Yမြစ်ချို ရဲ့ တတိယမြောက် စီးရီးဖြစ်တဲ့ “အေးစက်ပျစ်ခဲသွားသော ပန်းနုရောင် ချစ်ခြင်းများ” အမည်ရ တေးစု မကြာမီ ထွက်လာပါတော့မယ်။ သူ့ရဲ့ ကိုယ်ပိုင် ဖန်တီးထားတဲ့ တေးသီချင်းတွေ အကြောင်းနဲ့ ဂီတလောကအပေါ် သူ့ရဲ့ ရင်ခုန်သံအချို့ကို အင်တာဗျူး အစီအစဉ်အဖြစ် တင်ဆက်လိုက်ပါတယ်။
မေး -- အခု အခွေက ခင်ဗျားရဲ့ တတိယမြောက် အခွေနော်။ ရှေ့က နှစ်ခွေနဲ့ အခု လုပ်နေတာနဲ့ ဘာကွာသလဲ။
ဖြေ -- ရှေ့နှစ်ခွေနဲ့ အခုခွေနဲ့ လုပ်ရတဲ့ ခံစားချက် ကွာတာတော့ အများကြီးပဲ။ ဘာလို့လဲ ဆိုတော့ ရှေ့အခွေတွေက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သီချင်းတွေ ဖြစ်တယ်။ အခုကတော့ လူတယောက်ရဲ့ ဘ၀နဲ့ အချစ်၊ ယုံကြည်မှု၊ ငယ်ငယ်က အကြည်ဓာတ်ရှိစဉ်က ခံစားမှုတွေကို ပြန်ဖော်ထုတ်ထားတာပါ။ ဒီအချိန်မှာ အဲသည်တုန်းက ရေးခဲ့တဲ့ အတွေး စကားလုံးတွေကို ကျနော် မရေးနိုင်တော့တာတော့ အမှန်ပဲ။ အရင် ငယ်ငယ်က ရေးခဲ့တာတွေ အများစုပါ။
မေး -- ငယ်ငယ်က ရေးခဲ့တာ ဆိုတော့ အဲသည်တုန်းထဲက ဂီတပိုင်း အတီးပိုင်းတွေက လုပ်ထားပြီးသားလား။
ဖြေ -- မြူးဇစ်က လုပ်ထားပြီးသား။ ဒါပေမယ့် ကိုယ်ဟာကိုယ် ဒီလို အခွေတွေဘာတွေ လုပ်နိုင်မယ်လို့ မထင်ထားဘူး။ သို့သော် လုပ်တတ်သလောက်လေး လုပ်ထားခဲ့တာတွေ ရှိတယ်။ အခုချိန် ကိုယ်ပိုင် လုပ်နိုင်တဲ့အခါမှာ ဒီသီချင်းလေးတွေကို ကျနော် နှမြောလို့၊ အထူးသဖြင့် ကိုယ်ပိုင်သံစဉ်တွေ ဖြစ်လို့ အမှတ်တရ လုပ်ဖြစ်တာပါ။
မေး -- ခင်ဗျား သီချင်းတွေက ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်ပိုင် ဖန်တီးတာတွေ ဆိုတော့ မြူးဇစ် အတီးပိုင်းတွေကကော ဘယ်လို လုပ်ထားသလဲ။
ဖြေ -- ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ဆိုပေမယ့် အချို့ မြူးဇစ်တွေ ဖန်တီးရာမှာ ကျနော် မတတ်တာတွေ ရှိတယ်။ အဲတော့ စတူဒီယိုက ကိုရီးယား တီးဝိုင်းနဲ့ အင်ဂျင်နီယာတွေကို ကျနော်လိုချင်တဲ့ ဂီတပုံစံကို ပြောပြတယ်။ လိုချင်တဲ့ တူရိယာတွေ၊ ဘယ်နေရာမှာ ဘာသုံးချင်တာ ဆိုတာတွေ ပြောပြတယ်။ တယောသံ၊ ပုလွေသံ စသဖြင့်ပေါ့။ ကျနော် ခံစားမိထားတဲ့ ဂီတတွေထဲက ကျနော် ကောင်းမယ် ထင်တာလေးတွေပေါ့။ လက်တင်စကေး, အာရေဗီယံစကေး လိုချင်တာလေးတွေ ပြောပြတယ်။ သူတို့က ရှာပေးတယ်။ ကျနော် အားလုံးတော့ နားလည် တတ်ကျွမ်းတာ မဟုတ်ပါဘူး။
မေး -- တီးဝိုင်းသီးသန့် မရှိဘူးပေါ့။
ဖြေ -- the heath တီးဝိုင်း ဆိုတာက စတူဒီယိုရဲ့ ၀ိုင်းပါ။ section players တွေပေါ့။ ကျနော်က လိုချင်တာ အဆင်သင့် ပေးထားပြီးသား ဆိုတော့ သူတို့ အတွက်လည်း လုပ်ရတာ အဆင်ပြေပါတယ်။ သိပ်ကပ်သပ်နေတဲ့ တချို့နေရာဆို ကျနော် လိုချင်တာကို ပါးစပ်နဲ့ တီးပြတယ်။ အဲဒါကို အတီးသမားက သူ့ တူရိယာအလိုက် ၀င်တီးပေးမယ်။ အချိန်ပိုင်း ပရော်ဖက်ရှင် သမားတွေပေါ့။ အားလုံးကိုတော့ ကျနော် လိုချင်တဲ့ ပုံစံရတဲ့အထိ လုပ်ယူရထားတာပါ။
မေး -- ခင်ဗျားက ကိုရီးယားမှာ အသံသွင်း အခွေထုတ်တာ သုံးခွေ ရှိပြီ ဆိုတော့ အတော်လေး အတွေ့အကြုံ ရှိပြီလို့ ပြောလို့ရပြီပေါ့။ အဲတော့ အခု နောက်ဆုံး လုပ်ရတာအပေါ်မှာ အားရကျေနပ်မှု ရှိလား။
ဖြေ -- စိတ်တိုင်းကတော့ ဘယ်ကျမလဲ။ အားနည်းချက်တွေ အများကြီး ရှိတာပေါ့။ အခုလုပ်တာမှာ ဆိုရင် ထိုင်းက ကျနော့် ညီတွေ ကူညီ တီးပေးထားတာတွေ ရှိတယ်။ ဟိုက အကြမ်း တီးပေးလိုက်တာတွေ။ အဲဒါကို ဒီမှာ ပေးတဲ့အခါ သူတို့က အချော ပြန်တီးမပေးဘူး။ အဲသည့် အကြမ်းကိုပဲ ပြန်သုံးလိုက်တာ။ ဒီမှာက အလုပ်ကို ငွေကြေးနဲ့ တွက်ယူတာ ဆိုတော့ တပုဒ်လုံး အတွက်ဆို တဈေး၊ တပိုင်းတစဆို တဈေး။ အသံ အရည်အသွေးကျတော့ သိပ်မကောင်းဘူး ဖြစ်တာပေါ့။ အဲဒါမျိုးတွေ အတော် ညှိယူရတာပေါ့။
(လသာသောည)
မေး -- ဒီအခွေမှာ ဘယ်နှပုဒ်ပါလဲ။
ဖြေ -- ဆယ်ပုဒ်လောက် ပါမယ်။ ပေါ့ပ် ပါမယ်။ ဆော့ရော့ခ် ပါမယ်။ စလိုးရော့ခ် ပါမယ်။ နောက် ဖန့်ခ်ဆိုတာ တခု လုပ်ဖို့ ရှိတယ်။
မေး -- ဒီအခွေကိုရော အရင်လိုပဲ စီဒီထုတ်ရောင်းမှာလား။ ဘယ်လို ဖြန့်မှာလဲ။
ဖြေ -- စီဒီထုတ်ဖို့ ဇဝေဇ၀ါ ဖြစ်နေတယ်။ ထုတ်လည်း ဘယ်သူမှ ၀ယ်မှာ မဟုတ်ဘူး။ ဒါသေချာတဲ့ အချက်။ ကျနော်ကလည်း သီချင်းဆိုတာ စီးပွားဖြစ်ချင်တဲ့ စိတ်နဲ့ လုပ်တာ မဟုတ်ဘူး။ အရင်ခွေတွေ တုန်းကလည်း ရတဲ့ ပိုက်ဆံက လှူဟယ်တန်းဟယ်နဲ့ အဖွဲ့အစည်းတွေဆီ ပြန်သွားတာပဲ။ ကျနော့် အကျိုးအမြတ်ကတော့ ကိုယ့်သီချင်းကို တစုံတယောက်က နားဆင်ခံစားပြီး လိုက်ညည်းမိတယ် ဆိုရင် ကျေနပ်ပါပြီ။ သို့သော်လည်း အလုပ်တခု လုပ်ရင်တော့ သတ်သတ်မှတ်မှတ်လေးလည်း ဖြစ်ဖို့ လိုတာပေါ့။ ဒီဖက်ခေတ်မှာဆိုရင် စီဒီတောင် မလိုတော့ပါဘူး။ အင်တာနက်မှာ သူ့ဝက်ဆိုက်ကနေ ဒေါင်းလုတ်နဲ့ ရောင်းသွား ဖြန့်သွားလို့ ရပါတယ်။ မြန်မာပြည်မှာ အဲသလို လုပ်ရင်တော့ ဒေါင်းလုတ်တခု ပေးတာနဲ့ ကူးကြ ဖြန့်ကြ ခိုးကူးကြနဲ့ ဂိသွားမှာပဲ။ အဲတော့ ခိုးမကူးရအောင် ကျနော်ပဲ ပေးကူးလိုက်တာ ကောင်းမယ် ထင်ပါတယ်။
မေး -- ဒေါင်းလုတ်နဲ့ ရောင်းလို့ရတာ မှန်ပေမယ့် ဒီယဉ်ကျေးမှုက ဗမာတောမှာ မထွန်းကားသေးဘူးလေ။ ရပြီးရင် ဖြန့်ကြတော့တာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အင်တာနက်ကနေ အဓိက ဖြန့်မယ့်သဘောပေါ့။
ဖြေ -- ဟုတ်ပါတယ်။ အမှတ်တရ စီဒီလေးတော့ နည်းနည်းပါးပါး လုပ်မှာပါ။
မေး -- Yမြစ်ချို ကိုယ်ပိုင် ဟုမ်းပေ့တွေ ဘာတွေရော မတင်သေးဘူးလား။
ဖြေ -- လုပ်ဖို့တော့ စိတ်ဆန္ဒ ရှိတယ်။ ဘယ်သူမှ ၀င်မကြည့်တဲ့ ကိုယ်ပိုင် ဘလော့လေးလည်း ရှိတယ်။ မှတ်တမ်းအဖြစ် သိမ်းထားတဲ့ သဘောပါ။
မေး -- ဒါကတော့ လတ်တလော ကြုံနေရတဲ့ ဖြန့်ချိရေး ကိစ္စပေါ့နော်။ ဖြန့်ချိရေးမှာတော့ ဒီအပေါ်ကနေ ငွေကြေး အမြတ်လည်း ရစရာ အကြောင်းမရှိဘူး၊ ကိုယ့် ၀ါသနာအရ ပရိသတ်ဆီကို ရတဲ့နည်းနဲ့ ပို့ရတယ်ပေါ့။ သီချင်း ဖြစ်လာအောင်လည်း ဖန်တီးသလို၊ သီချင်း ဖြန့်ချိဖို့လည်း ကိုယ်တိုင်ပဲ စိုက်တယ်ဆိုတဲ့ သဘောပေါ့။
ဖြေ -- ဟုတ်ကဲ့။ အပြည့်အ၀ စိုက်ထုတ်ရပါတယ်။
မေး -- အင်မတန် အနုပညာရှင် ပီသပါပေတယ်။ ဆိုတော့ အဲသလို ကိုယ်ဖန်တီးထားတဲ့ ဟာတွေပေါ်မှာ ဘယ်လောက် ကျေနပ် နှစ်သက်မှု ရှိသလဲ။
ဖြေ -- ကျနော် ကဗျာရေးဖူးတယ်။ အပုဒ် လေးငါးဆယ်လောက် ရှိမယ်။ အဲသည်ထဲမှာ ကျနော် ကြိုက်တာ သုံးလေးပုဒ်ထက် မပိုဘူး။ သီချင်းတွေမှာလည်း အဲလိုပဲ ဖြစ်လိမ့်မယ်။ လုပ်သာလုပ်လိုက်တယ် စိတ်တိုင်း မကျတာတွေ အများကြီးပဲ။ အထူးသဖြင့် သီချင်းတပုဒ်မှာ သူ့ဖွဲ့စည်းပုံ ရှိတယ်။ သူ့စကေးနဲ့ သူ။ သူ့ဖွဲ့စည်းပုံနဲ့ သူပေါ့။ အဲဒီအတွက် အတီးပိုင်း အဆိုပိုင်း ဟာမိုနီပိုင်း စသဖြင့် လိုအပ်တာတွေ ရှိတယ်။ အဲဒါတွေကို ပြည့်စုံအောင် မလုပ်နိုင်တာတွေ ရှိတယ်။ ငွေပေးရမယ့် ကိစ္စမှာ ငွေ မပေးနိုင်ဘူး။ လူပေးရမယ့် ကိစ္စမှာ လူမပေးနိုင်ဘူး။ စိတ်တိုင်းမကျဘူးပေါ့။
မေး -- စောစောက ခင်ဗျားပြောတဲ့ ပေါ့ပ်တို့ ဆော့ရောခ့်တို့ ဆိုတဲ့ သီချင်းအမျိုးအစားတွေက ကိုယ့်အကြိုက်တွေပဲလား။ ခေတ်ရေစီးကနေ ပါလာတာတွေလား။
ဖြေ -- ပြောရရင် ကိုယ့်အကြိုက် ဆိုတာထက် ကိုယ့်အသံနဲ့ လိုက်ဖက်ညီတာကို ရွေးချယ်လိုက်ရတာ။ ပထမအခွေမှာ ရော့ခ်ကို ကျနော် ဆိုကြည့်တယ်။ ကျနော့်အသံက ကွဲထွက်သွားတယ်။ အသံလုံးကလည်း သေးတယ်။ မလှတော့ ကိုယ်နဲ့ လိုက်ဖက်ညီမယ့် အသံကို ဦးစားပေးပြီး ရွေးချယ်တာပါ။ ကိုယ်နဲ့ မလိုက်တာကို ဖျစ်ညစ်ပြီး လုပ်နေတာက အရုပ်ဆိုးတယ် ထင်တယ်။
မေး -- ခုခေတ် လူငယ်တွေ အများစု ကြိုက်နေတဲ့ ဂီတပုံစံတွေနဲ့ ဆိုရင် ခု ခင်ဗျားကြိုက်တယ် ဆိုတဲ့ ပုံစံတွေက နည်းနည်း နောက်ကျမနေဘူးလား။
ဖြေ -- ကျတာပေါ့။ နောက်ကျတယ် ဆိုပေမယ့် ကျနော်တို့ မလုပ်လို့ မရတာတွေ ရှိတယ်။ ခုခေတ် ဟစ်ဟော့တွေ ဘာတွေ ဆိုတာက စင်ပေါ်က ဆိုသွားတာကို အောက်က လိုက်ဆိုနိုင်တာ မဟုတ်ဘူး။ ကျနော်တို့လို ချိုတဲ့ သီချင်းလေးတွေက ကိုယ်ဟာကိုယ် ဂစ်တာတလက်နဲ့ ဆိုလို့တီးလို့ ရတယ်။ နောက်ကျတယ် ဆိုပေမယ့် အကျကြီး မဟုတ်ဘူး။ ဒီလို သဘောသဘာဝမျိုးကို ကြိုက်တဲ့ ပရိသတ်က ရှိနေတုန်းပဲလို့ မြင်တယ်။ ဒါတွေ မရိုးသေးဘူး။ ကမ္ဘာမှာလည်း အသစ်တွေ ပေါ်ထွက်နေတာပါပဲ။
မေး -- ခင်ဗျား သီချင်းတွေကို နားထောင်ရတဲ့ အခါမှာ တချို့သီချင်းတွေက ထူးအိမ်သင် ဟန်မျိုး၊ အချို့က ကိုခင်ဝမ်း ဟန်မျိုး နီးစပ်နေသလားလို့ ထင်မိတယ်။ အဲဒါ ဘယ်လို ပြောချင်သလဲ။
ဖြေ -- ပြောရရင်တော့ ကိုခင်ဝမ်းကြီးကလည်း နှင်းဆီဖြူရဲ့ အဝေးကလူတယောက် ခေတ်ကတည်းက ကျနော်တို့က ရင်ခုန်ခဲ့တယ်။ သူ့ဆိုပုံ ဆိုပေါက်ကြီးက တော်တော်ခက်တဲ့ ပုံကြီး။ ဧရာဝတီတို့ အမေတို့ ဆို သူ့လို ကျနော် မဆိုတတ်ဘူး။ နှစ်သက်တယ်။ နောက်တခုက သူဟာ မြန်မာပြည်မှာ ကိုယ်ပိုင်သံစဉ်ကို သေတဲ့အထိ သစ္စာရှိစွာ ဆုတ်ကိုင်သွားတဲ့ ပုဂ္ဂိုလ်။ ပန်းချီဖက်မှာ ခိုင်ခိုင်မာမာ ရပ်တည်တယ်။ ကျနော် သူ့ကို အပြည့်အ၀ လေးစားတယ်။ သူ့ရဲ့ ဟန်တွေ ကျနော့်အပေါ် လွှမ်းမိုးတာ အမှန်ပဲ။ သတိထားမိတယ်။ ဖျောက်ကြည့်တယ်။ မရတာတွေ ရှိတယ်။
နောက် ကိုသျှပ်။ ထူးအိမ်သင်ကို ကျနော်တို့ နယ်ဖက်မှာ သျှပ်ကလေးလို့ ခေါ်ကြတယ်။ သူ့ကို ထူးအိမ်သင် မဖြစ်လာခင် ကတည်းက အပြင်မှာ တွေ့ခဲ့ဆုံခဲ့တာ ဆိုတော့ သူ့ဟန်ကို ကြိုက်တယ်။ နှစ်နှစ်သက်သက်လည်း အားပေးတယ်။ သူအောင်မြင်တဲ့ အချိန်မှာ ကျနော်က သီချင်းစရေးတော့ သူ့ဟန်တွေ ပါလာတာပေါ့။ ဒီထဲမှာ လသာတဲ့ည ဆိုရင် သူရဲ့ ဟိုတုန်းက ခေါင်းလောင်းလေးတွေ မြည်နေပြီ ဆိုတဲ့ ဖလိုးမျိုး နွယ်နေတာပေါ့။ ဒါ ၈၆ ခုနှစ်က ရေးခဲ့တာ။ သူ့အရိပ်ကလည်း လွှမ်းမိုးတာပဲ။ ၀န်ခံပါတယ်။ သို့သော်လည်း ကောင်းတဲ့ လွှမ်းမိုးမှုမျိုးလို့ ယူဆပါတယ်။
မေး -- ဒါကတော့ အနုပညာသည်တိုင်းမှာ ရှိတတ်ပါတယ်။ အခုက အဟောင်းတွေ များတယ်ဆိုတော့ ဒီဖက်မှာ အသစ်တွေ ဘာလို့ မရေးဖြစ်တာလဲ။
ဖြေ -- အသစ်တွေ မရေးနိုင်တာ ခပ်ကြမ်းကြမ်းပြောရရင် အခြေအနေတွေက မရေးနိုင်အောင် ဖန်တီးထားတာလို့ မြင်တယ်။ စောစောက တီဗီမှာ တွေ့လိုက်တယ်။ ကိုရီးယား သီချင်းတွေ ဥရောပအထိ ပေါက်ရောက်နေပြီ။ အာရှကို ကျော်သွားပြီ။ သူတို့မှာ အသစ်ကို ဖန်တီးနိုင်အောင် ငယ်ငယ်လေး ကတည်းက စနစ်တကျ သင်ကြားပေးထားတာ။ မြန်မာပြည်မှာ စနစ်တကျ သင်ကြားလာတဲ့ အဆိုတော် တယောက်မှ ကျနော် မတွေ့ဘူး။ အနုပညာတက္ကသိုလ် ဖွင့်တယ်ဆိုတာလည်း လောက်လောက်လားလား ပညာရှင်အစုံ ပစ္စည်းအစုံနဲ့ သင်ရတာမျိုး မဟုတ်ဘူး။ အနုပညာတက္ကသိုလ်ဆင်းတွေကို စော်ကားတာတော့ မဟုတ်ဘူး။ ကျနော့် အမြင်မှာတော့ မြန်မာပြည် အနုပညာတက္ကသိုလ် ဆိုတာက နိုင်ငံတကာက မူလတန်းလောက်ပဲ ရှိတယ်။ အဲတော့ လူတွေက နုံ့လာတယ်။ ဖျင်းလာတယ်။ ကျနော် ကိုယ်တိုင်လည်း မတတ်ဘူး။ မတတ်ပေမယ့် ကျနော်က ကိုယ့်ဟာကိုယ် လုပ်ချင်စိတ် ရှိသေးတယ်။ ပိုဆိုးတာက မတတ်ဘဲနဲ့ သူများဆီကဟာကို ဆွဲကူးချပြီး အလွယ်တကူ လုပ်ပစ်လိုက်တာ။ ပြည်တွင်းမှာတော့ ဘာမှ မသိဘူး။ ပြည်ပရောက်တော့ ရှက်စရာက အတိပြီးနေတာ။ လူတော မတိုးဘူးပေါ့။
မေး -- သီချင်းရေးသူ တော်တော်များများက လေ့ကျင့်တဲ့ အနေနဲ့ ကော်ပီတွေ ရေးခဲ့ကြတယ်။ ခင်ဗျားကော အဲသလို ကော်ပီတွေ လုပ်ခဲ့တာ ရှိလား။
ဖြေ -- ငယ်ငယ်တုန်းက တပုဒ်တော့ ရေးဖူးတယ်။ ရေးတာလည်း ဘုရားသီချင်းပါ။ ကော်ပီတွေကို ကျနော် နားထောင်ပါတယ်။ ကြိုက်တယ်။ နောက်ပိုင်း အပြင်ထွက်လာတဲ့အခါ စိတ်ခံစားမှု တမျိုး ပြောင်းလာတယ်။ အတွင်းနဲ့ အပြင်နဲ့ တအားကွာနေတာ တွေ့ရတယ်။ အဲသည့်မှာ ကိုယ်ပိုင်သံစဉ်ကို ပိုချစ်မြတ်နိုးလာတယ်။ ကိုယ်ပိုင်ဖန်တီးမှ ဖြစ်မှာ ဆိုတဲ့ စိတ်မျိုး ပေါ်လာတယ်။ ရှေ့လူတွေထက် ပိုလုပ်နိုင်မယ့် လူငယ်တွေ ပေါ်လာစေချင်တယ်။
မေး -- အခု ကြားနေရတာ ရှိတယ်။ အရင်တုန်းကတော့ ကော်ပီတွေကို ပြောခဲ့ဆိုခဲ့ကြတာ ရှိခဲ့တယ်။ အခုတော့ ကော်ပီသမားတွေရဲ့ အသံက ပိုကျယ်လာတယ်။ ကော်ပီတွေသာ မရှိခဲ့ရင် ဂီတဟာ အခုလောက် ဖြစ်လာမှာ မဟုတ်ဘူး။ နောက်တခါ ကော်ပီတွေဟာလည်း သူတို့ရဲ့ အနုပညာတွေ ဖြစ်တယ် ဆိုတာမျိုး၊ တန်ဖိုးထားအပ်တယ် ဆိုတာမျိုး ပြောလာတာ ရှိတယ်။ ခင်ဗျား ဘယ်လို ပြောချင်သလဲ။
ဖြေ -- ကျနော်တော့ လုံးဝ လက်မခံဘူး။ အဲဒါ ဆရာ မောင်သစ်မင်းတို့ ခေတ်ကတည်းက စခဲ့တာ။ တေးမြုံငှက် ခေတ်ကတည်းက ကော်ပီတွေနဲ့ ပေါင်းကူးရမယ်လို့ ပြောခဲ့တာ။ ဟုတ်တယ်။ ကိုရီးယားတို့ ဘာတို့ နိုင်ငံတကာမှာလည်း ကော်ပီတွေနဲ့ ပေါင်းကူးတာပဲ။ ကိုယ့်ထက်စောတဲ့ သူဆီက နည်းပညာယူတယ်၊ ခဲမလောက် တီးဝိုင်းနဲ့ စရတယ်။ ဟုတ်တယ်။ ဒါပေမယ့် အခု ကိုရီးယားက ခဲမလောက် မဟုတ်တော့ဘူး။ နိုင်ငံတကာကို ပြန်ထိုးဖောက်နေပြီ။ ကော်ပီ လုပ်တယ်ဆိုရာမှာ စဉ်းစားကြည့်ပါ။ တေးရေးသမား အတွက် မယ်လိုဒီ ရှိပြီးသား။ သူက စကားလုံးပဲ စဉ်းစားရတာ။ စကားလုံးတောင်မှ အကြောင်းအရာတခု ပေးလိုက်ပြီဆိုရင် ဇာတ်ဆင်ပြီး စကားလုံးတွေ သွတ်သွင်းရတာပဲ ရှိတာ။ ဂီတသမား ကျတော့ ပင်ပန်းတာ မှန်တယ်။ တူအောင် လိုက်တီးရတာ ပိုပင်ပန်းတယ်။ မလွတ်လပ်ဘူး။ ဒါပေမယ့် အဲဒါ အနုပညာလို့ ကျနော် မယူဆဘူး။ အဲလောက် မပင်ပန်းဘဲ ကိုယ့်ပညာ ကိုယ်ပြပါလား။ အဲတော့ ကော်ပီကိစ္စ အဲလိုပြောတာကို ဘယ်သူပဲ ပြောပြော သူနားမလည်လို့ ပြောတာလို့ပဲ မြင်ပါတယ်။
မေး -- ခုနောက်ပိုင်း လူငယ်တွေ ကိုယ်တိုင်ရေးလာတာ တွေ့ရတယ်။ ဘယ်လို မြင်လဲ။
ဖြေ -- ပေါ်လာတာ ၀မ်းသာတယ်။ ထွန်းထွန်းပေါက်ပေါက် ဖောက်ထွက်လာစေချင်တယ်။ သားစိုးတို့လိုမျိုး ကျနော် လေးစားတယ်။ ဘာပဲရောရော လုပ်ကြည့်ရမှာပဲ။ ဂီတဟာ ယဉ်ကျေးမှုပဲ။ ဖွံ့ဖြိုးတိုးတက် သင့်တယ်။ ဖွံ့ဖြိုးဖို့ လမ်းကြောင်းပေါ်မှာလည်း ရှိနေသင့်တယ်။
မေး -- ဟစ်ဟော့တို့ အာရ်အန်ဘီတို့ လူငယ်တွေ ရေးလာကြပြီ မဟုတ်လား။
ဖြေ -- ရေးကြတယ်။ အော်တာတွေ ဘာတွေလည်း ရေးတယ်။ သူတို့ ပရိသတ်နဲ့ သူတို့ ရှိတယ်။ ကျနော် လက်ခံလို့ ရပါတယ်။
မေး -- သူတို့ ရေးတာတွေရော နိုင်ငံတကာ အဆင့်ကို မီပြီလား။
ဖြေ -- စကားလုံးပိုင်းအရ အတွေးပိုင်းအရတော့ မမီဘူးဗျ။ အသစ်တော့ အသစ်ပဲ။ ဒါပေမယ့် စွဲစွဲမြဲမြဲ နားထောင်လို့ရမယ့် ဂီတမျိုးအထိတော့ ရောက်မသွားဘူး။
မေး -- ခုသီချင်းတွေကိုရော မြန်မာပြည်တွင်းမှာ ဖြန့်ဖို့ အစီအစဉ် ရှိလား။
ဖြေ -- နည်းလမ်းမျိုးစုံနဲ့တော့ ဖြန့်မှာပါ။
မေး -- ပြည်တွင်းက လက်လှမ်းမီတဲ့ အင်တာနက်ဆိုက်တွေ ရှိတာပဲ။ အဲဒီက တဆင့် မဖြန့်ဘူးလား။
ဖြေ -- တချို့က ကျနော် သိပ်မသိတာ လက်လှမ်းမမီတာ ဖြစ်လိမ့်မယ်။
မေး -- ခုလောလောဆယ် ဘယ်ဂီတမျိုးကို အာရုံကျနေလဲ။
ဖြေ -- ဂျပ်စ်ဂီတကို အာရုံကျတယ်။
မေး -- ဂီတနဲ့ပတ်သက်ပြီး ဘာအိပ်မက်တွေ ရှိသေးလဲ။
ဖြေ -- အိပ်မက် မမက်နိုင်သေးဘူး။ အေးစက်ပျစ်ခဲသွားသော ပန်းနုရောင် ချစ်ခြင်းများ ဆိုတဲ့ ဒီအခွေ ပြီးအောင် ရုန်းနေရတာ။ ဒါပြီးလို့ အိပ်ပျော်သွားရင်လည်း အိပ်မက်သစ်တွေဘာတွေ မက်ချင်မက်မှာပေါ့။
မေး -- နောက်ဆုံး မေးချင်တာကတော့ ခင်ဗျား ဘာဖြစ်လို့ ဒီအလုပ်တွေ လုပ်နေတာလဲ။
ဖြေ -- ကျနော်က Yမြစ်ချို လို့ အမည်ယူရာမှာ Y က ဧရာဝတီ မြစ်ဆုံကို ယူတာပါ။ မြေပုံကို ကြည့်လိုက်ရင် မြစ်ဆုံဟာ Y ပုံစံလေး မြင်ရပါလိမ့်မယ်။ ဧရာဝတီကို ကိုယ်စားပြုတာပါ။ ကျနော်က ဧရာဝတီတိုင်းသားပါ။ ဧရာဝတီဟာ မြန်မာပြည်ကို အလုပ်အကျွေးပြုတယ်။ အစအဆုံး ရေချိုတွေချည်းပဲ။ အချို့မြစ်တွေဆို ရေငန်ပေါက်တယ်။ ဧရာဝတီ မြစ်ရေ ချိုချိုကို Yမြစ်ချို လို့ အမည် ယူတာပါ။
စောစောက ပြောခဲ့သလို ပြည်ပမှာ ဂီတကွက်လပ် ဟာနေတာကို တတ်စွမ်းသမျှ ၀င်အားဖြည့်တာပါ။ ကျနော်တို့လည်း သီချင်း ဆိုတတ်တယ်။ ဂီတ ဖန်တီးတတ်တယ် ဆိုတာ ပြောချင်တယ်။ ကော်ပီတွေ ကြားမှာပဲ နစ်နေလို့ မဖြစ်ဘူး။ ပြောရရင် ကိုနိုင်မြန်မာ ရေးခဲ့တဲ့ ကမ္ဘာမကြေဘူး ဆိုတဲ့ သီချင်း။ ကျနော် ကြိုက်တယ်။ ဒါပေမယ့် အစာမကြေဘူး။ ကျနော်တို့မှာ ဆိုနေရပေမယ့် ကြာတော့ ရှက်လာတယ်။ ကိုယ်လည်း မဖန်တီးနိုင်သေးဘူး။ တတ်သလောက် မှတ်သလောက်တော့ လုပ်ကြည့်တာပဲ။ လူတွေ လက်ခံလာအောင် ထပ်ကြိုးစားရမှာပဲ။ အဓိကကတော့ ကိုယ်ပိုင်ဆိုတာ ရှိမှ ဖြစ်မယ်။ ကျနော်တို့ လုပ်တာ ကောင်းလှချည်လို့ မဟုတ်ဘူး။ နောက် လူငယ်တွေ ကိုယ်ပိုင်တွေ လုပ်လာစေချင်လို့ ၀င်လုပ်တာပါ။ ပုန်ကန်တာပါ။
နို့မို့ရင် ကော်ပီသမားတွေရဲ့ လွှမ်းမိုးမှုအောက်မှာပဲ လူတောမတိုးတဲ့ ကျနော်တို့ ဂီတ မျိုးဆက်တွေ ဒီလိုပဲ ဖြစ်နေမှာပဲ။ သူ့ဟာကို မတူ တူအောင် လိုက်လုပ်နေမယ့်အစား ကိုယ်ဘာသာ လွတ်လွတ်လပ်လပ် တီးချင်တိုင်းတီး ညောင်ချင်တိုင်း ညောင်ပစ်လိုက်တာမျိုးကို ကျနော်က အားပေးချင်တယ်။ ကော်ပီလောကကို ဆန့်ကျင်တဲ့ တပ်ဦးထဲမှာ ကျနော် ရှေ့ဆုံးက ပါတယ်။ ကိုယ်ဖန်တီးချင်တာကို လုပ်ချင်လို့ လုပ်တယ်။ အလကားပေးတယ်။ ကြိုက်ရင်ယူ။ ဒါပါပဲ။
(အလွမ်းအိမ်)
Monday, August 1, 2011
အေးစက်ပျစ်ခဲသွားသော ပန်းနုရောင် ချစ်ခြင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment