Sunday, March 11, 2012

အလွဲသုံးစား ပြုသူ ကျေးရွာ အုပ်ချုပ်ရေးမှူးနေမြဲ ၊အလွဲသုံးမှု ဖော်ထုတ် တိုင်ကြားသူများ ထောင်ကျ

မန္တလေး ၊ မတ်၁၀
မန္တလေးတိုင်း ဒေသကြီး ဝမ်းတွင်းမြို့နယ် လူးခင်း ကျေးရွာအုပ်စု ပျားဆွဲ အရှေ့ရွာ အုပ်ချုပ်ရေးမှူးသည် မူလတန်းကျောင်း ရန်ပုံငွေ၊ စာကြည့်တိုက် ရန်ပုံငွေ၊ ဘုန်းကြီးပျံ ရန်ပုံငွေများကို အလွဲသုံးစား ပြုလုပ်ကြောင်း သက်ဆိုင်ရာသို့ တိုင်ကြားစာ ပေးပို့သူ ရွာသားသုံးဦးသည် တန်ပြန် တိုင်ကြားခြင်း ခံရပြီး ထောင်တစ်လ ကျခံခဲ့ရကြောင်း ထောင်ချခံခဲ့ရသူ ဦးဘကြိုင်က The Voice Weekly ကို ပြောကြားသည်။

တိုင်ကြားစာ ပို့ခဲ့သူ ဦးဘိုကြိုင်၊ ဦးလှသိန်း၊ ဦးချစ်သဲတို့ သုံးဦးသည် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းနှင့် ကျောင်းဖြစ်မြောက်ရေး ကော်မတီဝင် ဦးတင်ဝင်းတို့ကို ကိုယ်ကျိုးရှာ အလွဲသုံးစားမှု ပြုလုပ်ကြောင်း အထောက်အထားများနှင့် တင်ပြခဲ့သည်။

အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများ အလွဲသုံးစားမှု ပြုကြောင်း ဝန်ခံခဲ့ပြီး အမှုမှန် ပေါ်ပေါက်ခဲ့သော်လည်း မည်သို့သော အရေးယူမှုမျှ မရှိခဲ့ဘဲ တိုင်ကြားသူများကိုသာ အသရေဖျက်မှုဖြင့် ပြန်လည် တရားစွဲဆိုကာ ထောင်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဦးဘိုကြိုင်က ယင်းကျေးရွာတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

တိုင်ကြားသူ သုံးဦးမှာ ဇန်နဝါရီလ ၁၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ထောင်ဒဏ် တစ်လ ကျခံခဲ့ရကြောင်း ၎င်း၏ အဆိုအရ သိရသည်။

Sources:
- The Voice Daily Newsletter March 10, 2012

No comments: