Saturday, December 3, 2011

မြန်မာနိုင်ငံ၌ တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံမှု ၁ဝ ဆတိုး


နှစ်အတန်ကြာ ဥရောပနှင့် အမေရိကန် ပြည်ထောင်စုတို့၏ စီးပွားရေး ပိတ်ဆို့မှု ချမှတ်ထားသော မြန်မာနိုင်ငံတွင် မကြာသေးခင် ကာလအတွင်း ဖြစ်ပေါ်ခဲ့သော တိုးတက် ပြောင်းလဲမှုများကြောင့် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် အထူး စိတ်ဝင်စားပြီး ၊ ပြီးခဲ့သည့် ၄ လ အတွင်း ကိုရီးယား သမ္မတနိုင်ငံ (တောင်ကိုရီးယား) ၏ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ၁ဝ ဆကျော် တိုးမြင့် လာကြောင်း ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ကျင်းပခဲ့သည့် မြန်မာ - ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များ ဆွေးနွေးပွဲမှ သတင်း ရရှိသည် ။ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ကိုးရီးယားတို့သည် ယခုအခါ မြန်မာနိုင်ငံတွင် စတုတ္တမြောက် ရင်းနှီးမြုပ်နှံမှု အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပြီး မြန်မာနိုင်ငံရှိ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု၏ ၈ ရာခိုင်နှုန်းကျော်ကို ရင်းနှီးမြုပ်နှံ လုပ်ကိုင်လျှက် ရှိကြောင်း ထုတ်ဖော် ပြောကြားသည်။၂၀၁၁ ခုနှစ်အတွင်း ကိုရီးယားနိုင်ငံမှ ကုမ္မဏီ စုစုပေါင်း ၄၇ ခုသည် မြန်မာနိုင်ငံတွင် ဒေါ်လာ သန်းပေါင်း ၂၉၅၃ သန်း ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေပြီး အထူးစီးပွားရေးဇုန် ဥပဒေနှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေများ ထွက်ပေါ်လာပါက ယခုထက် တိုးတက်မည့် အလားအလာ များစွာ ရှိကြောင်း မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီးက ပြောကြားသည်။ ယခုအခါ ကိုရီးယား သမ္မတနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ ရောက်ရှိကာ အပြန်လှန် ဆွေးနွေးလျှက် ရှိပြီး မြန်မာနိုင်ငံ၏ သတ္တုတွင်းနှင့် စွမ်းအင် ကဏ္ဍများတွင် ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားလျှက် ရှိသည်ဟု ကိုရီးယား ကိုယ်စားလှယ်များ ထံမှ သိရှိရသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြုပ်မှုတွင် ယခုနှစ် ဇွန်လအထိ အစိုးရ တရားဝင် စာရင်းများအရ ဒေါ်လာ သန်းပေါင်း ၉၆၀၃ သန်းဖြင့် တရုတ်နိုင်ငံက အများဆုံးအဖြစ် ရပ်တည်နေပြီး ၊ ထိုင်းနိုင်ငံက ဒေါ်လာ သန်းပေါင်း ၉၅၆၈ သန်းဖြင့် ဒုတိယ ၊ ဟောင်ကောင်က ၆၃၀၈ သန်းဖြင့် တတိယ အသီးသီး ရပ်တည်လျှက် ရှိသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများကို ကြိုဆိုကြောင်းနှင့် ကိုရီးယား သမ္မတနိုင်ငံ၏ ပြောင်းလဲမှု ဖြစ်စဉ်များနှင့် အလားသဏ္ဍာန် တူသည် ဖြစ်၍ အနီးကပ် ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့် ရှိကြောင်း၊ မကြာမီ ထွက်ပေါ်လာမည့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေကိုလည်း ကိုရီးယား လုပ်ငန်းရှင်များက စောင့်ကြည်လျှက် ရှိကြကြောင်း မြန်မာ - ကိုရီးယား စီးပွားရေး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီးက ပြောကြားသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေ အများဆုံး နှစ်နိုင်ငံ ဖြစ်သည့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံနှင့် အိန္ဒိယ နှစ်နိုင်ငံတို့ အကြား ရှိနေပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် လာအိုနိုင်ငံ တို့ကိုပါ ရေတွက်ပါက ကမ္ဘာ့ ဦးရေ ၄၁ ရာခိုင်နှုန်းနှင့် နယ်နမိတ် ထိစပ်ကာ အလွယ်တကူ ကုန်သွယ်နိုင်သည့် အခြေအနေများ ရှိနေသည် ။
REF:
THE VOICE WEEKLY JOURNAL (SATURDAY, 03 DECEMBER 2011)

No comments: