မြန်မာဘော်လုံး အဖွဲ့ချုပ်မှ ကမ်းလှမ်းနေသူ ဘတ်ဆောင်ဟွာ
မြန်မာဘော်လုံးအဖွဲ့ချုပ်မှ လက်ရွေးစင် ဘော်လုံးအသင်း နည်းပြချုပ်အဖြစ် ခန့်အပ်ရန် တောင်ကိုရီးယားလူမျိုး နည်းပြတစ်ဦးအား ကမ်းလှမ်းထားကြောင်း သိရသည်။ ကမ်းလှမ်းနေသူမှာ အသက်(၅၆)နှစ် အရွယ်ရှိ ဘတ်ဆောင်ဟွာ ဆိုသူဖြစ်ပြီး တောင်ကိုရီးယား၏ အိုလံပစ် ဘော်လုံးအသင်း နည်းပြဟောင်း အဖြစ် လူသိများခဲ့သူ ဖြစ်သည်။ မြန်မာဘော်လုံးအဖွဲ့ချုပ်မှ မိမိအား ကမ်းလှမ်းလာမှုအား လက်ခံစဉ်းစားနေကြောင်း စက်တင်ဘာလ ၁၉ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဘတ်ဆောင်ဟွာသည် ၂ဝဝ၄ခုနှစ်က အသက်၂ဝအောက် အာရှဘော်လုံးပြိုင်ပွဲတွင် ပထမဆု ဆွတ်ခူးခဲ့သူ နည်းပြဟောင်း တဦးလည်း ဖြစ်သည်။ထို့ပြင် ၂ဝဝ၇ခုနှစ်တွင် တောင်ကိုရီးယား ကြေးစား အသင်း တစ်သင်းဖြစ်သော Busan Ipark အသင်း၏ နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၂ဝ၁ဝခုနှစ်မှ ၂ဝ၁၁ခုနှစ် မေလအထိ တရုတ်ကြေးစား ဘော်လုံးအသင်း တခုတွင် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။ ဘော်လုံးသမားအဖြစ် ကစားခဲ့စဉ်က နောက်တန်းမှ ကစားခဲ့ပြီး ရံဖန်ရံခါ တိုက်စစ်ဆင် ကစားခဲ့သူ ဘော်လုံးသမားဟောင်း တဦးဖြစ်သည်။
မြန်မာဘော်လုံးအဖွဲ့ချုပ်မှ ဘတ်ဆောင်ဟွာအား ကမ်းလှမ်းရန် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှု လုပ်နေသည့် ဒေဝူးအင်တာနေရှင်နယ် ကုမ္ပဏီမှ တဆင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။ ဒေဝူးအင်တာနေရှင်နယ် ကုမ္ပဏီမှ တာဝန်ရှိသူမှ “မြန်မာဘော်လုံးအဖွဲ့ချုပ်မှ ကမ်းလှမ်းခြင်း ဖြစ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုများ အဆင်ပြေနိုင်ဖွယ်ရှိကြောင်း၊ ဘတ်ဆောင်ဟွာသည် မြန်မာ့လက်ရွေးစင် ဘော်လုံးအသင်း နည်းပြချုပ်အဖြစ် ဆောင်ရွက်လိမ့်မည်ဟု မိမိအနေဖြင့် ထင်မြင်မိကြောင်း၊ စာချုပ်သက်တမ်းမှာ ၂နှစ်နှင့် ၃လဖြစ်ပြီး လစာနှင့် တခြား အသေးစိတ် ကိစ္စများ ညှိနှိုင်းနေကြောင်း” ပြောကြားခဲ့သည်။
ဘတ်ဆောင်ဟွာမှ “နောက်ဆုံးအဆင့် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ မြန်မာဘော်လုံးအသင်းကို နည်းပြအဖြစ် ဆောင်ရွက်ဖို့ လေးလေးနက်နက် စဉ်းစား နေပါတယ်။ မြန်မာနိုင်ငံဟာ တချိန်က အာရှဘော်လုံး လောကမှာ ထူးချွှန်အောင်မြင်ခဲ့တဲ့ နိုင်ငံတနိုင်ငံပါ။ တချိန်က ဘော်လုံးထူးချွှန်ခဲ့တဲ့ နိုင်ငံတနိုင်ငံရဲ့ အရည်အချင်းတွေကို ပြန်လည် နိုးထရှင်သန်စေဖို့ အဲဒီလို အသင်းမျိုးကို ကိုင်တွယ် နည်းပြချင်ပါတယ်” ဟု သတင်းထောက်များအား ထုတ်ဖော်ပြောကြားခဲ့သည်။
ကိုရီးယားနိုင်ငံထုတ် အင်တာနက် သတင်းစာများ၏ ရေးသား ထုတ်ဝေမှုအား ဘာသာပြန်ဆို ဖော်ပြပါသည်။
ကိုလူချစ်(ကိုရီးယား)
မှတ်ချက်- မြန်မာ အားကစား ဂျာနယ် အချို့တွင် မြန်မာ့လက်ရွေးစင် ဘော်လုံးအသင်း နည်းပြချုပ်အဖြစ် ဇေယျာရွှေမြေဘော်လုံးအသင်း နည်းပြ ဖြစ်သူ စတီဖင် ဟန်ဆန်အား ခန့်အပ်မည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ရေးသားဖော်ပြကြပါသည်။
Wednesday, September 21, 2011
မြန်မာ့လက်ရွေးစင် ဘော်လုံးအသင်း နည်းပြချုပ်အဖြစ် ခန့်အပ်ရန် တောင်ကိုရီးယား နည်းပြအား ကမ်းလှမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment