Wednesday, March 2, 2011

ပုရွဲဆိတ်နဲ့ ယင်ကောင်တို့ရဲ့ အရည်အချင်း

ပုရွဲဆိတ်နဲ့ ယင်ကောင်တို့ဟာ အလုပ်ကြိုးစားကြတယ်လို့ သတင်းကြီးကြတယ်။
ယင်ကောင်ဟာ မနားမနေ လှည့်လည်ပျံသန်းပြီးတော့၊ ပုရွဲဆိတ်ဟာလည်း မနားမနေ လှည့်လည်သွားလာနေကြတယ်လေ။

အဲဒီလိုနဲ့ တစ်ရက်မှာတော့ ပုရွဲဆိတ်နဲ့ ယင်ကောင်တို့ အချင်းချင်း ဆုံမိကြတဲ့အခါ စကားအခြေအတင် ဖြစ်ကြတာပေါ့။

ယင်ကောင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်တယ်။
“ ငါ့ရဲ့ ထူးခြားတဲ့ အစွမ်းအစက တွေးမိတာထက်တောင် လွန်နေသေးတယ် ”

“ ဘယ်လို အစွမ်းအစများပါလိမ့် ”

“ ငါက မင်းလိုမျိုး ချွေးဒီးဒီးကျအောင် မလုပ်ပဲနဲ့လည်း ဗိုက်တင်းအောင် စားလို့ရတယ်ကွ ”

“ အဲဒါ ဂုဏ်ယူစရာလား ”

“ နတ်တင်တဲ့အခါ နတ်တွေ စားမယ့်အစားအသောက်တွေကို သူတို့ အရင် အရသာမြည်းလို့ရတယ်။ ဘုရင်ကြီးရဲ့ ခေါင်း၊ နှာခေါင်း၊ ပါးစပ်ပေါ်မှာလည်း စိတ်ထင်သလို နားလို့ရတယ်။ ဒီလောက်ပဲလို့ ထင်လား။ လှပချောမောတဲ့ မင်းသမီးလေးကိုလည်း နမ်းလို့ ရတယ်။ ဒါတွေဟာ ဘယ်သူမှ မလုပ်နိုင်တဲ့ ငါ့ရဲ့ ခန့်ညား လှပတဲ့ စွန့်စားမှုတွေပဲကွ။ မင်းလို တောသားတွေ တွေးတောင် မတွေးမိတဲ့ ကိစ္စတွေပဲ ”

ပုရွဲဆိတ်က ပြန်ပြောလိုက်တယ်။

“ လက်တစ်ချောင်းတောင် မချိုးပဲ ဗိုက်တင်းအောင်စားသေး၊ နတ်တင်တဲ့အခါလည်း စားဦးစားဖျား စားသေး၊ ဘုရင်ကြီးရဲ့ မျက်နှာပေါ်မှာ အသက်ကို ရင်းပြီးတော့လည်း နားရ၊ ပြီးတော့ လှပချောမောတဲ့ မင်းသမီးလေးကို နမ်းတာကပါသေး…. ဒါ ဂုဏ်ယူစရာ အလုပ်မျိုးလား။ ဒါပေမယ့် အဲဒါတွေဟာ သူတို့တွေက မဖိတ်ခေါ်ဘဲ လုပ်တာမဟုတ်လား။ ဒါဆို ငါက အလုပ်လုပ်ပြီး ရှာဖွေစုဆောင်းသိုမှီးထားတဲ့ အစားအစာတွေနဲ့ ချမ်းအေးလှတဲ့ ဆောင်းရာသီကို သက်တောင့်သက်သာ ဖြတ်သန်းနေတဲ့အချိန်မှာ မင်းက ဘာနဲ့ စားသောက်ပြီး နေထိုင်မှာလဲ ”

“ စားစရာတွေက နေရာတိုင်းမှာ အပြည့်ရှိတယ်ကွ ”

“ ဒီလိုပဲ ပြောရမယ်လေ။ ဟိုနေရာ ဒီနေရာမှာ ပြန့်ကျဲနေတဲ့ အကြွင်းအကျန်တွေကို ကောက်စားရမှာ မဟုတ်လား။ ဗိုက်တင်းအောင် စားတယ်ဆိုတာလည်း အားထုတ်မှု ရှိရတယ်ကွ၊ မှတ်ထား ”။ ။


သင်ခန်းစာ။ ။ ကြိုးကြိုးစားစား အလုပ်လုပ်ပြီး ရရှိလာတဲ့အရာဟာ တန်ဖိုးရှိပါတယ်။

No comments: