Tuesday, November 22, 2011

ရူးရူးမိုက်မိုက်တို့ နှင့် ဆက်ရန်ရှိသေးသော…

ရေးသားသူ — ပေါ်ဦး

အခုတလော… သူ့အကြောင်း ရေးကြီးခွင်ကျယ် ဘာသံမှ မကြားရတော့သလောက်ပါပဲ။ တစ်ခါတလေမှာ ဒီလိုပဲ ဖြစ်တတ်မယ် ထင်ပါတယ်။ အသံမကြားရတော့တာနဲ့ ငြိမ်သက်နေတာနဲ့ ပြီးသွားပြီ၊ ပျောက်သွားပြီလို့ မှတ်ယူနိုင်မှာ မဟုတ်ပါဘူး။ သူမွှေးပြီး၊ သူ ကိုယ်တိုင်ပဲ ရှို့ခဲ့၊ စတင်ခဲ့တဲ့ မီးဟာ သူမရှိတော့ပေမဲ့ ဘယ်လောက် ထိကြာအောင် တောက်လောင်နေဦးမယ် ဆိုတာ ဘ၀တွေနဲ့ရင်းခံ၊ ဒုက္ခတွေ တစ်လှေချည်းနဲ့ ရင်းခံခဲ့ရတဲ့ သူတွေမပြောနဲ့ အခြေခံစာနာစိတ်လေး အနည်းအကျဉ်းလောက် ရှိတဲ့သူတိုင်း ကိုယ်ချင်းစာနိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။

တကယ်ဆို သူသေတာမှ တစ်လလျော့လျောပဲ ရှိသေးတယ်ဆိုပြီး ဘာမဆိုင် ညာမဆိုင် ကဒါဖီရဲ့ နောက်ဆုံးအချိန်၊ သတင်းပိုင်းထဲက မြင်ကွင်းလေးကို အခုရက်ပိုင်းအတွင်း သွားသွားသတိရနေတာကြောင့်ပါ။

ကမ်းခြေမြို့တော် ဆာ့တ်ရဲ့ တစ်နေရာသော ရေပြွန်ပိုက်ရဲ့ အနား၊ သွေးဆာနေဆဲ လက်နတ်ကိုင် လူတစုရဲ့ အလယ် မြေ၀ါဝါပေါ်က အခင်းလေး တစ်ခုအပေါ်မှာ စုတ်ဖွားဖွားခေါင်းရဲ့ ဒဏ်ရာကနေ သွေးနီနီတွေ စီးကျနေတဲ့ပုံ၊ စကားပြောရင် လှုပ်ရှားနေကျဖြစ်တဲ့ သူ့လက်တွေအစား သူ့ပါးစပ်ကတော့ ဗလုံးဗထွေး လှမ်းပြောနေသေးတာ တွေ့ရတယ်။ သူ့ကို ပထမဦးဆုံး တွေ့တယ်ဆိုသူရဲ့ အပြောအရတော့ ဘာတွေဖြစ်နေကြတာတုန်း လို့ဆိုတယ်။ ပြီးတော့ သူ့ကို ညှာတာကြပါဦး လို့လည်း တောင်းပန်သေးတယ်လို့ ပြောတယ်။

ဘာတွေဖြစ်နေကြတာတုန်း တဲ့လား…
ညှာတာကြပါ ဦး တဲ့လား….



ကယောင်ကတမ်းနဲ့ ရန်သူလက်ထဲ ရောက်နေပြီ၊ သေဖို့သိပ်ကို နီးစပ်သွားပြီဆိုတာ သိလိုက်ရတာနဲ့ တပြိုင်နက် ရလိုရငြား တောင်းပန်တာကတော့ သိပ်မထူးဆန်းပေမဲ့ ဘာတွေဖြစ်နေကြတာတုန်း ဆိုတဲ့ အမေးကတော့ ကျနော့် အတွက် စဉ်းစားစရာ ဖြစ်သွားပါတယ်။

သူ ဘာဖြစ်လို့ ဒီမေးခွန်းကို မေးခဲ့တာလဲ..

သတင်းတွေအရတော့ သူ့ကို စမိမိချင်းမှာ သေလောက်တဲ့ အခြေအနေ မရှိသေးဘူးလို့ ပြောကြတယ်၊ မြင်ကွင်းအရလည်း ဖြစ်နိုင်ချေရှိပုံ ပေါ်ပါတယ်။ ကြောက်လို့မေးတဲ့ စကားတော့ ဟုတ်ဟန် မတူသေးပါဘူး။ ဒါဆို သူ့လူ ကိုယ့်လူ မကွဲတဲ့အပေါ် ဟန်ကိုယ့်ဖို့ မာန်သူ့ဖို့ ဆိုတဲ့အတိုင်း ဟောက်မေး မေးတာများလား။ ဒါမှမဟုတ် တကယ်ကို အခြေအနေ အဖြစ်အပျက်တွေအပေါ် နားမလည်နိုင်လို့လား။ ဒါက ဖြစ်နိုင်ချေလေးတွေ ကိုယ့်ဘာသာ လျှောက်စဉ်းစားမိတာ တွေပါ။ သူ့ရင်ထဲက ခံစားချက်ကို ဘယ်လိုလုပ် မြင်နိုင်မှာလဲ။ ဟုတ်တယ် မမြင်နိုင်ဘူး။ မြင်ရရင်လည်း အခုလို တောင်တောင်အီအီ လျှောက်တွေးနေမိတော့မှာ မဟုတ်ပါဘူး။ အခုဟာက.. ဧကရာဇ်မင်းတစ်ပါးလို နှစ်ပေါင်းလေးဆယ်ကျော် ထင်သလို အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် တစ်ဦးရဲ့ ဇာတ်သိမ်းခန်း၊ ကိုယ်ကိုယ်တိုင်နဲ့ ဆွေမျိုး တစ်သိုက်လုံး ထင်သလို ပြုမူနေထိုင်ခဲ့သလို လူတကာကိုလည်း သူ့သဘောတော်ကျ နေစေခဲ့သူ။ သေချာပါတယ်လေ… ဇာတ်သိမ်းခန်းဟာ ဒီလိုဖြစ်လာလိမ့်မယ်လို့ စိုးစံနေဆဲ ကာလတစ်လျှောက်မှာ တစ်ခါမှကို တွေးမိ၊ စဉ်းစားမိခဲ့မှာ မဟုတ်သူရဲ့ သေငယ်ဇောကပ်ချိန်၊ အဲဒီလိုအချိန် သူ့ရင်ထဲမှာ ခံစားချက်တွေ ဘယ်လို ဖြစ်နေမယ်ဆိုတာ စိတ်ဝင်စားစရာ အတွေးတွေ ဖြစ်နေပါတယ်။

နိုင်ငံရေး ကျွမ်းကျင်သူတွေနဲ့ လေ့လာစောင့်ကြည့် နေသူတွေကတော့ ဇာတ်သိမ်းက မလွမ်းဘဲ ကြမ်းလောက်တယ်ဆိုတာ အုံကြွမှုတွေ စဖြစ်ပြီး နှစ်လ အကြာလောက်ကတည်းက ရိပ်မိသင့်တယ်လို့ ထင်မြင်ချက် ပေးကြ၊ ပြောကြပါတယ်။

ကျနော်ကတော့ သူ့(ကဒါဖီ) အနေနဲ့ ကြိုမမှန်းဆနိုင်ဘဲ နေမှာမဟုတ်ဘူးလို့ တွက်တယ်။ အဲဒါထက် ဘယ်လို ယုံကြည်ချက်တွေနဲ့ အကြောင်းအရာတွေကများ သူ့ကို ဒီအခြေအနေထိ ဖြစ်သွားအောင် စွဲဆောင်ထားခဲ့ပါသလဲလို့ ပိုပြီး သိချင်မိတယ်။ သိကြတဲ့အတိုင်းပဲ သူ့မှာ အိမ်ထောင်နှစ်ဆက်နဲ့ သန္ဓေကျထားတဲ့ စရိုက်စုံအောင်ရှိတဲ့ သားတွေနဲ့ သမီးတစ်ဦး ရှိခဲ့ပေမဲ့ နောက်ဆုံးအချိန်ထိအောင် ရှိနေခဲ့သူကတော့ တစ်ချိန်က အာဏာလွှဲပေးဖို့ တောင်းဆိုခဲ့ပြီး၊ ဖခင် ကဒါဖီရဲ့ ပြန်လည်မြှောက်စားမှုကြောင့် နိုင်ငံတော်လုံခြုံရေး အကြီးအကဲ အဖြစ် တာဝန် ထမ်းဆောင်နေလျှက်ကနေ ဖခင်နဲ့အတူ တိုက်ပွဲဝင်ရင်း သေဆုံးခဲ့ရသူ သား မိုဒါဆန်ကဒါဖီ တစ်ဦးတည်းသာ ရှိနေခဲ့ပါတယ်။

လူတိုင်းကိုယ်စီ အိမ်ပိုင်ရမည်ဆိုတဲ့ ကြွေးကြော်ချက်နဲ့ ရွှံ့နံရံကပ် သက်ကယ်မိုး အိမ်တွေနေရာမှာ နေအိမ်တိုက်တန်းလျားတွေ..၊ ရေခက်ခဲတဲ့ ဒေသတွေအတွက် ခေတ်မီရေပေးဝေရေး စနစ်တွေ ဖော်ဆောင်ပေးခဲ့သူ၊ ပြည်တွင်း စာတတ်ဦးရေ တိုးတတ်လာအောင် လုပ်ဆောင်ပေးခဲ့သလို အာဖရိကရဲ့ လူနေမှု အမြင်းမားဆုံး နိုင်ငံတစ်ခုကို ဖြစ်တည်စေခဲ့တဲ့ အချက်တွေကတော့ မငြင်းနိုင်တာ အမှန်ပါ။ ဂုဏ်ယူဖွယ် တစ်ခုကတော့ (ကျနော့်အမြင်အရ) ကြွေးမြီကင်းသော တိုင်းပြည် အဖြစ် ရပ်တည်နိုင်ခဲ့တာလို့ ဆိုချင်ပါတယ်။ ဒါကလည်း သူ့စွမ်းဆောင်ချက် သက်သက်လို့ ပြောရမှာထက် ပင်ကိုယ် ပထ၀ီ အနေအထားအရ တည်ရှိနေတဲ့ သယံဇာတနဲ့ လူဦးရေ အချိုးအစား၊ ခေတ်ကာလ အခြေအနေနဲ့ အခွင့်အလမ်းကောင်း ကူပံ့ပေးမှုတွေ ရှိနေခဲ့တာကြောင့်လည်း ပါတယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့ ကမ္ဘာ့နိုင်ငံတွေကြားမှာ မနည်းလှတဲ့ အုပ်စိုးသက်တမ်း ၄၂ နှစ်တာ အတွင်းက လုပ်ဆောင်ချက်တွေကို ပြန်လည် ဆန်းစစ်ကြည့်ရင်တော့ မေးစရာတွေ တစ်ပုံကြီး ဆိုသလိုပါပဲ။ ဟုတ်ပါတယ်။ သူလုပ်ပေးခဲ့တာတွေ ရှိတာလည်း အမှန်ပါ။ ဒါပေမဲ့ ဘယ်သူ့အတွက်၊ ဒါမမဟုတ် ဘယ်သူ့အကြိုက် လုပ်ခဲ့တာလဲ၊ ပြည်သူ့အကြိုက်လား… ကိုယ်ထင်တာ၊ ကိုယ်ကြိုက်တာ လုပ်ခဲ့တာလား ဆိုတာတော့ နိုင်ငံစီးပွားရေးကို ဆွေမျိုးအသိုင်းအ၀န်းနဲ့ အပေါင်းအပါ တစ်စုကသာ ချုပ်ကိုင်ထားခဲ့တာ၊ နိုင်ငံငွေကြေးကိုလည်း ကိုယ်ကျိုးအတွက် လိုသလို သုံးစွဲရုံတင်မက ဖုံးကွယ်ထိန်ဝှက် ထားခဲ့တာတွေနဲ့ အခွင့်အလမ်းမှန်သမျှ တားဆီး ပိတ်ပင်ထားခဲ့မှုတွေက သူသူကိုယ်ကိုယ် သိပြီးသား အထင်းသားမို့ အဖြေမလိုတော့တဲ့ အမေးဖြစ်သွားခဲ့ပါပြီ။ ဘာကြောင့် ဒီလိုလုပ်တာလဲလို့ မေးရင် လစ်ဗျန်းတွေသာမက ကမ္ဘာ့နေရာ အရပ်ရပ်က လူတွေအားလုံး အာဏာရှင် မို့လို့ပေါ့လို့ တညီတညွတ်တည်း ဖြေကြမှာ ဖြစ်ပါတယ်။ ကျနော် ထင်တာကတော့ လူတိုင်းနီးပါး အာဏာ ရှိချင်ကြပါတယ်။ ရှိလည်း ရှိကြပါတယ်။ အနည်းနဲ့ အများဆိုသလိုလည်း မိသားစုကြား၊ အပေါင်းအသင်းတွေ ကြားမှာ၊ ရပ်ကွက်ထဲမှာ၊ ဒေသအလိုက်၊ နယ်ပယ် ၀န်းကျင်အလိုက၊် တစ်ချို့ဆို နိုင်ငံတွေရဲ့ အလယ် ကမ္ဘာအနှံ့တောင် အာဏာ ရှိကြပါတယ်။ ဒီအထိ ပြဿနာ မဟုတ်သေးပေမဲ့ အဲဒီအာဏာကို စွဲလမ်းလွန်ပြီး အာဏာရူး ဖြစ်သွားပြီ ဆိုရင်တော့ သူ့ကိုယ်သူတင်မက အများနဲ့ ပတ်ဝန်းကျင်ကိုပါ ထိခိုက်နစ်နာစေတဲ့ အထိ အကျိုးဆက်တွေ တသီတတန်းကြီး ပေါ်ပေါတ်လာမြဲ ဖြစ်ပါတယ်။

အာဏာရူးကိုမှ တခါထပ်ခွဲရင် အရူးပါးနဲ့ မိုက်မိုက်ကန်းကန်းရူးသူ ဆိုပြီး ခွဲနိုင်လိမ့်မယ် ထင်ပါတယ်။ ဒီနေရာမှာ ကဒါဖီကို ကြည့်လိုက်ရင်.. ထူးဆန်းစွာပဲ အင်္ဂါရပ် နှစ်ခုစလုံးကို ပိုင်ဆိုင်ခဲ့သူလို့ ပြောနိုင်မယ် ထင်ပါတယ်။ ခေတ်သစ်ကမ္ဘာမှာ ရာစုနှစ် တစ်ဝက်နီးပါးလောက် သရဖူ ထိမ်းထားနိုင်ခဲ့သူ၊ ခင်ဗျားတို့ ကျနော်တို့တွေ သိပ်ပြောပြော နေကြတဲ့ လူအခွင့်အရေးတို့၊ သာတူညီမျှရှိမှုနဲ့ လွတ်လပ်ခွင့်တို့ ဖော်ဆောင်ပေးရာ အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ အဖြစ်တောင် ရခဲ့သေးတာဆိုတော့ အဲလို လူတစ်ယောက်ကို အာဏာရူး အရူးပါးလို့ဆိုရင် ငြင်းကြမယ် မထင်ပါဘူး၊ အာဏာကို အရင်တည်ဆောက်ပြီးရင် အာဏာ ထိန်းသိမ်းဖို့ဆိုတဲ့ အာဏာရှင်တို့ရဲ့ ဥပဒေသအတိုင်း အတွင်းလူ၊ အပြင်လူ၊ ဟိုလူ၊ ဒီလူ ရန်သူလို့ ထင်ရသူတွေကို ရှင်းခဲ့သလို၊ တဘက်ကလည်း လုပ်ဆောင်ချက်တွေ၊ ဟန်ဆောင်မှုတွေ ပြနိုင်ခဲ့ပါတယ်။ ပုန်ကန်သူ သားအရင်းကို ပြန်စည်းရုံးပြီး လူရုံလူရင်း အဖြစ်သာမက သေဖော်သေဖက်အထိ သစ္စာရှိအောင် လုပ်နိုင်ခဲ့တာ၊ ဒေသတွင်းသာမက နိုင်ငံတော်တော်များများကပါ ဟုတ်နိုးနိုး ဖြစ်သွားအောင်အထိ သားဖြစ်သူ ဘေ့စ်ကဒါဖီကို ကြားခံထားပြီး နိုင်ငံရေး လှည့်စားကွက်တွေ ဖော်ဆောင်နိုင်ခဲ့ပုံတွေက သူ့ရဲ့ ပါးနပ်မှုအရည်အသွေးကို အခြားသူတွေ သတိပြုမိစေခဲ့ပါတယ်။ ဒါပေမဲ့… အဲဒီ အရူးပါး လွန်မှုကပဲ သူ့ကိုယ်သူ ဧကရာဇ်တစ်ပါးလို မာန်မောက်ရင်း ရူးရူးမိုက်မိုက် အာဏာရူးတစ်ယောက်အဖြစ်နဲ့ နောက်ဆုံးမှာ ဘ၀ကိုပါ ချောက်ထဲ ရောက်တဲ့အထိ ဆွဲချသွားခဲ့တာလို့ ကောတ်ချက်ဆွဲရင်ရမယ် ထင်ပါတယ်။

စာတတ်မြောတ်မှု များလာပေမဲ့ ပညာတတ်ရှားလာပြီး အလုပ်လက်မဲ့ဦးရေ တနေ့တခြား တိုးလာနေမှု၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာမှုကြောင့် ဆင်းရဲသား လူတန်းစားတွေ များလာတာ၊ အခွင့်အရေးဆိုတာ အတောင်ပံ ဘယ်နှစ်ဖက်ပါလဲ၊ တန်းတူညီမျှမှုဆိုတာ ဂျိုနဲ့လားလို့ မေးယူရလောက်အောင် မုတ်ဆိတ်ရှည် ထားတာနဲ့တင် ဗလီသွားတာနဲ့တင် အဖမ်းခံ ထောင်ချခံကြရတဲ့ ဘ၀၊ လူထု စုဝေးဖို့ဆိုတာထား၊ ပြောချင်တာတောင် လွတ်လွတ်လပ်လပ် ပြောခွင့်မရှိကြ၊ မရခဲ့ကြတဲ့ ဘ၀ထဲက လူတွေကို… သွားလေသူကြီး အနေနဲ့ ဘာတွေဖြစ်နေကြတာတုန်း… ဆိုတဲ့စကားကို တစ်ခါလောက်ဖြစ်ဖြစ် လှိုက်လှိုက်လှဲလှဲ မေးခဲ့ဘူးပါသလား…၊ ညှာတာပါဦး လို့ အောက်ကျို့ခယ တောင်းဆိုခဲ့သူတွေကိုတောင် သဘောလောက်ပဲဖြစ်ဖြစ် အခွင့်အရေး မြည်းစမ်းခွင့် တကြိမ်တခါလောက် ပေးခဲ့ဖူးပါသလား..၊ အတုအယောင် လုပ်ဆောင်ပြချက်တွေ၊ ဖုံးကွယ် လိမ်ညာထားခဲ့မှုတွေ ဗလပွနဲ့ ပြည်သူကြားက ပြည်သူဆိုတာပဲ ရှိပြီး၊ အုပ်ချုပ်သူ ဆိုတာလည်း ပြည်သူထဲက ပြည်သူတစ်ယောက် ဖြစ်တယ်ဆိုတာ မေ့သွား၊ မေ့ထားခဲ့သူ၊ အာဏာဆိုတာ ရှိကောင်းလို့ ရှိနေတာ မှန်ပေမဲ့ ရူးသွပ်သွားပြီ မူးမိုက်သွားပြီ ဆိုရင်တော့ ကြေကွဲဖွယ် အကျည်းတန် ဇာတ်သိမ်းရမယ် ဆိုတာ မတွက်ဆ၊ မယုံကြည်ခဲ့ပုံက သူ့နောက်ဆုံးအချိန် အထိ စွဲမြဲနေပုံ ရပါတယ်။

ဒီနေရာမှာ မြင်သာတာက တခြားသော လူမျိုးတွေ၊ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကို ခဏဖယ်လို့ ကိုယ့်အတွင်းလူ၊ ကိုယ့်ပြည် ကိုယ့်နိုင်ငံသားတွေရဲ့ မျက်နှာကိုမှ မကြည့်ခဲ့သူ၊ ကြည့်လေ့မရှိသူ၊ မကြည့်ချင်သူတွေ အတွက် ကဒါဖီ မီးစာကုန်ချိန်က သိပ်ကို မြင်သာထင်ရှားတဲ့ ထိတ်လန့်ကြေကွဲဖွယ် ဥပမာ ဖြစ်ပါတယ်။ သေဆုံးမှုဟာ ဘယ်သူ့လက်ချက်လို့ အတိအကျ အမည်မတပ်နိုင်ပေမဲ့ ကိုယ့်နိုင်ငံသား လစ်ဗျန်းတွေရဲ့ လက်ထဲမှာပဲ ဖြစ်တယ် ဆိုတာကတော့ အငြင်းမထွက်ပါဘူး။ ဇာတ်လမ်း အစဟာ မြို့တော်ရုံးစိုက်ရာ ဘန်ဂါဇီက အနာဂါတ်တွေ လမ်းဖွင့်ချင်ကြတဲ့၊ လွတ်လပ်ပုံရိပ်တွေ ထုဆစ်လိုကြတဲ့ လစ်ဗျား ပြည်သူပြည်သားတွေ ဖြစ်သလို၊ အာဏာရူးကို ပွဲသိမ်းပေးခဲ့သူတွေဟာလည်း အမေရိကန်တွေ၊ နေတိုးတွေ မဟုတ်ဘူးဆိုတာ သိပ်ကို သတိထားသင့်တဲ့ အချက်လို့ မြင်ပါတယ်။ ခေါင်းကို ကျည်ဆံတွေ ပစ်သွင်းနိုင်တာ၊ လက်ရဖမ်းဆီး ထိုးကြိတ၊် ရိုတ်ပုတ်မှုတွေက ပြဿနာရဲ့ အဆုံး ဖြေရှင်းရမဲ့ နည်းလမ်းကောင်းတွေ မဟုတ်ပေမဲ့ မျိုးဆက်နှစ်ဆက် နီးပါးလောက် ပေါတ်ကွဲ ခံစားခွင့်မရ ခဲ့သူတွေရဲ့ ဒေါသပေါတ်ကွဲမှုကို မှားတယ် များတယ်လို့ ပြောရမှာ ခက်ပါတယ်။ သူတို့အနေနဲ့လည်း ထိုက်တန်တယ် ဆိုပြီး အားရကျေနပ် သွားလိမ့်မယ်လို့ တဖန်ဆိုရအောင်လည်း တိုင်းပြည် ပြန်ပြီး နာလန်ထူအောင်ကိုပဲ တော်တော်ကြိုးစားကြရဦးမဲ့ အခြေအနေ။ ရှင်းစရာတွေက တပုံတခေါင်း၊ ပြဿနာတွေက တသီတတန်းကြီး ကျန်နေသေးတဲ့ အဖြစ်။ ဆိုတော့.. တကယ်ပါ။ နာတာမှ ဆွေးဆွေးမြေ့မြေ့ နာကျင်ကျန်ခဲ့ရတဲ့ ပြည်သူတွေအဖြစ်ပါ။

ဘာကြောင့်ပဲ ဖြစ်ဖြစ်၊ ဘယ်သူ့ကြောင့်ပဲ စစ၊ ဘယ်သူတွေကပဲ ၀င်ကူညီကူညီ၊ ဘယ်ဘက်ကပဲ ရှုံးရှုံးနိုင်နိုင် ကောင်းသောစစ်ဆိုတာ မရှိသလို၊ မကောင်းတဲ့ ငြိမ်းချမ်းရေးဆိုတာလည်း မကြားဖူးပါဘူး။ သေဆုံးခြင်းနဲ့ လေလွင့်ပျောက်ကွယ်ခြင်း၊ ပျက်ဆီးဆုံးရှုံးခြင်းနဲ့ ရင်မောဖွယ် ခရီးကြမ်းရှည်တို့ကိုသာ နောက်ဆက်တွဲ ချန်ရစ်ခဲ့လေ့ရှိတဲ့ စစ်ရဲ့ ဆိုးကျိုးတွေကို လစ်ဗျန်းတွေသာမက ကျနော်တို့တွေ ကောင်းကောင်း နားလည်နေခဲ့ကြပြီး ဖြစ်ပါတယ်။ ဇာတိမြေမှာ သံဝေဂရဖွယ် ဇီဝိန်ကြွေခဲ့သော အာဏာရူးမိုက်သူ တစ်ယောက်ရဲ့ ဖြစ်အင်ကို ဥပဒေကြောင်းအရ စာနဲ့ မှတ်တမ်းတင်ခွင့် မရလိုက်သော်လည်းဘဲ ခေတ်သစ်ရဲ့ သမိုင်ဝင် ကျဆုံးခန်း ဆိုတာ ဟောဒီ့ ကမ္ဘာမြေပေါ်မှာ ရှိနေသေးတဲ့ ရှိလာဦးမဲ့ အာဏာရူးများ အတွက် ကဒါဖီ မီးစာကုန်ချိန်က အထူးသင်ခန်းစာယူဖွယ် ခြောက်ခြားဖွယ် သမိုင်းသာဓက အဖြစ်နဲ့ ထာဝရ တည်ရှိနေပါလိမ့်မယ်။

ပြည်သူတွေ လိုလားတာ တိုက်တန်းလျားတွေ မဟုတ်ဘူး… လုံခြုံမှု။
ပြည်သူတွေ ငတ်မွတ်တောင့်တတာ ရေချို မဟုတ်ဘူး… စစ်မှန်တဲ့ မေတ္တာရဲ့အေးမြမှု။
ပြည်သူတွေ တကယ်လိုအပ်နေတာ ငွေကြေးသက်သက် မဟုတ်ဘူး… လွတ်လပ်မှုနဲ့ တန်းတူအခွင့်အရေး။

အားလုံးထဲမှာ အရေးကြီးဆုံးကတော့ ရိုးသားဖြူစင်တဲ့ ကျေးဇူးရှင် ပြည်သူတွေကို မလိမ်ညာ၊ မလှည့်ဖျားဖို့ ဆိုတာကို သွားလေသူ မောင်ကဒါဖီ တို့လို အာဏာရှင်ကြီးတွေ တကယ်ပဲ မသိခဲ့တာလား၊ မသိသလိုဘဲ နေခဲ့တာလား ဆိုတာကတော့…။

စာကိုး
(၁) ၀ီကီပိဒိယ စွယ်စုံကျမ်း
(၂) ကဒါဖီသေဆုံးပုံ စီအန်အန် သတင်းရုပ်သံ
(၃) ၂၀၁၁ ခု၊ အောက်တိုဘာ ၂၃ ထုတ်- အင်တာနေရှင်နယ် ဟရိုးတရီဗြူး သတင်းစာ

ဆောင်းပါးရှင် ပေါ်ဦးမှာ ကိုရီးယားတွင် ခေတ္တနေထိုင်လျက် ရှိသည့် စာပေ၀ါသနာရှင်တဦး ဖြစ်ပါသည်။

2 comments:

ညီဇေ said...

the best post of this blog!!!

မန်းပေ said...

တကယ်ကိုကောင်းတဲ့ ပို့စ်လေးပါပဲဗျာ။ စာတွေ ဆက်လက်ရေးသားဖို့လည်း တိုက်တွန်းချင်ပါတယ်။ ကဒါဖီအဖြစ်ကတော့ ဒီလောက်အသက်အရွယ်ကြီးကျမှ လူမြင်ကွင်းမှာ ဟိုနေရာကိုပါ ဓါးချွန်နဲ့ အထောက်ခံလိုက်ရသေးတာ။ သူလိုလူတစ်ယောက်အတွက် ဒီထက် လူ့အောက်သူ့အောက်ကျတဲ့အဖြစ်များ ရှိဦးမလားလို့ဗျာ။ နေရစဉ် နတ်ဘုံနတ်နန်းနဲ့၊ သေတာနဲ့ ချေးတွင်းထဲကျကော။ တသက်လုံး မတော်မတရားနည်းနဲ့ ကြီးမြတ်ဖို့၊ ကြီးကျယ်ဖို့ ကိုယ်ရောစိတ်ပါ ရင်းပြီး လုပ်ခဲ့သမျှ တထိုင်တည်းနဲ့ ကုန်းကောက်စရာမရှိအောင် ဖွတ်တက်သွားခဲ့ရရှာတဲ့ သူ့အဖြစ်ကို တရားမရနိုင်ရှာတဲ့ များစွာသော အာဏာရူးတွေ အချိန်မလွန်ခင် သိပါစေ၊ကြားပါစေ၊တရားရပါစေလို့ပဲ။ ။ ။

(ဟေ့ ကဒါဖီ ခင်ဗျားသေတော့ ဘာတွေချန်ပြီး ဘာတွေယူသွားနိုင်ခဲ့သလဲ ????????????????????)။။။။။။။။။။။။