Sunday, July 31, 2011

ဘူဆန်ခရီး

ရေးသားသူ — အင်ကြင်း

ပြီးခဲ့တဲ့ ဧပြီလ ၂၁ရက်နေ့က ကျမဘူဆန်(Busan)ကို အလုပ်ကိစ္စနဲ့ သွားဖြစ်ခဲ့ပါတယ်။ ဘူဆန်ကို သွားချင်ခဲ့တာကြာပြီ ဖြစ်ပေမယ့် တစ်ခါမျှမရောက်ဖြစ်ခဲ့ပါဘူး။ ၁၂နာရီမှာ ကျမတွေ့ရမယ့် အရှေ့တောင်အာရှ သုတေသနဌာနရဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ ပါမောက္ခဖြစ်သူနဲ့ နေ့လည်စာအမှီချိန်းထားတာဖြစ်လို့ ဘူဆန်ကို မနက် ၈နာရီထွက်မယ့် KTX အမြန်ရထား နဲ့ထွက်လာခဲ့ပါတယ်။

ဘူဆန်ဟာ လူဦးရေ ၄သန်းနီးပါးလောက်နေထိုင်တဲ့ ကိုရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့လို့ခေါ်နိုင်တဲ့ ဆိပ်ကမ်းမြို့ကြီးဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ကာဂိုတွေ အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချတဲ့ အဓိကမြို့ကြီးလည်းဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ အရှေ့တောင်ပိုင်း ပင်လယ်နဲ့ထိစပ်နေတဲ့ မြို့ဖြစ်တာကြောင့် မြို့ထဲမှာပဲ ပင်လယ်ကမ်းခြေတွေကို လှမ်းမြင်နေရပါတယ်။

၂နာရီခွဲလောက် ကျည်ဆန်ရထားစီးလာပြီး ဘူဆန်ရောက်လာပါတယ်။ ဘူတာရောက်တော့ ကျမလဲ ဘယ်သွားရမှန်းမသိပဲ တလည်လည်ဖြစ်နေခဲ့ပါတယ်။ ဘူဆန်မှာကျောင်းတက်နေတဲ့ ကျမရဲ့ အိန္ဒိယ သူငယ်ချင်းကို လှမ်းမေးတော့သူကလည်း သေခြာရှင်းမပြနိုင်တာမို့ ကိုယ့်ဖာသာ မေးမြန်းပြီး မြေအောက်ရထားဆက်စီးလာခဲ့ပါတယ်။ ဒုက္ခကတော့ ဘူဆန်ကလူတွေက အလွန်ကို စကားဝဲတော့ သူတို့ပြောတာတွေနားမလည်တာပါပဲ .. သူတို့ပြောသမျှ မနဲလိုက်နားထောင်ရပါတယ်။ ၀ဲတော့ဘာပြောနေမှန်းကို သေခြာမသိတာပါ။ ကျမတို့ဆီက ထားဝယ်တွေလိုပါပဲ။ နယ်စကားသံအတော်ဝဲပါတယ်။
ဒီလိုနဲ့ ဟိုမေးဒီမေးနဲ့ရောက်သွားပါတယ်။ ဘူဆန်နိုင်ငံခြား ဘာသာတက္ကသိုလ်က တောင်ကုန်းအမြင့်ကြီးပေါ်မှာ ဆောက်ထားပါတယ်။ ကျမသွားရမယ့် အပြည်ပြည်ဆိုင်ရာဌာနကလဲ တောင်ထိပ်ဆုံးမှာမို့ အတော်စိတ်ညစ်သွားပါတယ်။ ကျောင်းဝန်းထဲက အဆောင်တွေရှိတဲ့ နေရာကတောင်ထိပ်ပေါ်ကဆိုတော့ ပင်လယ်ကို လှမ်းမြင်နေရပါတယ်။ ဒါနဲ့ ရောက်ပြီးမကြာခင် ပါမောက္ခနဲ့ စကားပြောဆွေးနွေးပြီး ထမင်းကိုတော့ အချိန်မရတာနဲ့ အပြင်ထွက်မစားနိုင်လို့ ဆရာ့ရုံးခန်းမှာပဲ မှာယူပြီး အတူနေ့လည်စာစားဖြစ်ခဲ့ပါတယ်။ ဆရာက အလွန်ဖော်ရွေပြီး မြန်မာစကားကိုလည်း ကောင်းကောင်းပြောတတ်ပါတယ်။ သည့်နောက်တော့ ၃နာရီမှာ သူတို့ဌာန အစည်းအဝေးရှိတာကြောင့် ကျမလည်း မြိုံ့ထဲ လျှောက်လည်ဖို့ တယာက်တည်း ထွက်လာခဲ့ပါတယ်။ ဘက်စ်ကားတက်စီးတော့ ကားသမားကြီးက ဖော်ဖော်ရွေရွေနဲ့ပါပဲ ဘယ်နိုင်ငံက လာသလဲလို့နှုတ်ဆက်ပါတယ်။ သူတို့လည်း ကျမတို့ဆီကလိုပဲ နိုင်ငံခြားသူဆို စိတ်ဝင်တစားရှိကြပါတယ်။ အကူအညီလည်း ပေးတတ်ကြပါတယ်။

ပထမဆုံး ကုလသမဂ္ဂ(UN)ပန်းခြံ ဒါမှမဟုတ် စစ်သချို င်္င်းကိုသွားကြည့်ဖြစ်ပါတယ်။ အဲဒီအနီးမှာ နိုင်ငံခြားခရီးသွားဧည့်သည်တွေအတွက် လမ်းညွှန်ရုံးခန်းလေး တစ်ခုရှိပါတယ်။ ကျမလည်း ၀င်မေးတော့ အဲဒီကကိုရီးယားမလေးက အတော်ကို ဖော်ဖော်ရွေရွေနဲ့ စိတ်ရှည်လက်ရှည်ရှင်းပြပြီး မြေပုံတွေ ဘူဆန်အကြောင်း လမ်းညွှန် စာအုပ်အသေးလေးတွေပေးပါတယ်။ အင်္ဂလိပ်လိုလည်း အတော်ပြောတတ်ပါတယ်။ ကျမက မြန်မာပြည်က လာတာဆိုတော့ သူမြန်မာတစ်ခါမျှ မတွေ့ဖူးကြောင်း တွေ့ရတာဝမ်းသာတယ်လို့ပြောပါတယ်။ တကယ်ဆို ဘူဆန်မှာ အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးတွေအများကြီးရှိပါတယ်။ သည်လိုနေရာမျိုးတွေကို သွားမကြည့်ကြလို့များလားလို့ တွေးမိခဲ့ပါတယ်။

UNပန်းခြံက အကျယ်ကြီးပါပဲ မြန်မာပြည်ကထောက်ကြံ့စစ်သချို င်္င်းကို သတိရမိပါတယ်။ ကိုရီးယားစစ်ပွဲတုန်းက အသက်ပေးသွားရတဲ့ နိုင်ငံတကာ စစ်သည်တွေ အထိမ်းအမှတ် ပြုလုပ်ထားပြီး အမှတ်တရ ပြခန်း(Memorial service hall)လည်း ထားရှိပြီး Memorabilia hallက နှစ်ခုရှိပါတယ်။ ကိုရီးယားစစ်ပွဲမှာတုန်းက နိုင်ငံတကာ စစ်ရေးအကူအညီပေးခဲ့တဲ့ ၁၆နိုင်ငံက အလံတွေနဲ့ အမှတ်တရဓါတ်ပုံတွေပါ ပြသထားပါတယ်။ အဲဒီဝန်းထဲမှာ ပန်းပင်တွေစိုက်ထားတာလည်း အတော်လှပါတယ်။ ကြားရက်ဆိုတော့ လူကလည်း ရှင်းနေတော့ ကျမမှာ ဓါတ်ပုံရိုက်ချင်တာ ရိုက်ပေးမယ့်သူက မရှိတော့ ခြံထဲမှာ တွေ့တဲ့ အဖိုးကြီး အဒေါ်ကြီးတွေကို ခေါ်ရိုက်ခိုင်းရပါသေးတယ်။ သူတို့ကမရိုက်တတ်ဘူး ဆိုတော့ ကျမကပဲ သင်ပေးပြီး ရိုက်ခိုင်းရပါတယ်။ ကိုရီးယားအဒေါ်ကြီးအုပ်စုနဲ့တွေ့တော့ ထုံးစံအတိုင်းဝိုင်းစပ်စုကြပါတယ်။ ဘယ်နိုင်ငံကလဲ အသက်ဘယ်လောက်လဲ အိမ်ထောင်ရှိလားနဲ့ စုံနေတာပါပဲ။ အိမ်ထောင်မရှိဘူးဆိုတော့ ထုံးစံအတိုင်း ကိုရီးယားနဲ့ ယူပြီး ဒီမှာနေလို့ပြောကြပါသေးတယ်။ အဲဒီပန်းခြံနားမှာ ပြတိုက်လည်း ရှိပေမယ့် အချိန်မရလို့ မ၀င်ဖြစ်ခဲ့ပါဘူး။

နောက်တော့ ကျမက ဘူဆန်ရောက်တုန်း ကမ်းခြေကို သိပ်သွားကြည့်ချင်တာနဲ့ အဌားကားနဲ့ အနီးဆုံး ဂွါန်းဂါလီကမ်းခြေကို သွားခဲ့ပါတယ်။ ဘူဆန်မှာ နာမည်ကြီး ကမ်းခြေတွေဖြစ်တဲ့ Gwangalli Beach, Haeundae Beach, Songjeong Beach တို့ရှိပါတယ်။
ဂွါန်းဂါလီကမ်းခြေက အကျယ်ကြီးတော့မဟုတ်ပေမယ့် ကျမကို ညနေစာအမှီ ၅နာရီပြန်လာဖို့ မှာလိုက်တာကြောင့် ခဏပဲကြည့်ခဲ့ရပြီး ရုံးခန်းကို အမြန်ပြန်ခဲ့ရပါတယ်။ ကမ်းခြေမှာဈေးဆိုင်လေးတွေက ညနေစောင်းမှာစဖွင့်လို့ ကျမရောက်တော့မဖွင့်သေးပါဘူး။ ညဘက်ဆိုမီးတွေလည်း ကမ်းခြေတလျှောက်ထွန်းထားလို့ ပိုလှတယ်လို့ပြောပေမယ့် ကျမက ပင်လယ်ကို လင်းလင်းချင်းချင်း မြင်ရတာကြိုက်ပါတယ်။

ဘူဆန်မှာ သွားလည်စရာနေရာတွေစုံပေမယ့် အချိန်ကမရတာကြောင့်မသွားနိုင်ခဲ့ပါဘူး။ ဘော်မော်ဆာ(Beomeo-sa)လို့ခေါ်တဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းက ဘူဆန်မှာ အကြီးဆုံးမို့ မနက်ဖြန်မနက်မှ သွားတောမယ်လို့ စိတ်ကူးမိပါသေးတယ်။ (အဲဒီအကြောင်းကို နောက်မှရေးပါမယ်)

ညနေစာစားဖို့အသွားမှာ ဆရာက ကျမကို ညနေက ကျမရောက်ခဲ့တဲ့ ပင်လယ်မှာ ဖြတ်ဆောက်ထားတဲ့ တံတားပေါ်ကနေ ဖြတ်သွားပြပါတယ်။ ပင်လယ်ကို သဘောကျတဲ့ကျမအတွက် မြင်ရတာ တငေးတမောနဲ့ ဘူဆန်မြို့ကြီးက လှပနေပါတယ်။ ညနေစာကို ဌာနကဆရာတွေနဲ့ အတူ ပင်လယ်စာ ဘူဖေးသွားစားကြပြီး ၈နာရီခွဲမှ ပြန်လာကြပါတယ်။
ကျမလည်း အပြန်ရထားပဲစီးတော့မယ်စိတ်ကူးပြီး ဘူဆန်ဘူတာကြီးကို ထွက်လာခဲ့ပါတယ်။ အဲဒီဘူတာ ပတ်လည်မှာ ဟိုတယ်ကြီးတွေ မိုတယ်လ်တွေအလွန်ပေါပေမယ့် ဈေးကတော့ မကွာလှပါဘူး။ ကျမတည်းတဲ့ဟိုတယ်က ဂျပန်ဧည့်သည်တွေ အလာများတယ်နဲ့တူပါရဲ့ ကောင်တာက မန်နေဂျာကော ဧည့်ဝန်ထမ်းကော ဂျပန်လိုတွေပြောနေတာကြားရပြီး ဂျပန်ဧည့်သည်တွေလည်း တွေ့ရပါတယ်။ ဘူတာကနေလက်မှတ်သွားဝယ်ပြီးလျှောက်လည်မလို့လုပ်တော့ ည၁၀နာရီကျော်နေပါပြီ အနီးက တရုတ်တန်းရှိတာကြောင့်သွားချင်ပေမယ့် ဟိုတယ်ဝန်ထမ်းလေးက အဲဒီမှာ ညဘက်မှာ ရုရှားတွေအသွား များကြောင်းနဲ့ တယောက်ထဲဒီအချိန်မကောင်းကြောင်း ပြောတာနဲ့ အခန်းထဲမှာ တီဗွီထိုင်ကြည့်ရင်း စောစောအိပ်လိုက်ပါတော့တယ်။

ညက အိပ်ကောင်းတာနဲ့ မနက်ကျတော့ ၇နာရီကျော်တာတောင် မထချင်ပဲထရပါတယ်။ ရထားချိန်နီးနေလို့ ဘယ်မှမသွားနိုင်တော့ပါဘူး။ ရထားက အချိန်အတိအကျနဲ့ထွက်လို့ အချိန်မှီသွားဖို့ပြင်ပြီး အပြင်ကိုကြည့်လိုကတော့ မိုးတွေရွာနေပါတော့တယ်။ ထီးလဲမရှိတော့ ဂျူတီချိန်းတဲ့ ဟိုတယ်ဝန်ထမ်းကောင်လေးက ဘူတာအထိလိုက်ပို့ပေးလို့ တော်ပါသေးတယ်။ သာမန်အမြန်ရထားဆိုတော့ ၅နာရီကြာအောင်တောင်စီးရမှာမို့ လမ်းမှာပဲ နေ့လည်စာစားရမှာပါ။ ရထားပေါ်မှာ ဂိမ်းတို့ကွန်ပြူတာတို့သုံးလို့ ရတဲ့အတွဲအပြင် ထမင်းတို့မုန့်တို့ရောင်းတဲ့တွဲလည်း ပါပါတယ်။ ထမင်းဆိုတာက ထမင်းဘူးပေါ့ ဈေးကလည်း(ဝမ်) ၇၅၀၀ဆိုတော့ သာမန်ထက်တော့ဈေးကြီးပါတယ်။

ဘာပြောပြော ကျမက ရထားစီးရတာကို လေယာဉ်တို့ ကားတို့ထက်သဘောကျပါတယ်။ ကျယ်ကျယ်ဝန်းဝန်းရှိပြီး အပြင်ရူခင်းကို ကောင်းကောင်း တွေ့မြင်ခံစားနိုင်လို့ပါ။ အသွားတုန်းကတော့ KTX က တအားမြန်တော့ အိပ်ရင်းလိုက်လာခဲ့တာပါ။ အပြန်တော့ အေးအေးဆေးဆေးပဲ ရထားစီးရင်း အပြင်ကိုငေးရင်းနဲ့ ငယ်ငယ်က မြန်မာပြည်မှာ မိသားစုနဲ့ အတူ ရထားစီးပြီးခရီးသွားခဲ့တာတွေကို အမှတ်ရမိပါတယ်။ ဘူဆန်က အပြန် ရထားပေါ်ကနေ အပြင်မှာ မြင်ရတဲ့ မြင်ကွင်းက ပန်းတွေနဲ့ ဒီရာသီမှာ သိပ်ကိုလှပါတယ်။ နောက် အဲဒီက လမ်းမှာတွေ့တဲ့နယ်ဘူတာလေးတွေက ကျမတို့မြန်မာပြည်ကလို ပုံစံမျိုးလေးတွေပါပဲ သိပ်မကွာလှပါဘူး။ ဒါပေမယ့်ဈေးသည်တော့မရှိပါဘူး။ ကျမတို့ငယ်ငယ်ကဆို ခရီးထွက်ရင် မောင်နှမတွေ ဘေးခုံဦးနေကျလေ…ပြူတင်းပေါက်ကနေ ငေးရ လမ်းမှာရပ်တဲ့ဘူတာမှာ ဈေးသည်ကို လှမ်းခေါ်ရတာနဲ့ သိပ်ပျော်ပါတယ်။
ရထားစီးရင်း ထမင်းစားရတာ ဘယ်လိုအရသာရှိမှန်းမသိပါဘူး စားလို့သိပ်ကောင်းသလိုပါပဲ။ မေမေက ဖေဖေနယ်ပြောင်းလို့ ကျမတို့ ကျောင်းပိတ်ရက် လိုက်လည်ရင် ထမင်းချိုင့်ထဲမှာ လက်ဖက်၊ ချဉ်ပေါင်ကြော်၊ ငါးခြောက်ဖုတ်စတာတွေပြင်ဆင်ထည့်လာပါတယ်။ ဒါတွေစားရတာအပြင် လမ်းက ဌက်ပျောဖက်နဲ့ ထည့်ထားတဲ့ ဆနွင်းဝါ၀ါနဲ့ ချက်ထားတဲ့ ဟင်းနဲ့ ထမင်းထုပ်စားရတာ ပျော်ခဲ့တာကိုလည်း အမှတ်ရမိပါတယ်။ ရေသည်လေးတွေရဲ့ ရေရမယ်ရေဆိုတဲ့ အော်သံကိုကြားမိမြင်မိပါသေးတယ်။ ဒီမှာတော့ ဘူတာဆိုက်တိုင်း အဲလိုအသံတွေမကြားရပါဘူး။ တစ်ဒေသနဲ့ တစ်ဒေသမတူညီကြပေမယ့် အမှတ်တရဖြစ်စရာလေးတွေတော့ အများကြီးပါ။

နောက်တစ်ခေါက် ဘူဆန်ကို သွားခဲ့ရင်တော့ ကျမသွားချင်တဲ့ နေရာစုံကိုသွားကြည့်ဖို့ စိတ်ထဲက မှန်းရင်း…..

အင်ကြင်း

No comments: