မှ ကြာတင့်သကဲ့သို့ စာပေမြင့်မှ လူမျိုးရော တိုင်းပြည်ပါ တင့်တယ်နိုင်ပေသည်။ လူတို့သည် ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်၏ ဘာသာစကားကိုသာလျှင် အလေးထား သင်ယူကြပေသည်။ ထို့ကြောင့် မိမိတိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေလိုလျှင် မိမိတို့ဘာသာစကားကို တန်ဖိုးထားတတ်ရပေမည်။ မိမိဘာသာစကားကို တန်ဖိုးမထားလျှင် စာပေအဆင့်အတန်း နိမ့်ကျပြီး အသိဉာဏ် နည်းပါးကာ နိုင်ငံတကာအလယ်၌် တိုင်းပြည်ပါ မျက်နှာငယ်ရပေလိမ့်မည်။
ခေတ်အဆက်ဆက်မှ ဉာဏ်ပညာ အတွေးအခေါ်တို့သည် စာပေ၌သာ တည်ရှိလေသည်။ ဉာဏ်ပညာဖြင့်သာ လူသားတို့သည် ကြီးပွားတိုးတက်နိုင်ကြကုန်၏။ လူတစ်ဦးတစ်ယောက်၏ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်မှုသည် ထိုသူ တစ်ဦးတစ်ယောက်၏ ဘ၀ ကြီးပွားတိုးတက်ဖို့ရာ ကောင်းသော အထောက်အပံ့ဖြစ်လေသည်။ သို့ရာတွင် တစ်ဦးတစ်ယောက်မျှသာ ကြီးပွားတိုးတက်ရုံမျှဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်နိုင်မည် မဟုတ်ပေ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ရန် ထိုတိုင်းပြည်၌ နေထိုင်ကြကုန်သော တိုင်းသူပြည်သားတိုင်း ဉာဏ်ပညာရှိဖို့ရာ လွန်စွာ လိုအပ်လှပေသည်။ ထိုသို့ နိုင်ငံသားတိုင်း အသိဉာဏ်ပညာမြင့်မားဖို့ရန် စာပေဖြင့် စွမ်းဆောင်ရန်သာ ရှိလေသည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံသည် ၎င်းတို့၏ ဘာသာစကား၌့ ကမ္ဘာအရပ်ရပ်ရှိ အသိဉာဏ်ပညာ၊ အတတ်ပညာတို့ကို ရှင်သန်စေ၏။ မိမိတို့၏ ဘာသာစကားဖြင့် အလိုရှိရာ အသိဉာဏ်ပညာ၊ အတတ်ပညာတို့ကို ဆည်းပူးနိုင်မှသာ ထိုလူမျိုးတို့သည်လည်း ဖွံ့ဖြိုးတိုးတက်နိုင်လေသည်။
ယနေ့ကမ္ဘာသည် နိုင်ငံအချင်းချင်း ကူးလူးဆက်ဆံနေကြရာ နိုင်ငံတကာ စာပေနှင့် ဘာသာစကားများကို ကျွမ်းကျင်တတ်မြောက်မှသာ လူတန်းစေ့နိုင်ကြပေသည်။ တစ်ဦးတစ်ယောက်သည် နိုင်ငံခြားဘာသာစာပေကို ကျွမ်းကျင်တတ်မြောက်သော် ထိုနိုင်ငံ၏ ဘာသာစကား၌ ရှိသော အသိပညာ အတတ်ပညာတို့ကို ဆည်းပူးနိုင်လေသည်။ သို့သော် ထိုအသိပညာ အတတ်ပညာတို့ကို မိမိတို့ ဘာသာစကားဖြင့် ပြောင်းလဲနိုင်ပါက မိမိတို့ တိုင်းသူပြည်သားတိုင်း မိမိတို့ ဘာသာစကားဖြင့်ပင် အခြားတိုင်းပြည်၏ အသိပညာ အတတ်ပညာတို့ကို လွယ်ကူစွာ ဆည်းပူးနိုင်ကြ၍ တိုင်းပြည်လည်း လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လေသည်။ မိမိတို့တိုင်းပြည်ကို ဆင်းရဲတွင်းမှ ရုန်းထွက်စေလိုလျှင် မိမိတို့ ဘာသာစကားကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဖို့ရာ ထိုနိုင်ငံရှိ တိုင်းသူပြည်သားတိုင်းတွင် တာဝန်ရှိလေသည်။ အထူးသဖြင့် ခေတ်ပညာတတ် လူငယ်များ၌ ပို၍ တာဝန်ရှိပေသည်။
ယနေ့ ခေတ်ပညာတတ် လူငယ်အများစုမှာ နိုင်ငံခြားဘာသာစကား အမျိုးမျိုးကို ကျွမ်းကျင်စွာ တတ်မြောက်ကြပါ၏။ သို့သော် မိမိတို့ တိုင်းပြည်၏ ဘာသာစကားကိုမူ ပိုင်ပိုင်နိုင်နိုင် တတ်မြောက်ကြခြင်း မရှိချေ။ ထိုမျှသာမကသေး။ ပြောဆိုရေးသားရာတွင် အမှားမှား အယွင်းယွင်း ပြောဆိုရေးသားကြလေသည်။ ထို့ကြောင့်ပင် မိမိတို့ ဘာသာစကားမှာ ခိုင်မာအားကောင်း မလာပဲ၊ တဖြည်းဖြည်း ယိုယွင်းပျက်စီးကာ နောက်ဆုံး၌ ဘာသာစကားပါ ပျောက်ကွယ်ပြီး တိုင်းပြည်လည်း ကျွန်ဘ၀ ရောက်ရပေလိမ့်မည်။ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ကိုလိုနီနယ်ချဲ့တို့သည် တိုင်းပြည်တစ်ပြည်ကို သိမ်းပိုက်ပြီးပါက ထိုတိုင်းပြည်ကို ကျွန်သက်ရှည်အောင် ပြုကြရာတွင် အဓိက အသုံးပြုသော နည်းလမ်းမှာ ထိုတိုင်းပြည်၏ ဘာသာစာပေကို တိမ်ကောပျောက်ကွယ်အောင် ပြုလုပ်ခဲ့ကြခြင်းပင် မဟုတ်ပါလား။ ဘာသာစာပေ ပျောက်ကွယ်မှသာ ထိုတိုင်းပြည်တွင် နေထိုင်ကြသော လူမျိုးတို့သည်လည်း အသိဉာဏ်ပညာ တစ်စတစ်စ မှေးမှိန်သွားကာ လူနုံလူအများအဖြစ် သူတစ်ပါးပြုသမျှ ခေါင်းငုံ့ခံကြမည် မဟုတ်ပါလော။
ထို့ကြောင့် တစ်ချိန်က တိုင်းပြည်ကို ကျွန်ဘ၀မှ လွတ်မြောက်၍ ကြီးပွားတိုးတက်လိုကြသော သခင်လူငယ်တစ်စုသည် တို့ဗမာအစည်းအရုံးကို တည်ထောင်၍ နယ်ချဲ့တို့ကို တော်လှန်ကြရာတွင် ဘာသာစကား၏ အရေးပါပုံကို သိရှိလာခဲ့ကြ၍ နယ်ချဲ့တော်လှန်ရေးအတွက် လူထုကို အလင်းပြခဲ့သော ကြွေးကြော်သံမှာ
ဗမာပြည်သည် တို့ပြည်
ဗမာစာသည် တို့စာ
ဗမာစကားသည် တို့စကား
ဗမာပြည်ကို ချစ်ပါ
ဗမာစာကို ချီးမြှင့်ပါ
ဗမာစကားကို လေးစားပါ … ဟူ၍ ဖြစ်လေသည်။
ထိုမျှသာ မကသေး။ ထိုကြွေးကြော်သံမှာ လွတ်လပ်ရေးရဖို့ရန်မျှသာ မျှော်မြင်ခဲ့ကြသည် မဟုတ်ပေ။ ထိုအကြောင်းကို ဆရာတင်မောင်သန်းက သခင်နိုင်ငံတော်စာအုပ်တွင် ဤသို့ ရေးသားထားလေသည်။“ထိုစဉ်က ကျနော်တို့ နိုင်ငံသည် အင်္ဂလိပ်လက်အောက်ရောက်နေရလေရာ နေမ၀င်အင်ပါယာကိုလည်းကောင်း၊ အင်္ဂလိပ်စာကိုလည်းကောင်း၊ အင်္ဂလိပ်စကားနှင့် ယဉ်ကျေးမှုကိုလည်းကောင်း အထင်ကြီးနေကြသောကြောင့် မြန်မာများ အဖက်ဖက်မှ မျိုးချစ်စိတ်ဓာတ်ထက်သန်ပြီး လွတ်လပ်ရေးတိုက်ပွဲဝင်ရန် လှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့် ထိုကြွေးကြော်သံများကို ကြွေးကြော်ခဲ့သည်ဟု ကျနော် ယူဆခဲ့ပါသည်။ အလယ်တန်းကျောင်းသားဘ၀ သမိုင်းသင်ခဲ့ရစဉ်ကလည်း ဆရာက ထိုသို့ပင် ရှင်းခဲ့သည်ဟု ကျနော် မှတ်သားမိပါသည်။
သို့သော် နိုင်ငံပြုစာစုအမှတ် ၂ နိုးကြားရေးစာတမ်း ၈ စောင်ကို ဖတ်ရသောအခါတွင်မှ ကျနော်အယူအဆ၊ ကျနော့်အမှတ်အသားမှာ မပြည့်စုံကြောင်း သိရပါတော့သည်။ တို့ဗမာအစည်းအရုံး၏ မြော်မြင်မှုမှာ လွတ်လပ်ရေးအတွက်မျှ မဟုတ်ကြောင်း နားလည်ရပါတော့သည်။
စာဖတ်သူများ ထင်ရှားစေသောငှာ ဦးဘခိုင်(ဖေဘီယန်)၏ မြန်မာပြည်နိုင်ငံရေးရာဇ၀င်စာအုပ်တွင် ဖော်ပြခဲ့သည့်အတိုင်း နိုးကြားရေးစာတမ်း ၈ စောင်အနက်မှ အမှတ် ၂ ‘တို့ပြေ တို့မြေနှင့် တို့စာပေ’တွင်ပါသော စာပိုဒ်အချို့ကို ကောက်နှုတ်ဖော်ပြအပ်ပါသည်။ စာလုံးပေါင်းမှာ တိုဗမာစာတမ်းတွင်ပါသည့်အတိုင်း ဖြစ်ပါသည်။
“ပညာဟူသည် တိုင်းပြည်ကြီးပွားရေး၏ အခြေခံဖြစ်၏။ ထို့ကြောင့် ပညာသင်ကြားရေးသည် အရေးကြီး၏။ တိုင်းသူပြည်သား လူအများတို့ ပြန့်ပြောစွာ ပညာတတ်မြောက်နိုင်စေရန် ကိုယ့်မြေ ကိုယ့်ပြေ ကိုယ့်စာ ကိုယ့်ပေဖြင့်သာ ပညာသင်အပ်၏။ ကိုယ့်စာကိုယ့်ပေရှိလျှက် မျိုးခြားတိုင်းခြား စာဖြင့်သင်ကြားရန် ကြံစည်ခြင်းကား တိုးတက်မှုနှင့် ဆန့်ကျင်၏။ အမေကျော် ကြီးတော်လွမ်းခြင်း ဖြစ်၏။
ဂျပန်တို့သည် ကိုယ့်စာကိုယ်ပေဖြင့်သာ ပညာသင်ကြားကြ၏။ ထို့ကြောင့် တန်ခိုးကြီး၏။ လူတန်းဝင်၏။ မြန်မာတို့အား ယနေ့တိုင် ကိုယ့်စာကိုယ့်ပေဖြင့် အဟုတ်အတတ်ပညာမသင်ကြားရသေး။ ထို့ကြောင့် အောက်ကျ၏။ နောက်ကျ၏။ လူတန်းစားမ၀င်ဘဲ ရှိ၏။ သူတပါးတို့၏ အစေအပါးသာခံရ၏။ အချို့သောတိုင်းကြီးပြည်ကြီးများက မြန်မာပြည်သည် မြေပုံပင် ဘယ်ဆီဘယ်နားတွင်ရှိသည်ဟု မသိကြပေ။ သိထိုက်ဖွယ်အကြောင်းလည်း မရှိ။ သို့ရာတွင် ဂျပန်တို့ အကြောင်းကိုကား ကမ္ဘာအရပ်ရပ်က သိကြ၏။ အဘယ်ကြောင့်နည်း။ လူတန်းစားဝင်၍တည်း။
တရုတ်တို့လည်း ကိုယ့်စာကိုယ်ပေဖြင့်သာ အတတ်ပညာကို သင်ကြားကြ၏။ ထို့ကြောင့် ပညာတတ်ပေါ၏။ အောက်ကျနောက်ကျဘ၀မှလွတ် လူတန်းဝင်ခဲ့ကြ၏။ လွန်ခဲ့သော အနှစ် နှစ်ဆယ်ကပင် တိုင်းကြီးနိုင်ငံတို့က တရုတ်တို့ကို လူဟူ၍မထင်ခဲ့ကြသေး။ ထို့ကြောင့် တရုတ်ပြည်ကို ဘုံပစ္စည်းကဲ့သို့လည်းကောင်း၊ စတုဒိသာလေးမျက်နှာမှ လာသမျှ ၀င်လိုတိုင်းဝင်၊ ထွက်လိုတိုင်းထွက်နိုင်သော သာလာယံဇရပ်ကြီးကဲ့သို့လည်းကောင်း အောက်မေ့၍ မိမိတို့ မိမွေဘမွေကို စေသကဲ့သို့ ပြင်သစ်က မည်သည့်အပိုင်းကိုယူမည်၊ ရုရှားက မည်သည့်အပိုင်းကိုယူမည် စသည်ဖြင့် မသေမီကပင် အမွေဝေလျက် ရှိကြ၏။ စင်စစ်သော်ကား ထိုစဉ်အခါက တရုတ်ပြည်ကို တစုံတခုသော တိုင်းနိုင်ငံက လက်နက်အင်အားဖြင့် အနိုင်အထက်သိမ်းပိုက် ယူငင်ခြင်း မပြုခဲ့ကြသည်မှာ တရုတ်ကိုကြောက်၍မဟုတ်၊ ယူချင်သူများသဖြင့် အဝေမတည့် အချင်းချင်း ကြောက်ကြသောကြောင့်သာဖြစ်၏။ သို့သော် ယခုအခါ တရုတ်တို့သည် အောက်ကျနောက်ကျဘ၀ကိုလွန် လူတန်းဝင်ခဲ့ကြလေပြီ။ ပညာဆည်းပူး၍ ကိုယ့်တိုင်းပြည်၌ ပညာတတ် ပေါများစိမ့်သောငှာ ကိုယ့်စာကိုယ့်ပေဖြင့် ပစ္စက္ခခေတ်ပွေ အတတ်ပညာ အသီးသီးတို့ကို သင်ကြားနိုင်ရန် ပညာရေးဌာနမှ ကိုယ်ဖိရင်ဖိ လုပ်ဆောင်လျက်ရှိချေပြီ။ ယခုအခါ ဘာသာပြန်ရာတွင် ဝေါဟာရအသုံးအနှုန်း တညီတညွှတ်တည်းရှိစေရန် ပညာရှိကြီး ၁၂၂ဦးတို့ကို သင်းဖွဲ့ စုံစမ်းလျှက် ရှိချေပြီ။ ကိုယ့်စာကိုယ့်ပေဖြင့် သိုးဆောင်းပညာရပ်များကို ဂျပန်တို့က စသင်ကြားခဲ့သည်မှာ အနှစ် ၅၀ ခန့်သာ ရှိသေး၏။ ဤမျှသောကာလအတွင်း လူမွှေးလူတောင် ပေါက်အောင် တတ်နိုင်ခဲ့ကြ၏။ အထက်မြန်မာပြည်ကို ကုလားမင်းကြီးစိုးသည်မှာ ၄၄ နှစ်ရှိပြီဖြစ်၍ အနှစ် ၅၀ ပင် ဆိုနိုင်ပြီ။ သို့ရာတွင် မြန်မာတို့သည် ဂျပန်တို့၏ ခြေဖျားကိုပင် မမှီသေး။
ကိုယ့်စာကိုယ့်ပေဖြင့် အတတ်ပညာကိုမသင်ကြားရဘဲ ယခုကဲ့သို့ တိုးတက်မှုကို ကျောခိုင်းခရီးသွားလျက်နေပါမူ နောင်ပွင့်လတ္တံ့သော အရိမေတ္တယျဘုရား ရွှေလက်ထက်တော်တိုင်အောင် ထင်းခွေ ရေခပ်ဘ၀မှ တက်ကြရလိမ့်မည်မဟုတ်။ ဥပမာ သြစတြေးလျကျွန်းတွင် လူဖြူမျိုးတို့ဝင်လာသဖြင့် တိုင်းရင်းသားဇာတိလူတို့ အမျိုးပြုတ်ခဲ့ရသကဲ့သို့တည်း။… … … …
… … … ။ ငါတို့သည် မငိုကြွေးကြကုန်လင့်၊ မပူဆွေးကြကုန်လင့်။ ငါတို့၏ အသက်နှင့်ကိုယ်မြဲသမျှကာလပတ်လုံး ငါတို့ပြေ၊ ငါတို့မြေ၊ ငါတို့စာ၊ ငါတို့ပေဖြင့်သာ ပညာအရပ်ရပ် အတတ်အမျိုးမျိုးတို့ကို သင်ကြား၍ ကမ္ဘာပေါ်ရှိ ပထမတန်း ‘တစ်’ ဂဏန်းလူမျိုးများနှင့် ရင်ဘောင်တန်း တတ်နိုင်အောင် ကြိုးစားကြကုန်အံ့။”(မူရင်းသတ်ပုံအတိုင်း)
လွတ်လပ်ရေးခေတ် မြန်မာလူငယ်များ၏ စာပေအပေါ် တန်ဖိုးထားမှုတို့ကြောင့် လွတ်လပ်ရေးခေတ်၌ မြန်မာစာပေသည် ကောင်းစွာဖွံ့ဖြိုး၍ တိုင်းပြည်စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်ကာ ဗမာနိုင်ငံ(BURMA)ဟူ၍ ကမ္ဘာ့အလယ် ထည်ဝါခဲ့ပေသည်။ သို့သော် အာဏာရှင်အဆက်ဆက် လက်အောက်၌မူ မြန်မာစာပေ၏ အဆင့်အတန်းမှာ တဖြည်းဖြည်း နိမ့်ကျသထက်နိမ့်ကျကာ တိုင်းပြည်လည်း ဆင်းရဲနွံတွင်းသို့ ရောက်ရှိခဲ့ရလေသည်။
တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ပြန်လည်လုပ်ဆောင်လိုပါက အသိဉာဏ်ပညာရှိသူတို့က မိမိတို့ အသိဉာဏ်ပညာကို မျှဝေထွန်းညှိဖို့ရာ လွန်စွာ လိုအပ်လှ၏။ အချို့သောသူတို့၏ အတွေးအခေါ်၊ အယူအဆများသည် လူအများကို ဦးဆောင်ဦးရွက် ပြုနိုင်လောက်အောင် ကောင်းမွန်လှပေ၏။ သို့သော် ထိုသူတို့သည် မိမိတို့ ဘာသာစကားကိုမူ ကျွမ်းကျင်ပိုင်နိုင်မှု မရှိပဲ၊ ကချော်ကချွတ်သာ ရေးတတ်ကြလေ၏။ ပြောဆိုရာ၌တွင်လည်း လွဲမှားကြသေးသည်။ ထိုသူတို့သည် မည်မျှပင် အတွေးအခေါ်ကောင်းစေကာမူ မိမိတို့၏ အသိဉာဏ်ဆီမီးကို လူအများအား ကူးညှိပေးနိုင်သူ ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးလျှင် မိမိတို့ ဘာသာစကားကို တန်ဖိုးထား၍၊ မိမိတို့ ဘာသာစကားကို ယခုထက် ပို၍ ပြည့်စုံလာစေရန် အားထုတ် ကြိုးစားကြရမည်ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပေသည်။

1 comment:
ကောင်းဗျာ...
Post a Comment