Thursday, May 5, 2011

အနာဂတ်ရဲ့ ကလေးများ

ကလေးသူငယ်နေ့

ဒီကနေ့ မေလ ၅ ရက်နေ့ဟာ ကိုရီးယားနိုင်ငံရဲ့ “ကလေးသူငယ်နေ့” ဖြစ်ပါတယ်။

ဒီကနေ့ ကလေးတွေဟာ နောင်တနေ့အတွက် လူကြီးတွေပါ။ အနာဂတ်ကို ပိုင်စိုးကြမယ့် သူတွေဟာ ဒီကနေ့ ကလေးတွေပါ။ ကလေးတွေကို အကောင်းမွန်ဆုံး ဖြစ်အောင် ပြုစု ပျိုးထောင်တာဟာ အနာဂတ်ကို အလှပဆုံး ဖန်တီးတာပဲ မဟုတ်ပါလား။ ဒါကြောင့် နိုင်ငံတိုင်းမှာ ကလေးသူငယ်နဲ့ ဆိုင်တဲ့ နေ့တွေ, ပွဲလမ်းတွေ, အထိမ်းအမှတ်တွေ ရယ်လို့ ကိုယ်စီ ထားရှိကြပြီး ကလေးသူငယ်ဆိုင်ရာ မြှင့်တင်လှုပ်ရှားမှုတွေကို တွန်းအားပေးနေကြတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း “မြန်မာနိုင်ငံ ကလေးသူငယ်နေ့” ဆိုတာ ရှိပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ပါ။ ဒီနေ့ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ဖဆပလခေတ်မှာ စတင် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံမှာတော့ ကလေးသူငယ်နေ့ဟာ ဂေဇက်ဝင် ရုံးပိတ်ရက် ဖြစ်ပြီး၊ မြန်မာနိုင်ငံမှာတော့ ရုံးပိတ်ရက် မဖြစ်သေးပါဘူး။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁၂ က ပြည်ထောင်စုနေ့ ဖြစ်တာကြောင့်၊ အရင်ခေတ်က ပြည်ထောင်စုနေ့ ပွဲတွေ တခမ်းတနား လုပ်နေကြတာနဲ့ ကလေးသူငယ်နေ့ အတွက် ခပ်လျော့လျော့ ဖြစ်ခဲ့ရပုံ ရပါတယ်။ ကျောင်းတွေမှာပဲ ပျော်ပွဲရွှင်ပွဲ ပြိုင်ပွဲတွေ လုပ်ခဲ့ကြတာ သတိထားမိပါတယ်။ ဒီဘက်ခေတ် ရောက်လာတော့ ဗယ်လင်တိုင်းဒေး ဆိုတဲ့ ဖေဖော်ဝါရီ ၁၄ က ပိုပြီး ရေပန်းစားလာပါတယ်။ ဆယ်ကျော်သက်တွေကို ရင်ခုန်စေပြီး ပိုက်ဆံရှာကောင်းတဲ့ ဗယ်လင်တိုင်းဒေးကို စီးပွားရေးသမားတွေက အကြီးအကျယ် လှုံ့ဆော်နေကြတာ တွေ့မြင်နေရပါတယ်။

ဘာပဲဖြစ်ဖြစ် ကလေးတွေကို မေ့လျော့မနေဖို့ နေ့ရက်တရက် ရှိနေသေးတာ ကျေးဇူးတင်စရာပါ။

ရေခြားမြေခြား ကလေးတွေ

ဒီကနေ့ မြန်မာပြည်သားတွေထဲမှာ ရေကြည်ရာမြက်နုရာ ရှာဖွေရင်း ရေခြားမြေခြားမှာ အခြေချလာကြတဲ့ မိသားစုတွေ တနေ့တခြား တိုးပွားလာနေပါတယ်။ ငယ်တုန်းပျိုတုန်း ရေမြေခြားမှာ စီးပွားရှာရင်းက အချိန်တန်လို့ ကြင်ယာပါ ရှာကြရသူတွေလည်း မနည်းပါဘူး။ ပြည်တော်ပြန်ဖို့ အချိန်ကို မခန့်မှန်းနိုင်လေ ရေမြေခြားမှာ ဘ၀တွေ အမြစ်တွယ်လေ ဖြစ်လာကြရပါတယ်။ ဒီတော့ တကိုယ်ရေက နှစ်ကိုယ်ရေ၊ နှစ်ကိုယ်ရေကနေ သုံးကိုယ်ရေ လေးကိုယ်ရေ ဆိုပြီး မိသားစုတွေ ဖြစ်လာကြရပါတယ်။

ရေမြေခြားမှာ မွေးဖွားလာတဲ့ ကလေးတွေရဲ့ အနာဂတ်ဟာ ခိုင်မာသေချာတယ်လို့ ဆိုနိုင်ပါ့မလား။ မိဘတွေက ပြည်တော်ပြန်ဖို့ ရည်ရွယ်ချက်ရှိရင် ကလေးတွေက ဘယ်အရွယ်အထိ ပြည်ပမှာ နေကြမှာလဲ။ မိဘတွေက ပြည်ပမှာပဲ အခြေချတော့မယ် ဆိုရင်ကော ကလေးတွေရဲ့ အနာဂတ်က ဘာဖြစ်လာမလဲ။ မိသားစု တခုချင်းစီ အပေါ်မှာ အတွေးအမျိုးမျိုး မျှော်လင့်ချက် အမျိုးမျိုး ရှိနိုင်သလို၊ အပေါင်းအစုလိုက် စဉ်းစားလိုက်ရင် ရေခြားမြေခြား မွေးဖွားလာတဲ့ မြန်မာနွယ်ဖွား ကလေးများရဲ့ အနာဂတ်ဟာ ခပ်ဝါးဝါး ပန်းချီကားတချပ်လို ဖြစ်နေပါသေးတယ်။


ထိုင်း-မြန်မာ နယ်စပ်လို ဒေသတွေမှာတော့ ကလေးသူငယ် အရေးဟာ ကြီးမားတဲ့ ပေါက်ကွဲမှုတခု ဖြစ်လို့နေတာ ကြာပါပြီ။ အမေရိကန်, ဥရောပ, ဂျပန်နဲ့ ကိုရီးယားလို နိုင်ငံတွေမှာတော့ ကလေးတွေရဲ့ ပညာရေး ကျန်းမာရေးက စိတ်ချရပေမယ့် အနာဂတ် ရပ်တည်ရေးကတော့ စဉ်းစားစရာတွေ အပြည့်နဲ့ပါ။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနွယ်ဖွားတွေဟာ ဒီလို နိုင်ငံအတော်များများမှာ အလွန်နည်းတဲ့ အရေအတွက်ပဲ ရှိနေကြသေးလို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ဘ၀ကို စွန့်ပြီး သက်ဆိုင်ရာ နိုင်ငံသားအဖြစ် ခံယူမယ် ဆိုရင်တောင် စာရင်းမ၀င်သေးတဲ့ လူနည်းစုထဲမှာ ပါနေသေးတာကြောင့် စိန်ခေါ်မှုက သူများထက် ပိုများပါသေးတယ်။

ဘာသာစကား

စိန်ခေါ်ချက်တွေထဲမှာ အထင်ရှားဆုံးကတော့ ဘာသာစကားနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေပဲ ဖြစ်ပါတယ်။ ကလေးတွေရဲ့ သဘာဝအရ သူနဲ့ ရွယ်တူ ပတ်ဝန်းကျင်က ပြောတဲ့ ဘာသာစကားကို သူတို့ ပိုတတ်လွယ်ပါတယ်။ မိဘတွေက မြန်မာပြည်မှာ ကြီးလာသူတွေမို့ မြန်မာစကားကိုပဲ အဓိကပြောမယ်။ ဒါမှမဟုတ် ကိုယ့် တိုင်းရင်းစကားကို အဓိက ပြောမယ်။ ကလေးတွေကျတော့ ဒီမှာ မွေးတာမို့ ဒီက စကားကိုပဲ အဓိက ပြောမယ်။ ဒီတော့ ကျောင်းတက်တဲ့အခါ ဒီက စကားကို ပြော၊ အိမ်ပြန်ရောက်တော့ မြန်မာလို ပြော။ ဒါမှမဟုတ် တိုင်းရင်းစကားကို ပြော။ တခါ နိုင်ငံတကာ တန်းဝင်ဖို့ အင်္ဂလိပ်စကားကိုလဲ သင်။ ဆိုတော့ ကလေးတယောက်ဟာ တချိန်တည်းမှာ ဘာသာစကား နှစ်ခုကနေ လေးခုအထိ လေ့လာ သင်ကြား နေရသူတွေ ဖြစ်လာပါတော့တယ်။

အကယ်၍ မိဘနှစ်ဦးဟာ စကားမတူတဲ့ မြန်မာတိုင်းရင်းသား နှစ်ဦး ဖြစ်ခဲ့ရင် ကလေးအဖို့ စကားတမျိုး ထပ်တိုးရဦးမှာ ဖြစ်ပါတယ်။ မိဘနှစ်ဦးဟာ လူမျိုးခြား, ဘာသာစကားခြား ဆိုရင်တော့ ကလေးတွေရဲ့ သင်ယူရမယ့် အရာတွေက ပိုမိုများပြား ရှုပ်ထွေးလာမှာ အမှန်ပါပဲ။

မြန်မာနွယ်ဖွားတွေ အတော်များများက ကိုယ့်သားသမီးကို ကိုယ့်ဘာသာစကား တတ်မြောက်စေဖို့ အိမ်မှာ ကိုယ့်စကားကိုပဲ ပြောခိုင်းလေ့ ရှိကြပါတယ်။ ဒါဟာ ကောင်းတဲ့ လုပ်ဆောင်ချက် တခုပါ။ သို့သော် နိုင်ငံခြားမှာ အနေကြာတဲ့ မိဘတွေ ကိုယ်တိုင် ကိုယ့်ဘာသာစကား ပြောဆိုတတ်မြောက်မှုဟာ တဖြည်းဖြည်း ကျဆင်းလာတတ်တယ် ဆိုတာကို လူတော်တော်များများက သတိမပြုမိကြပါဘူး။

ဘာသာစကားဆိုတာ ပြောဆိုတဲ့ လူအရေအတွက် များပြီး အသိုင်းအ၀န်း ရှိမှ ဖွံ့ဖြိုးတိုးတက် ကြွယ်ဝပါတယ်။ ပြောသူနည်းလာရင်, ပြောဖို့အချိန် နည်းလာရင် ပြောဆိုနိုင်စွမ်း ကျသွားတတ်ပါတယ်။ အားနာနာနဲ့ ပြောရရင် မိဘတွေ ကိုယ်တိုင်က ကိုယ့်စကားကိုယ် သိပ်မတတ်တော့တာကြောင့် ကလေးတွေကို အိမ်မှာ ကိုယ့်စကားပြောလို့ ဆိုပေမယ့် သူတို့ပြောဆိုတဲ့ စကားဟာ အရည်အသွေး သိပ်မမီတော့ပါဘူး။ များသောအားဖြင့် ကပြားစကားတွေ ဖြစ်လာပါတယ်။ သဒ္ဒါ အသုံးအနှုန်း အမှားတွေ ဖြစ်လာပါတယ်။ လေယူလေသိမ်း အမှားတွေ ဖြစ်လာပါတယ်။


စာဖတ်ပြပါ

ဒီအချက်ကို သတိရှိရင် ပြုပြင်လို့ရပါတယ်။ အဲဒါကတော့ စာဖတ်ဖို့ပါပဲ။ လူကြီးရော ကလေးရော စာဖတ်ဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ ကလေးတွေကို မိဘတွေက ကိုယ့်စာပေထဲက စာကောင်းပေကောင်းတွေကို အသံထွက်ပြီး စနစ်တကျ ဖတ်ပြဖို့ပါပဲ။

လူကြီးတွေကိုယ်တိုင် စာဖတ်တာကို မပျင်းမရိ ဖတ်ဖို့ လိုပါတယ်။ စကားလုံး ပီပီသသ၊ အဖြတ်အရပ် မှန်မှန်ကန်ကန်၊ အသံ ဟန် ကျကျနန ဖတ်ပြမယ်ဆိုရင် ကလေးရော လူကြီးပါ ဘာသာစကား တိုးတက်လာမှာ သေချာပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ မိမိ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ ကနဦး ခြေလှမ်းလည်း ဖြစ်ပါတယ်။

ယဉ်ကျေးမှု

လူဟာ ကိုယ့်ရဲ့ ဇာတိယဉ်ကျေးမှုကို အခင်တွယ်ဆုံး ဖြစ်ပါတယ်။ ဇာတိနဲ့ ဝေးလာလေ ဇာတိကို လွမ်းလာလေ ဆိုတာ သဘာဝပါ။ ဒီသဘာဝထဲမှာ မြန်မာနွယ်ဖွားတွေက ပိုအကဲဆတ်ပုံ ရပါတယ်။ ရေခြားမြေခြားကို ရောက်တော့မှ ကိုယ့်ယဉ်ကျေးမှုကို အရသာပိုတွေ့ လာကြတာ ပိုများတယ် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါလဲ ကောင်းတာပါပဲ။

ဒီကနေ့ဟာ ကမ္ဘာမှာ ယဉ်ကျေးမှုတွေက ထွေပြားရှုပ်ထွေးလာပြီး၊ အားကောင်းတဲ့ ယဉ်ကျေးမှုတွေက အားမကောင်းတဲ့ ယဉ်ကျေးမှုကို ၀ါးမြိုပစ်တဲ့ “ယဉ်ကျေးမှုစစ်ပွဲ” ကာလထဲ ရောက်နေပါပြီ။ ကိုယ်ချမ်းသာဖို့ အတွက် နိုင်ငံရေးကို ရှေ့တန်းထားတဲ့ အယူအဆဟာ “စစ်အေးခေတ်” နဲ့အတူ နိဂုံးချုပ်သွားပါပြီ။ အခုမှာတော့ ကိုယ်ချမ်းသာဖို့အတွက် ကိုယ့်ယဉ်ကျေးမှုကို “ပထမရောင်းကုန်” အဖြစ် ထုတ်လုပ် တင်သွင်း ဖြန့်ဖြူးတဲ့ ခေတ် ဖြစ်ပါတယ်။ ဒါကို သိမြင်လာကြလို့ တဖက်ကလည်း ယဉ်းကျေးမှုတွေ မပ,ပျောက်ရေး၊ တန်းတူထားရေး အမြင် အယူအဆတွေနဲ့ တွန်းလှန် နေကြပြန်ပါတယ်။ အသေချာဆုံးကတော့ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်က မြတ်နိုးတယ် ဆိုရင် ကိုယ်တိုင် ထိန်းသိမ်း စောင့်ရှောက် လက်ဆင့်ကမ်း ဖို့ပါပဲ။

ယဉ်ကျေးမှုဟာလည်း ဘာသာစကားလိုပဲ လူ့အသိုင်းအ၀န်းနဲ့ ထိန်းသိမ်းရတာမျိုး ဖြစ်ပါတယ်။ တဦးထဲ ချွန်ပြီး ထိန်းသိမ်းလို့ ရကောင်းတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် လူတွေဟာ တူရာတူရာ စုဖွဲ့ပြီး ကိုယ့်ယဉ်ကျေးမှု ဓလေ့တွေကို ဖော်ထုတ်ကြ ခံစားကြတာ ဖြစ်ပါတယ်။ မိဘတွေ ကိုယ်တိုင်က ကိုယ့်ယဉ်ကျေးမှုကို သိနားလည်ဖို့ ဟန်ကျပန်ကျ လုပ်ကိုင် ဆောင်ရွက်တတ်ဖို့ အရေးကြီးပါတယ်။

တခါတုန်းက သီတင်းကျွတ်မှာ လူကြီးတွေ သွားကန်တော့ပြီး ပြန်လာတဲ့ မိသားစု တခုမှာ၊ ကလေးလုပ်သူက အမေကို “အမေ ဟိုလူကြီးတွေက သားကို အန်ပေါင်း နဲနဲပဲ ပေးတယ်” လို့ ပြောလိုက်ပါတယ်။ မအေက ဘာပြန်ပြောမလဲလို့ အသာစောင့်ကြည့် နေပေမယ့် ဘာမှ ပြန်မပြောပါဘူး။ တဟဲဟဲနဲ့ ကလေးပြောတာကို သဘောကျနေပုံပါပဲ။ အဲဒါ မြန်မာတွေပါ။ တရုတ် မဟုတ်ပါဘူး။ တရုတ်နှစ်ကူးမှာ အန်ပေါင်း ပေးတာနဲ့ မြန်မာသီတင်းကျွတ်က မုန့်ဖိုးပေးတာကို ရောထွေးပစ်ပြီး ရှင်းမပြနိုင်ရင် အဲဒီကလေးက ဘာ ယဉ်ကျေးမှုကို အမွေ ဆက်ခံမှာတဲ့လဲ။

ခုကတည်းက ပြင်ဆင်ပါ

ကိုရီးယားမှာ မြန်မာမိသားစုတွေ, တိုင်းရင်းမိသားစုတွေ, မြန်မာ-ကိုရီးယား မိသားစုတွေ သိပ်မနည်းတဲ့ အရေအတွက်ကို ရောက်လာပါပြီ။ မျိုးဆက်သစ် ကလေးငယ်တွေလည်း နှစ်ဆယ် ၀န်းကျင်လောက် ရှိမယ် ထင်ပါတယ်။ ဒီကလေးတွေရဲ့ အနာဂတ် အတွက်၊ အထူးသဖြင့် ဘာသာစကား, ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေအတွက် မိဘတွေ စုစည်းပြီး ခုကတည်းက စဉ်းစား ဆွေးနွေးကြဖို့ အချိန်တန်ပါပြီ။ ကိုယ်တိုင် ရင်ဆိုင်နေရသူတွေ ကိုယ်တိုင် အတွေ့အကြုံချင်း ဆွေးနွေးဖလှယ်ပြီး တဦးကိုတဦး အကူအညီ ပေးတာက အထိရောက်ဆုံး နည်းလမ်းတခု ဖြစ်ပါတယ်။

ပြီးတော့ မြန်မာနွယ်ဖွား ကလေးတွေ အခုကတည်းက တဦးနဲ့တဦး ရင်းနှီးမှုရအောင် ထိတွေ့မှုတွေ လုပ်ပေးဖို့ လိုပါတယ်။ ကလေးအချင်းချင်း သင်ကြားပေးမှုဟာလည်း ထိရောက်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။

ဘာသာစကားနဲ့ ယဉ်ကျေးမှုကို မိဘတွေက အိမ်မှာ သင်တာတင် မကဘဲ၊ ပိတ်ရက်တွေမှာ စုဖွဲ့ပြီး သင်ကြား ပေးနိုင်အောင်လည်း စဉ်းစားသင့်ပါတယ်။ ငယ်ပါသေးတယ်လို့ မတွေးဘဲ အခုကတည်းက စဉ်းစား ပြင်ဆင်ထားတာ အသင့်တော်ဆုံးလို့ ထင်ပါတယ်။ မကြာခင် နှစ်များက အမေရိကားနဲ့ ဥရောပမှာ မြန်မာစာသင်ကျောင်းတွေ ဖွင့်လာတာ တွေ့ရပါတယ်။ ဒါတွေဟာ လိုအပ်ချက်အရ ပေါ်ပေါက်လာတာတွေပါ။ ကိုရီးယားက ကလေးတွေ အတွက်လည်း တနေ့မှာ မုချ လိုအပ်လာမှာတွေပါ။

ကလေးတွေအတွက် ပျော်စရွာ ရွှင်စရာတွေ၊ ဉာဏ်ရည်တိုးမယ့် အစီအစဉ်တွေ၊ အပမ်းဖြေ ဆော့ကစားစရာတွေ၊ လေ့လာဖတ်ရှုစရာတွေ ဆိုတာက တိုးတက်တဲ့ နိုင်ငံတခုမှာ သိပ်မခဲယဉ်းပါဘူး။ လက်တကမ်းမှာတင် ရှိနေပါတယ်။ သူတို့အတွက် လိုအပ်နေတာက သူတို့ရဲ့ အမျိုးဂုဏ် ဇာတိဂုဏ်ကို သိနားလည်စေမယ့် ယဉ်ကျေးမှု အမွေပဲ ဖြစ်ပါတယ်။

ကလေးမွေးနေ့ပွဲတွေ စည်ကားသိုက်မြိုက်သလို တနေ့မှာ ကလေးတွေအတွက် ယဉ်ကျေးမှု အစီအစဉ်တွေလည်း စည်ကားသိုက်မြိုက်စွာ ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်ရင်း ဒီဆောင်းပါးနဲ့ မိဘများကို တိုက်တွန်း ရေးသားလိုက်ပါတယ်။

ကိုရီးယားမှာ မွေးဖွားတဲ့ မြန်မာနွယ်ဖွား ကလေးငယ်များ အားလုံး အနာဂတ်ကို လှပစွာ ဖန်တီး တည်ဆောက်နိုင်သော လူ့အဖိုးတန်ကလေးများ ဖြစ်ကြပါစေ…




No comments: