Tuesday, July 19, 2011

ဖခင်ကြီး ဗိုလ်ချုပ် ဦးအောင်ဆန်းသို့... (၆၄) နှစ်မြောက် သတိရ လွမ်းဆွတ်ခြင်း

ရေးသားသူ — တော်ကူးသား လွမ်းနောင်

မှတ်မိသေးသလားကွယ်... သတ္တိသွေးတွေပြခဲ့ကြပေ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ် ငါတို့ဗမာပြည်မယ် မိဘတိုင်းကလေ ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမလေ...

သြော်...အဆိုတော် ဒေါ်မေလှမြိုင်၏ သီချင်းသံကို ပြန်လည်ကာ ကြားမိတော့၊ ကျွန်တော်ရဲ့ ကျောပြင်ထဲဝယ် ကြက်သီးများထကာ ရင်ထဲတွင်လည်း ၀မ်းနည်းတမ်းတ ဖြစ်ရပါ၏။ "အာဇာနည်နေ"့အတွက် အောက်မေ့ဝမ်းနည်း ကြေကွဲဖွယ် ရေးစပ်သီဆိုထားသော သီချင်းမြောက်များစွာထဲတွင် ဒီသီချင်းသံကို နားဆင်ရသူအပေါင်းတို့၏ ရင်ထဲ နှလုံးသားထဲဝယ် တကယ်ကို ကြေကွဲဝမ်းနည်း တမ်းတနေကြမှာပါ။ "အာဇာနည်နေ့" ကိုလည်း မြန်မာပြည်သူအပေါင်းတို့မှာ အမြဲတမ်း ၀မ်းနည်းတမ်းတခြင်းများစွာဖြင့် သတိရနေမှာပါ။ ဘယ်တော့မှလည်း မေ့ပျောက်နိုင်လိမ့်မယ် မထင်ခဲ့မိပါ။

၁၉၄၇ ဇူလှိုင်လ (၁၉) ရက်နေ့သိုရောက်လျှင် မိုးများစွာတို့  မှိုင်းညိုစွာ ရွာတော့မည် ဟန်ပန်အနေအထားဖြင့် ဖွားဖွားကလေး ရွာသွန်းနေသော မိုးသားထုကြီးရဲ့ အောက်ဝယ် မလှုပ်ချင်၊ မရွေ့လျားချင်သော ပုံစံမျိုးနှင့် လေတိုက်လျှင် ဖြေးညင်းစွာ ရွေ့လျားနေရသော အမိမြန်မာနိုင်ငံ အလံတော်ကို မြင်တွေ့ရသူ အပေါင်းတို့၏ စိတ်ထဲဝယ် အောက်မေ့ဖွယ်ရာ များစွာတိုကို လေးလေးတွေး၍ ငြိမ်သက်ငေးမောနေမိမှာ သေချာလှပါသည်။

အဘယ်ကြောင့်ပါနည်း.....ဗမာလွတ်လပ်ရေးဖခင်ကြီး၊ ငြိမ်းချမ်းရေး ဗိသုကာကြီးဖြစ်တဲ့ ဗိုလ်ချုပ် ဦးအောင်ဆန်း နှင့် အာဇာနည် ခေါင်းဆောင်အပေါင်းတို့၏ အသက်သွေးများစွာတို့ကို မသမာသူ အာဏာယစ်မှုးသည့် လူတစုက အချိန်ခဏအတွင်း ဖျက်ဆီးခဲ့တာကို မှတ်မိကြစေချင်ပါသေးသည်။ မြန်မာပြည်သူအပေါင်းတို့၏ ရင်ထဲနှလုံးသားထဲဝယ် "အာဇာနည်နေ့” နေ့ကို ကမ္ဘာမကြေစတမ်း ကျွန်ပ်တို့၏ အသက်ရှင်လျက်ရှိနေသမျှ မေ့နိုင်လိမ့်မည် မဟုတ်ကြပါ။

ငယ်ရွယ်စဉ် ကလေးဘ၀က မြန်မာအသံလွှင့်ဋ္ဌာနမှ ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင် အပေါင်းတို့၏ ရုပ်ပုံ၊ ဓာတ်ပုံ မှတ်တမ်းများနှင့် သီချင်းများစွာတို့ကို ထုတ်လွှင်ပေးခြင်း၊ ထို့အပြင် မြန်မာနိုင်ငံတ၀ှမ်း ရှိကြကုန်သော သင်္ဘော၊ မီးရထား၊ ကားအားလုံးတို့ နံနက် (၁၀:၃၅) မိနစ်အချိန်တွင် ခဏတာရပ်တန့်၍ ဟွန်းသံတို့ဖြင့် အချိန်ကြာကြာ ဥသြသံများဆွဲပေးခြင်း၊ ဋ္ဌာနဆိုင်ရာရုံးများ၊ အိမ်များတွင်လည်း နိုင်ငံတော်အလံများကို လွှင့်တင်ပေးခြင်းတို့ကို အစိုးရနှင့် ပြည်သူအပေါင်းတို့ အထူးလေးစားစွာ လုပ်ဆောင်မှုတို့ကို တွေ့ မြင်ကြားသိဖူးပါသည်။ ယနေ့အချိန်ကာလမှာတော့ နှစ်လရာသီတွေ ကူးပြောင်းသွားသလို၊ ဒါမှမဟုတ် သေသောသူ ကြာရင်မေ့ဆိုပြီး ဟောင်းနွမ်း ပျက်စီးသွားသည့် အရာများစွာတို့၏ နေရာတွင် အသစ်သစ်များ အစားထိုး ၀င်ရောက်ခဲ့သလိုမျိုးတောင် ထင်ရမလား မသိမိပါဘူး။ ယနေ့ခေတ်အခါ ကာလမှာတော့ ဗိုလ်ချုပ် အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင် အပေါင်းတို့ တိုင်းပြည်အကျိုးကို အသက်ပေး၍ သယ်ပိုးဆောင်ရွက်မှုတို့ကို ခေတ်အဆက်ဆက် အစိုးရတွေမှာ အသိအမှတ် မပြုချင်ကြတော့ပါလား...? ဘာကြောင့်ပါလိမ့် စဉ်းစားတွေးတောကြပါဦး။

သီပေါဘုရင် ပါတော်မှုပြီးနောက် မြန်မာပြည်တလွှား သူ့ကျွန်မခံဘူးဆိုပြီး ရရာလက်နက်ကို ကိုင်ဆောင်၊ တွေ့သည့် နေရာဝယ် တိုက်ခိုက်တွန်းလှန်ခဲ့ကြတာ ခေါင်းဆောင်များစွာတို့ မရေတွက်နိုင်ခဲ့မိပါဘူး။ သူတကာတို့ မစွမ်းဆောင်နိုင်ခဲ့သည့် ဗမာလွတ်ရေးကြီးကို အချိန်တို ကာလအတွင်း ရရှိအောင် စွမ်းဆောင်ပေးခဲ့တာလည်း အားလုံးသော ပြည်သူအပေါင်းတို့ အသိပါ။ ကိုလိုနီဘ၀မှာ ကျွန်ဖြစ်ရ၊ ဖက်ဆစ်ဂျပန် လက်အောက်ဝယ် တိရစ္ဆာန်ဘ၀ သာသာလေး နေခဲ့ရသည့် အမိဗမာနိုင်ငံတော်ကြီးကို ဘယ်သူတွေမှ ကျူးကျော် အုပ်ချုပ်တာကို မလိုလား... တို့အရှင်၊ တို့သခင်ဖြစ်အောင် ကြိုးစားကြရလိမ့်မယ်။ သူတကာကိုလည်း စည်းရုံး မိမိကိုယ်တိုင်လည်း အားအင်စိုက်ထုတ် အပတ်တကုတ် ကြိုးစားလုပ်ဆောင်သွားခဲ့သည်။ ဖခင်ကြီး ဦးအောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင် အပေါင်းတို့မှာ "နေညမဟူ ရန်သူခပင်း တွေ့လျှင်ရှင်းကွယ်၊ ကိုယ်တိုင်ရှေ့ ဆောင်၊ ဤခေါင်းဆောင်တို့ အသက်နှင့်အမျှ တည်ရှိကျွန်ဘ၀ လွတ်လမ်းကိုသာ အချိန်ခါရှိခိုက် လုံ့လစိုက်ထူ၊ မိုက်သူခပင်း ရန်ကိုနှင်လော့" အမိမြန်မာနိုင်ငံတော်ကြီး အတွက် မော်ကွန်းဝင်၊ မော်ကွန်းတင်နိုင်လောက်တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတို့ကို ဖယ်ရှားဖျောက်ဖျက်ပြီးတော့ မည်သို့သော ခေါင်းဆောင်တို့ကို ရှေ့ ဆောင်လမ်းပြတင်ကာ အနာဂတ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို ဘယ်လိုများ ရှေ့ဆက်သွားကြဦးမှာလဲ?

ယနေ့အချိန်မှာတော့ တိုင်းပြည်၏ ဖခင်ကြီးကို အသိအမှတ် မပြုတော့တဲ့ စစ်အစိုးရ အဆက်ဆက်တို့၏ မရိုးသားသော ကောက်ကျစ်မှုတို့ကြောင့် မြန်မာပြည်တလွှား အာဇာနည်နေ့ကို ဘာမှန်းမသိတော့၊ တန်ဖိုးလည်း မထားတတ်ကြတော့ပါ။ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ အင်္ဂလိပ် စစ်ဗိုလ်ကြီးလား၊ ဂျပန် စစ်ဗိုလ်ကြီးလား လို့ မေးရတော့မယ် အခြေအနေသို့ ဆိုက်ရောက်ခဲ့လေပြီ။

ဝမ်းနည်းစရာ ကောင်းလှပါဘိ... နိုင်ငံတကာမှာတော့ တိုင်းပြည်အတွက် အသက်ပေး၍ မော်ကွန်းထိုးခဲ့သော နေ့များစွာတို့ကို အစဉ်တစိုက် အထူးစည်းကားသိုက်မြိုက်အောင် တန်ဖိုးထားကျင်းပလျက် ရှိသည်ကို တွေ့ရှိရပါသည်။ အမိမြန်မာနိုင်ငံမှာတော့ မပြုလုပ်တဲ့အပြင် ပိတ်ဆို့တားမြစ်မှုတွေကိုပါ အစဉ်တစိုက် ပြုလုပ်နေသည်ကို တွေ့ မြင်နေရပါသည်။ အဘယ်ကြောင့်ပါနည်း?

ဟောင်းနွမ်းသွားသော အရာများစွာတို့ နေရာတွင် အသစ်သစ်တွေ အစားထိုးတာက ရုပ်ဝတ္တုတွေပဲရမယ်။ သမိုင်းတခေတ်ရဲ့ စွမ်းဆောင်ရှင် နေရာကိုတော့ ဘယ်လိုများ အစားထိုးကြမှာလဲ...? မလုပ်ကောင်းဘူး ဆိုတာကိုတော့ သိကြပါလိမ့်မည်။
မြန်မာ့သမိုင်း စာမျက်နှာပေါ်မှာလည်း ဗိုလ်ချုပ် ဦးအောင်ဆန်းလို အာဇာနည်မျိုးဟာ တခေတ်မှာ တစ်ဦးတစ်ယောက်ပဲ နောက်ထပ် ပေါ်ထွက်လာနိုင်စရာ မရှိတော့ဘူးဆိုတာကို သိစေချင်ပါတယ်။ လောကကြီးမှာ နေမင်း၏ အလင်းစွမ်းအင်ကို မည်သို့သော အလင်းစွမ်းအားတို့မှ ယှဉ်ပြိုင်ခြင်းငှာ မရနိုင်သကဲ့သို့ မြန်မာ သမိုင်းရဲ့ အရှင်သခင်ကြီးဟာ လွတ်လပ်ရေး ဖခင်ကြီး၊ ငြိမ်းချမ်းရေး ဗိသုကာကြီး ဖြစ်တဲ့ ထာဝရ... အောင်ဆန်း၊ နှလုံးသားထဲက ဦးအောင်ဆန်း၊ ပြည်သူအပေါင်းတို့ လေးစားစွာ ချစ်ရပါသော ဗိုလ်ချုပ်ကြီး ဦးအောင်ဆန်း ဆိုတာ နောင်လာ မျိုးဆက်သစ်များစွာတို့ကို လက်ဆင့်ကမ်း ပြောပြစေချင်ပါတယ်။ လက်ဆင့်မကမ်းခဲ့ရင်တော့ အာဇာနည်တို့၏ နေရာတွင် တကယ်ကို ရိုင်းစိုင်းယုတ်မာသည့် စစ်ခွေးကြီးများ ၀င်ရောက်မည့်အရေးကို တာဝန်သိ၊ တာဝန်ရှိသူများမှာ အချိန်မီ ကြိုတင်ကာ တားမြစ်ကြပါဆိုလားဗျာ။ ယခု အချိန်ကာလမှ စတင်၍ နောင်လာ မျိုးဆက်သစ်များစွာတို့ကို မြန်မာသမိုင်း စာမျက်နှာပေါ်တွင် တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေသော လွတ်လပ်ရေး ဖခင်ကြီး၊ ငြိမ်းချမ်းရေး ဗိသုကာကြီးဖြစ်တဲ့ ဗိုလ်ချုပ်ဦးအောင်ဆန်း နှင့် အာဇာနည်များစွာတို့ကို သမိုင်းခေတ် အဆက်ဆက်အတွက် လက်ဆင့်ကမ်း အမွေပေးကြပါစို့နော်...။

ဤဆောင်ပါးကို ရေးရသည့် ရည်ရွည်ချက်မှာ မြန်မာနိုင်ငံတ၀ှမ်း ရှိကြကုန်သော မျိုးဆက်သစ် လူငယ်များစွာတို့ "အာဇာနည်နေ့" ကို တန်းဖိုးထား မြတ်နိုးမိစေရန်၊ ခေတ်အဆက်ဆက် အစိုးရတို့၏ ကောက်ကျစ်မှုတို့ကြောင့် မြန်မာသမိုင်း၏ စွမ်းဆောင်ရှင် အာဇာနည်ခေါင်းဆောင်ကြီး များစွာတို့ နေ့ညအလား ပျောက်ကွယ်သွားတော့မည့် အရေးကို ဖော်ထုတ်ပြသစေခြင်း၊ နောက်ပြီး မျိုးဆက်သစ် လူငယ်များစွာတို့ အမျိုးချစ်စိတ်ဓာတ်၊ ဘာသာချစ်စိတ်ဓာတ်တို့ကို တစ်ဖန် ပြန်လည်ကာနိုးကြားလာစေခြင်း၊ ထိုနောက် နိုင်ငံခြားသား တိုင်းတပါးတို့ကိုလည်း အထင်မကြီးမိစေရန် ရည်ရွယ်၍ ကြိုးစားကာ ရေးသားလိုက်ခြင်း ဖြစ်ပါသည်။

ဤစာဖြင့်ပင် ဖခင်ကြီး ဦးအောင်ဆန်း နှင့် အာဇာနည် သွေးသောက်များစွာတို့ကို (၆၄) နှစ် တိုင်တိုင် ထာဝရ မမေ့နိုင်ခဲ့ဘူး ဆိုတာကို ဖော်ကျူးရင်း (၆၄) နှစ်မြောက် အာဇာနည်နေ့ကို မြန်မာပြည်သူ အပေါင်း မြောက်များစွာတို့နှင့် ရိုသေမြတ်နိုးစွာ ကျွန်ရှစ်ခိုးလိုက်ရပါတော့သည်။

ဖခင်ကြီး
ဗိုလ်ချုပ် ဦးအောင်ဆန်း သို့...

2 comments:

winhlaiwin said...

အောင်ဆန်း စာလုံးပေါင်း မှားနေလို့

သူကြီး said...

ပြင်လိုက်ပါပြီ။ ကျေးဇူးပါ။